Thursday, July 30, 2015

နာဂစ်​ အိမ်​မက်​ဆိုး


လူ တစ်သိန်းကျော် သေဆုံးပြီး ၂၀၀၈ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် အစုလိုက် အပြုံ လိုက် သေဆုံးခဲ့ရတဲ့ မိသားစုတွေ သေကွဲ ကွဲခဲ့ရတဲ့ ဆွေမျိုးသားချင်းတွေ ခိုကိုးရာမဲ့သွားတဲ့ ကလေးတွေ လမ်းပေါ်မှာ တွေ့မြင်သမျှလူကို အသက်ဆက်ဖို့အရေး အစာရေစာ တောင်းရမ်းနေကြပုံတွေ ယခုအချိန်လို ပရဟိတအသင်းတွေ မပေါများသေးချိန် စသည့် နှစ်ပရိစ္တေကြာမြင့်သောလည်း ပိတ်ကားပေါ် ထင်ထင်ရှားရှား မြင်ရသလို ယနေ့တိုင် သက်ဝင်လှုပ်ရှား လျက်ရှိနေပါတယ်။

သတင်းမီဒီယာ လွတ်လပ်ခွင့် ပိတ်ပင်သည့်ကာလမှာပင် အဆိုပါ နာဂစ်မုန်တိုင်း အနိဌာရုံမြင်ကွင်း ဗွီဒီယို ဖိုင်ကို ကံဆိုးစွာပင် လျှို့ဝှက်နေရာ တစ်ခုဆီမှ ကျွန်တော်ရရှိပြီး ကြည့်ရှူခဲ့ရပါတယ်။

တစ်နာရီမိုင် ၁၂၀ ကျော် တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် အုန်းပင်ပိပြီး သေဆုံးနေတဲ့ မောင်နှမတွေ လေနီကြမ်း အကာအကွယ် ရလိုရငြား အုတ်တံတိုင်း ဘေးခိုစဉ် မိသားစုလိုက် အုတ်တံတိုင်းပိ သေဆုံးနေတာတွေ လေဒဏ်ခံနိုင်အောင် အဆောက်အဦးတွင်း ပြေးဝင်ကာမှ အမိုးပြုတ်ကျ ပိသေနေသူတွေ လယ်ကွင်းတွေထဲမှာ မြင်မကောင်းလောက်အောင် ပေါလော မျှောပါနေတဲ့ အလောင်းတွေ တိရိစ္ဆာန်အသေကောင် အလောင်းတွေက ကြည့်ရက်စရာ မကောင်းလောက်အောင် ခြောက်ခြား လွန်းလှပါတယ်။

ကြာခဲ့ပါပြီ။ သို့ပေမဲ့ ယနေ့တိုင် မမေ့နိုင်သေးပါ။

ယခုတစ်ဖန် တစ်ကျော့ပြန် နာဂစ်လို အဖြစ်မျိုးတွေ ကြုံတွေ့ရဦးလေမလား?

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားရှိ နေရာဒေသ အတော်များများမှာ တုန်လှုံ့ခြောက်ခြားစရာ ဖြစ်ရပ်တွေကို တွေ့ကြုံခံစားနေရပြီ ဖြစ်ပါတယ်။

သို့သော် ယနေ့အချိန်သည် ယခင်ကနှင့်မတူ ပွင့်လင်းမြင်သာမှုရှိပြီး ပရဟိတအသင်းအဖွဲ့ မြောက်မြားစွာ ပေါ်ထွက်လာသည့် အခြေအနေတွေကြောင့် လှူဒါန်းလိုသော ကူညီလိုသော စေတနာရှင် ပြည်သူများ၏ အကူအညီများ ဒုက္ခတကယ်ခံစားနေရသည့် သူများထံသို့ ရောက်ရှိနေနိုင်သည့် အခွင့်အရေးမှာ နာဂစ်အိပ်မက်ဆိုးက တရေးနိုးလို့ လာခဲ့ချေပြီ။

ကူညီကြပါလော့၊ ရိုင်းပင်းကြပါလော့

ဒုက္ခရောက်နေကြသည့် တိုင်းရင်းသား ညီအစ်ကိုတွေထံ သင့် ပိုင်ဆိုင်မှုတစ်ချို့တစ်ဝက်ကို မျှဝေပေးကြပါကုန်လော့ အိုမိတ်ဆွေ။