Thursday, July 30, 2015

နာဂစ်​ အိမ်​မက်​ဆိုး


လူ တစ်သိန်းကျော် သေဆုံးပြီး ၂၀၀၈ခုနှစ်က တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်းကြောင့် အစုလိုက် အပြုံ လိုက် သေဆုံးခဲ့ရတဲ့ မိသားစုတွေ သေကွဲ ကွဲခဲ့ရတဲ့ ဆွေမျိုးသားချင်းတွေ ခိုကိုးရာမဲ့သွားတဲ့ ကလေးတွေ လမ်းပေါ်မှာ တွေ့မြင်သမျှလူကို အသက်ဆက်ဖို့အရေး အစာရေစာ တောင်းရမ်းနေကြပုံတွေ ယခုအချိန်လို ပရဟိတအသင်းတွေ မပေါများသေးချိန် စသည့် နှစ်ပရိစ္တေကြာမြင့်သောလည်း ပိတ်ကားပေါ် ထင်ထင်ရှားရှား မြင်ရသလို ယနေ့တိုင် သက်ဝင်လှုပ်ရှား လျက်ရှိနေပါတယ်။

သတင်းမီဒီယာ လွတ်လပ်ခွင့် ပိတ်ပင်သည့်ကာလမှာပင် အဆိုပါ နာဂစ်မုန်တိုင်း အနိဌာရုံမြင်ကွင်း ဗွီဒီယို ဖိုင်ကို ကံဆိုးစွာပင် လျှို့ဝှက်နေရာ တစ်ခုဆီမှ ကျွန်တော်ရရှိပြီး ကြည့်ရှူခဲ့ရပါတယ်။

တစ်နာရီမိုင် ၁၂၀ ကျော် တိုက်ခတ်ခဲ့တဲ့ လေပြင်းကြောင့် အုန်းပင်ပိပြီး သေဆုံးနေတဲ့ မောင်နှမတွေ လေနီကြမ်း အကာအကွယ် ရလိုရငြား အုတ်တံတိုင်း ဘေးခိုစဉ် မိသားစုလိုက် အုတ်တံတိုင်းပိ သေဆုံးနေတာတွေ လေဒဏ်ခံနိုင်အောင် အဆောက်အဦးတွင်း ပြေးဝင်ကာမှ အမိုးပြုတ်ကျ ပိသေနေသူတွေ လယ်ကွင်းတွေထဲမှာ မြင်မကောင်းလောက်အောင် ပေါလော မျှောပါနေတဲ့ အလောင်းတွေ တိရိစ္ဆာန်အသေကောင် အလောင်းတွေက ကြည့်ရက်စရာ မကောင်းလောက်အောင် ခြောက်ခြား လွန်းလှပါတယ်။

ကြာခဲ့ပါပြီ။ သို့ပေမဲ့ ယနေ့တိုင် မမေ့နိုင်သေးပါ။

ယခုတစ်ဖန် တစ်ကျော့ပြန် နာဂစ်လို အဖြစ်မျိုးတွေ ကြုံတွေ့ရဦးလေမလား?

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့အပြားရှိ နေရာဒေသ အတော်များများမှာ တုန်လှုံ့ခြောက်ခြားစရာ ဖြစ်ရပ်တွေကို တွေ့ကြုံခံစားနေရပြီ ဖြစ်ပါတယ်။

သို့သော် ယနေ့အချိန်သည် ယခင်ကနှင့်မတူ ပွင့်လင်းမြင်သာမှုရှိပြီး ပရဟိတအသင်းအဖွဲ့ မြောက်မြားစွာ ပေါ်ထွက်လာသည့် အခြေအနေတွေကြောင့် လှူဒါန်းလိုသော ကူညီလိုသော စေတနာရှင် ပြည်သူများ၏ အကူအညီများ ဒုက္ခတကယ်ခံစားနေရသည့် သူများထံသို့ ရောက်ရှိနေနိုင်သည့် အခွင့်အရေးမှာ နာဂစ်အိပ်မက်ဆိုးက တရေးနိုးလို့ လာခဲ့ချေပြီ။

ကူညီကြပါလော့၊ ရိုင်းပင်းကြပါလော့

ဒုက္ခရောက်နေကြသည့် တိုင်းရင်းသား ညီအစ်ကိုတွေထံ သင့် ပိုင်ဆိုင်မှုတစ်ချို့တစ်ဝက်ကို မျှဝေပေးကြပါကုန်လော့ အိုမိတ်ဆွေ။

