Wednesday, September 10, 2014

သရဲအကြောင်းရေးသော ကျွန်တော် သရဲခြောက်ခံရ


Sept 11, 2014
ရွှေမန်းတင်မောင်သား

ကျွန်တော်နေတဲ့ မြို့ကလေးက မော်လမြိုင် သံဖြူဇရပ်ကားလမ်းပေါ်မှာ ရှိတဲ့ မုဒုံမြို့။ မော်လမြိုင်နဲ့ဆိုရင် (၁၈)မိုင်ဝေးပါတယ်။ အိမ်ကနေ အလုပ်ကို ဆိုင်ကယ်နဲ့သွားရတာ ကျွန်တော့်ရဲ့ နိစ္စဓူဝ ဆောင်ရွက်နေကျ အလုပ်တစ်ခုဖြစ်ပါတယ်။

ဩဂုတ်လ(၁၀)ရက် အလုပ်ကနေအပြန် အချိန်အားဖြင့် ည ၉ နာရီရှိပါပြီ။ ဆိုင်ကယ်ကို ဖြေးဖြေးမှန်မှန်စီးရင် ပြန်လာခဲ့တယ်။ ရာသီဥတုကလည်း သာသာယာယာ ရှိနေပါ တယ်။ မိုးနှောင်းကိုရောက်လာပြီး မကြာမီ ဆောင်းဝင်မှာမို့ ဆိုင်ကယ်လေတိုးသံနဲ့ အတူ တစ်ကိုယ်လုံး အေးစိမ့်လို့နေတယ်။

လေကလေးကလည်း တဖြူးဖြူး၊ ကောင်းကင်မှာ မိုးရိပ် မိုးသားအနည်းငယ်ဘဲ ရှိတာ ကြောင့် လရောင်လေးက မှုန်ပြပြ ကားလမ်းပေါ်ကို ထိုးကျနေတယ်။ ပဇင်းရင်ကွဲတွေ အော်မြည်သံက တဂျီဂျီနဲ့ ဆူညံနေတယ်။

ဆိုင်ကယ်ရှေ့မီးရောင်ကြောင့် လမ်းကိုသဲကွဲစွာ မြင်ရသော်လည်း ညအချိန်မမြင်နိုင်တဲ့ အန္တရာယ် ကျရောက်လာနိုင်တာကြောင့် ဆိုင်ကယ်ကို သတိထားကြီးစွာ မောင်းနှင်နေ ရတယ်။ ညအချိန် ဆိုင်ကယ်ရိုက်လုတဲ့ ဖြစ်စဉ်များလည်း မကြာခဏဆိုသလို ဟိုနား၊ ဒီနား ကြားနေရတယ်။

အလုပ်ကနေအိမ်ကို ကျွန်တော်ဖြတ်သွားမဲ့ ကျေးရွာတွေကတော့ သာယာကုန်း၊ တာပသွန်၊ ကော့ခိုက်၊ ကွေ့ဝမ်း၊ မြိုင်ကုန်း(ကမ္ဘာ့အကြီးဆုံး လျောင်းတော်မူဘုရားရှိရာ)၊ မှိန်ကနိမ်း၊ ကော့ခပုံ၊ ကွမ်တာ၊ ဘဲ့ရမ်းစတဲ့ မွန်တိုင်းရင်းသားများ နေထိုင်ရာ ကျေးရွာ(၉)ရွာကို ဖြတ်သွားရပါတယ်။ နယ်မြို့ငယ်လေးဆိုတော့ ည(၈)နာရီ (၉)နာရီ ဆိုလျင် ကားအသွားအလာက အတော်လေးကို ကျဲသွားပါတယ်။

အဲဒီရွာ(၉)ရွာအနက်က အန္တရာယ်ရှိတဲ့ ရွာ(၂)ရွာကတော့ တာပသွန်ကျေးရွာနဲ့ ကော့ခပုံကျေးရွာဘဲ ဖြစ်ပါတယ်။ အဆိုပါရွာနှစ်ရွာက တောအုပ်တွေနဲ့ ရာဘာခြံ အရိပ်အမှောင်ကျပြီး လူနေအိမ်ခြေလည်း အတော်လေးကျဲပါတယ်။