Wednesday, March 25, 2015

ကွဲကွဲပြားပြား သိကြရဲ့လားဗျာ


မြန်မာနိုင်ငံက နိုင်ငံရေးသမား တော်တော် များများကွဲကွဲ ပြားပြားနားမလည်သေးသော အချက်မှာ နိုင်ငံတကာ စံနှုန်းများ ၊ လူ့အခွင့်အရေး စံချိန်များက သတ်သတ် ၊ မိမိ နိုင်ငံ၏ အမျိုးသားရေး အကျိုးစီးပွားက သတ်သတ် ဖြစ်သည်ဆိုသော အချက်ဖြစ်ပါတယ်။
                လူ့အခွင့်အရေး ( Human Rights ) နှင့် အမျိုးသားအကျိုးစီးပွား ( National Interst ) ကို လေနှင့်ဝမ်း မကွဲခြင်းဖြစ်နေပါတယ်။မသိလို့တော့မဟုတ်တန်ပါဘူး။ လူ့အခွင့်အရေး သည် လူသားအားလုံးအတွက် ကောင်းသည် ဆိုသော်လည်း ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အခြေအနေ ကိုလိုက်၍ အတိုးအလျှော့နဲ့ ဆုံးဖြတ်ရပါတယ်။သိသိနဲ့ လုပ်နေသူတွေကို ပြောလိုက်ချင်တာက

ကိုယ့်နိုင်ငံ အကျိုးရှိဖို့က ပထမ
လူ့အခွင့် အရေးက ဒုတိယ ဆိုတာ ပြောလိုက်ချင်ပါတယ်။

နိုင်ငံတကာမှာ ဤကဲ့သို့ ပြမူနေကြသည်ဆိုတာ သိကြမှာပါ။ သိထားတာကတော့ စင်္ကာပူ နိုင်ငံဟာ သူ့နိုင်ငံသားများ အကျိုးစီးပွားအတွက် လိုအပ်လာလျှင် ကြိမ်ဒဏ်ပေးလေ့ရှိတယ်ဆိုတာ သက်သေပြပါပေးပါမယ်။ အများပြည်သူပိုင် ပစ္စည်းများကို မှုတ်ဆေးဘူး များဖြင့် ပက်ဖျန်းခဲ့သော အမေရိကန် နိုင်ငံသား မိုက်ကယ်ဖိန်း ကို ကြိမ်ဒဏ် သုံးချက်ပေးခဲ့ဖူးတာပါ။ အမေရိကန် သမ္မတကြီးနှင့် တစ်ကမ္ဘာလုံးက ဝိုင်းဝန်းတောင်းပန်နေသည့်ကြားက သူ့နိုင်ငံက ထုတ်ထားတဲ့ ဥပဒေ ကို တည်မြဲ အောင် ကျင့်သုံးခဲ့တာဟာ အတုယူဖွယ်ကိစ္စပါ ။ တကယ့် တတ်သိနားလည်တဲ့ နိုင်ငံ့ ခေါင်းဆောင်တွေဖြစ်တဲ့အတွက် လူ့အခွင့် အရေးဆိုတာ သိနှင့်နေပြီးသားကို ဂရုမစိုက်ပဲ နိုင်ငံ့ အကျိုးယုတ် ဥပဒေ ပျက်သုဉ်း မှာကို အလေးထားဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
                အမေရိကန်နိုင်ငံ ကိုယ်တိုင်ပင် သာဓက တစ်ခုရှိပါသေးတယ်ဗျာ။အကြမ်းဖက် တိုက်ဖျက်ရေးအတွက် နိုင်ငံသားများ၏ ကိုယ်ရေး အချက်အလက်များကို FACE BOOK , GOOGLE စာမျက်နှာပေါ် များမှ သက်ဆိုင်ရာ ကာယကံ ရှင်များကို အသိမပေးပဲ စုံစမ်းရယူခဲ့ကြောင်း ဆူညံစွာထွက်ပေါ်ခဲ့ဖူးပါတယ်။ ထိုသို့သော အကြောင်းများကို ဖော်ထုတ်ခဲ့သူ အက်ဒဝပ်စနိုးဒင်း ကို ဗြိတိန် နှင့် အမေရိကန် နိုင်ငံတို့က ဖမ်းဆီးမည်လုပ်လို့ ဟောင်ကောင်မှာ သွားရောက်ပုန်းခိုခဲ့ရပါတယ်။
                 လူတိုင်းသည် လွတ်လပ်စွာ ပြောဆိုခွင့်ရှိသည် ဆိုသော အမေရိကန် နိုင်ငံက CIA လျှို့ဝှက် မှတ်တမ်းများကို ပြည်သူများထံသို ဖွင့်ချ ခဲ့သူ ဝီကီလိခ် ဝက်ဘ်ဆိုဒ် တည်ထောင်သူ ဂျူ လီယန်အဆန် ကို ဖမ်းဆီးဖို့ ဗြိတိန်နှင့် ပေါင်းပြီး လုပ်ဆောင်ခဲ့သဖြင့် အဆန် မှာ လန်ဒန်ရှိ ဗင်နီဇွဲလား သံရုံးတွင် ခိုလှုံ ခဲ့ရခြင်း တွေဟာ အမေရိကန် နိုင်ငံ တောင်မှ နိုင်ငံ အကျိုးစီးပွား ဖြစ်လာသောအခါ ( Freedom of Speech ) ဆိုသော လူ့အခွင့်အရေး ကို တရားသေဆုတ်ကိုင်ထားခြင်း မရှိဘူးဆိုတာ သိကြမှာပါ။ မသိ ချင်ယောင် မဆောင်ကြပါနဲ့။ နိုင်ငံတော် ဆူပူအောင် မလုပ်ကြပါနဲ့။ မီးလောင်ရာ လေမပင့်ကြပါနဲ့ ။ မိမိ ဘာလုပ်နေတယ် ဆိုတာ မိမိ သာ အသိဆုံးမို့ မပြောမဖြစ်မို့ လည်းသတိပေးလိုက်တာပါ။ အော်တော့ အော်ပါ ။ နိုင်ငံတော် ကို ကြည့်ပြီးအော်ပါ ။ နိုင်ငံ့ အကျိုးစီးပွား ၊ အမျိုး ၊ ဘာသာ ၊ သာသနာ ကို ထိခိုက်မှာနဲ့ ယှဉ်ရင် လူ့အခွင့် အရေးဆိုတာ နောက်က ထားကြပါလို့ သိစေချင်သော ဆန္ဒဖြင့် ဖော်ပြလိုက်ပါသည်။