ကျွန်တော် ရောက်တတ်ရာရာတွေးပြီး မောင်းလာနေတုန်း ဖြုန်းကနဲဆို ဆိုင်ကယ် ဆိုင်ကယ်ရှေ့မီးရောင်အောက်မှာ အဖြူရောင်သဏ္ဍာန် အရိပ်လိုမျိုး အမျိုးသားတစ်ဦး လမ်းတစ်ဖက်ကို ဖြတ်ကူးသွားတာကို မြင်လိုက်ရတာမို့ လန့်ဖြတ်ပြီး ဆိုင်ကယ်ကို တံတားတစ်ခုကိုကျော်အပြီး လမ်းဘေးကို ဆွဲချလိုက်တယ်။ နောက်ဘီးက "ဖုန်း" ဆိုပြီး ထပေါက်တော့တယ်။

ဆိုင်ကယ်ဘီးပေါက်သံ ကြားရတော့မှ ကျွန်တော်သွားသတိရတယ်။ ဆိုင်ကယ်ဘီးက တာယာကုန်နေပြီ။ ဆိုင်ကယ် နောက်မြီးရမ်းသွားတာမို့ မမှောက်အောင်ထိန်းရင်း ထိုးရပ်သွားပါတယ်။ အမှောင်ထဲမှာ စမ်းတဝါးဝါးနဲ့ နောက်ဘီးကို လက်နဲ့စမ်းကြည့် လိုက်တော့ "ဟိုက်သွားပြီလို့" ကျွန်တော် အမေဋိတ်သံ ရေရွတ်မိတော့တယ်။ နောက်ဘီးက လုံးဝ ကွဲထွက်သွားတယ်။

စိုးရိမ်စိတ်နဲ့ အကူအညီရလိုရငြား ဘယ်ရွာရောက်နေလဲလို့ ကြည့်လိုက်တော့မှ ကျွန်တော့်စိုးရိမ်စိတ်ဟာ ငယ်ထိပ်ထိ တက်ဆောင့်တော့တယ်။ ရင်တွေလည်း တဒိန်းဒိန်းနဲ့ ခုန်လာတယ်။ စောစောက တံတားတစ်ခုကို ကျော်လိုက်တာကို သတိရပြီး စဉ်းစားလိုက်တော့ ကျွန်တော်ရောက်နေတဲ့ရွာသည် အန္တရာယ်ရှိတဲ့ရွာ တာပသွန် ဆိုတဲ့ရွာဖြစ်ကြောင်းကို သိရှိလိုက်ပါတယ်။

လွန်ခဲ့တဲ့နှစ်က ကျွန်တော့်ဆရာသမားတစ်ဦး အဆိုပါရွာရှေ့တွင် ဆိုင်ကယ်မောင်းလာ ခိုက် နွားကြီးတစ်ကောင်ဖြတ်ပြေးသွားတာကို ရုတ်တရက် ဘရိတ်အုပ်လိုက်ရင်း အက်စီဒင့်ဖြစ်ကာ ဆိုင်ကယ်တိမ်းမှောက်ဘူးကြောင်းကို ကျွန်တော်သွားသတိရလိုက် တယ်။

ကျွန်တော်ကျော်လိုက်တဲ့ တံတားသည် မနှစ်လောက်က ရဲတစ်ဦး အသတ်ခံရပြီး တံတားအောက်မှာ အလောင်းဖျောက်ထားတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ခဲ့ဘူးတယ်။

ဖြစ်ပုံကဒီလိုဗျ...

တာပသွန်ရွာရဲ့တစ်ဖက်မှာ စစ်တပ်က အင်ဂျင်နီယာတပ်တစ်ခုရှိတယ်။ အဲဒီတပ်မှာ နယ်တပ်တွေက လက်ဝှေ့  လာလေ့ကျင်တဲ့ သင်တန်းတစ်ခုရှိတယ်။ မတစ်ထောင်သား တွေဆိုတော့ လူကလည်းစုံ၊ စရိုက်ကလည်းကြမ်းကြတယ်။ မကောင်းတဲ့အမျိုးသမီး တစ်ဦးကိုခေါ်ပြီး ကာမပျော်မြူးကြတာပေါ့။ အမျိုးသမီးကတစ်ဦးထဲ စစ်သားတွေက အများကြီးဆိုတော့ အမျိုးသမီးလည်း ကြာတော့ မတတ်နိုင်ဘူးနဲ့တူပါတယ်။ ထွက်ပြေး တာကို နောက်ကစစ်သားသုံး လေးယောက်လောက်က လိုက်ဖမ်းကြတယ်။ ဒါနဲ့ လမ်းဘေးမှာ ရုန်းရင်းဆန်ခတ်ဖြစ်နေတုန်း ရဲတစ်ဦးက ဆိုင်ကယ်နဲု့ဖြတ်အသွား တွေ့တဲ့အခါ "မင်းတို့ကွာ..မိန်းကလေးတစ်ဦးကို..ဒီလိုဆွဲလား ရမ်းလားလုပ်တာတော့ မကောင်းပါဘူးလို့" ဝင်ပြောရာက စကားများကြရင်း နောက်ကကောင်က တုတ်နဲ့ ရိုက်လိုက်တာ ရဲ ပွဲချင်းပြီးသေသွားတယ်။