သူရိန်

Monday, February 16, 2015

သမ္မတကြီးနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ခင်ဗျား

နိုင်ငံတော် သမ္မတကြီးနှင့် တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ခင်ဗျား

လောက်ကိုင်မှာဖြစ်ပွားနေတဲ့ ဖုန်းကြားရှင်နဲ့ တရုတ် ခွေးဝဲစားတွေကို ချေမှုန်းသုတ်သင်ရာမှာ ပြည်သူတစ်ယောက်အနေနဲ့ အပြည့်အဝ ထောက်ခံအားပေးပါတယ်။ တရုတ်မီဒီယာများနဲ့ ပြည်တွင်း ငြိမ်းချမ်းမှုကို မလိုလားသော လက်နက်ကိုင်များ၊ ပြည်တွင်း တပ်မတော်ကို မူန်းတီးသော သတင်းဌာနများအနေဖြင့် တိုက်ပွဲတွင် အရပ်သားများကို သတ်ဖြတ်နေသယောင် စစ်ဘေးရှောင် ဒုက္ခသည်များ လစ်လျူရှုထားသယောင် ဝါဒဖြန့် ထုတ်လွှင့်မှုများ ရှိနေကြောင်း ကြားသိနေရပါတယ်။

သို့ပါ၍ တိုက်ပွဲသတင်းများနဲ့ပတ်သက်ပြီး စစ်ဆင်ရေး အထူးလျှို့ဝှက်ချက်မှအပ ပြည်သူတွေ သိသင့်သည့် အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးရန်နှင့် စစ်ဘေးရှောင် ဒုက္ခသည်များ စားသောက်နေထိုင်မှု အဆင်ပြေစေရေး ကူညီစောင့်ရှောက်နေမှုများ နိုင်ငံတော်အဆင့် မပြတ်ထုတ်လွှင့်ပေးနိုင်ပါရန် မေတ္တရပ်ခံအပ်ပါတယ်ခင်ဗျား။