သေသွားတဲ့ ရဲအလောင်းကို ဆွဲပြီး တံတားအောက်မှာ ထိုးထည့်ထားတယ်။ နယ်ထိန်း ရဲဆိုတော့ သက်ဆိုင်ရာရဲစခန်းကလည်း သတိမထားမိဘူး။ ရဲကိုရိုက်လိုက်တဲ့ စစ်သား တွေကတော့ ဆိုင်ကယ်ကိုယူပြီး လစ်တာ၊ ကံမကောင်းစွာနဲ့ဘဲ သံလွင်တံတားမှာ ဆိုင်ကယ်အကြောင်း ခိုင်လုံစွာ သက်သေမပြနိုင်လို့ အဖမ်းခံရတယ်။ စစ်ဆေးလိုက် တော့ ရဲကိုသတ်တာပေါ်ပြီ။ အလောင်းကို သွားရှာတော့ (၃)ရက် (၄)ရက်လောက်ရှိပြီ ဆိုတော့ ပုပ်နေပြီပေါ့။

အခု ကျွန်တော် ဆိုင်ကယ်ပျက်တဲ့နေရာ သည် ထိုရဲအသတ်ခံရပြီး အလောင်းဖွက်ထား သည့် နေရာပင်တည်း။ စဉ်းစားရင်း ကျွန်တော် ကြက်သီးတွေ တဖျန်းဖျန်းထလာတယ်။ ဇောချွေးတွေလည်း ပြန်လာတယ်။ အာခေါင်တွေလည်း ခြောက်လာတယ်။ ရင်တွေလည်း ရထားစက်ခေါင်း ခုတ်မောင်းသလို တဂျုန်းဂျုန်းနဲ့ ကျယ်လောင်စွာ ထွက်ပေါ်လာတယ်။

ညကလည်း တစ်ဖြည်းဖြည်းနက်လာတယ်။ ဒီအတိုင်းဆိုလျင် ပြဿနာ တက်တော့ မယ်ဆိုတာ ကျွန်တော်စိတ်က အလိုလိုနေရင်း သိနေတယ်။ ဆိုင်ကယ်ဘီး ဂွေ လိမ်ချင်လည်း လိမ်ပါစေတော့။ စက်ကို အတင်းနိုးရာ အရေးထဲ စက်ကလည်းမနိုး။ နိုးလည်းနိုးရော ဆိုင်ကယ်ဖင် တရမ်းရမ်းဖြင့် ဖြည်းဖြည်းချင်း မောင်းထွက်လာတော့ တယ်။ မီးအလင်းရောင်ရှိတဲ့ ကွေ့ဝမ်းရွာနားရောက်တော့ လမ်းဘေးမှာ ဆိုင်ကယ် ထိုးရပ်ပြီး ကျွန်တော့်ရဲ့ သက်တော်စောင့်၊ သွားလေရာရာ ယူသွားတတ်သည့် ဖုန်းဖြင့် အိမ်က ချစ်ဇနီးကို ကားတစ်စီးအမြန်လွှတ်ပေးဖို့ အကြောင်းကြားရပါတော့တယ်။

ဆက်သွယ်နိုင်တဲ့ ဖုန်းသာမရှိခဲ့လျင် ကျွန်တော့်အဖို့ ထိုနေ့ညက အဖြစ်အပျက်ကို မည်သို့ ဖြတ်ကျော်ရမည်ကို စဉ်းစားနိုင်ခြင်းမရှိတော့ပေ။ ကျွန်တော့်ညီအစ်ကို မောင်နှမများအနေဖြင့် ဘယ်သွားသွား၊ ဘာလုပ်လုပ် အဆက်အသွယ်မပြတ်စေရန် ဖုန်းလေးတော့ ဆောင်သွားပါလို့။ ကျေးဇူးဘဲ MPT ရယ်လို့ ပြောရမလို့တောင် ဖြစ်နေပါပြီခင်ဗျာ။

No comments:

Post a Comment