ကျေးဇူးတင်ပါတယ်။

Sunday, February 8, 2015

လုပ်ရဲရင် လုပ်ကြပေါ့


ဘီလူးကျွန်းသား
2015, Feb 9

တိုင်းပြည်ရဲ့ ဒီမိုကရေစီလမ်းအစ ပထမ(၄)နှစ်သက်တမ်းကာလမှာပဲ အာဏာရအစိုးရ က ပြည်တွင်းနိုင်ငံရေးအခြေအနေ၊ တိမ်းစောင်းလုနီးပါး စီးပွားရေး၊ ပဲ့ထွက်ခါနီးနေတဲ့ ကချင်ပြည်နယ်အရေးတွေကို မနည်းထိန်းသိမ်းနေရတဲ့ အချိန်ပေါ့။

တကယ်တော့ ဒီမိုကရေစီအနှစ်သာရမှာ အာဏာကို ပြည်သူပိုင်တာပါ။ ဒါကို အသိခေါက်ခက် အဝင်နက်တဲ့ လွှတ်တော်အမတ်ဆိုသူတွေက တိုင်းပြည်ကောင်းစား ရေး နောက်ထားလို့ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်၊ လစာတိုးတာတောင် သူအရင်ယူလို့ အားမရ၊ အရှက်မရှိ လူတွင်ကျယ်လုပ်ချင်ကြသေးတယ်။ ဘာတဲ့.... ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဲ့။ MP ဆိုတဲ့ဝေါဟာရတောင် သေချာသိရဲ့လားလို့ မေးလိုက်ချင် တယ်။ သူ့နယ်ဖွံ့ဖြိုးရေးကိုတောင် မလုပ်နိုင်ဘဲ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လုပ်ချင်သေးတယ်။ ကြားရတာ နားဝမှာ ခါးလှတယ်ဗျာ။

ဒီလိုအခြေအနေမှာ တစ်ချီတစ်မောင်းထကြဲမယ့် NLD က နိုင်ငံရေးသမားစောက်ရူး တွေနဲ့ ပြည်ခိုင်ဖြိုးက အာဏာရူးတွေ ထိပ်တိုက်ရင်ဆိုင်ဖို့ ပြင်နေကြလေရဲ့။ Election နီးလာချိန်မှာ တစ်နပ်စား အကြံတွေနဲ့ အဲဒီနှစ်ဖက်ပါတီက ငတိတွေ ဖြူစိမ်းတွေကို သွေးထိုးမြှောက်ပေး၊ အချိန်ကိုက် တိုက်ကွက်ဖော်၊ နိုင်ငံရေး သွေးဆူလာရအောင်ပေါ့။

တစ်ကယ်တော့ ဖြူစိမ်းတွေဟာ ခေတ်အဆက်ဆက်က နိုင်ငံရေးသမားတွေရဲ့ ကြိုးဆွဲ ရာကခဲ့ကြတဲ့ ရုပ်သေးရုပ်လေးတွေပါ။ ခုလည်း လုပ်ကြပြန်ပြီ။ အင်မတန်အေးချမ်းတဲ့ ရွှေမြိုင်မှာ လက်သီးလက်မောင်းတန်း၊ မစားရ ဝခမန်းတွေ ကြွေးကြော်လို့ Riot တွေ ဖြစ်အောင် အစပျိုး၊ အဆိုးတွေကို ဖန်တီးနေကြပြန်ပြီ။ အဆုံးသတ်တော့ မသိပေမယ့် သေချာတဲ့ရလဒ်တစ်ခုက ဘာလဲဆိုတော့။ ကောင်းစားမှာ ကျောင်းသားတွေမဟုတ်ဘူး၊ အနားမှာရံနေတဲ့ ကျောင်းသားအမည်ခံတွေသာ စားခွက်တွေ တစ်ခါပြီးတစ်ခါ ရသွား ကြလိမ့်မယ်။

အသေချာ စဉ်းစားကြစေချင်တယ်။ ကျွဲနှစ်ကောင် ခတ်ကြရင်တော့ မြေစာပင် ပြည်သူ တွေပဲ နာလိမ့်မယ်။ ပထမအကြိမ် (၂၆)နှစ်၊ ဒုတိယအကျော့ (၂၀)ကျော်၊ ဒါနဲ့တောင် အမှတ်မရှိ။ နောက်တစ်ခါ ထပ်စပြန်ပြီ။

ဟင်းနော်....နင်တို့တွေ အယူတိမ်းကြရင်ဖြင့်
အပူတွေငြိမ်းသွားအောင်လို့ တစ်ခါတည်း ပွဲသိမ်းပေးမယ့်
ယူစိမ်းတွေ စောင့်နေကြလေရဲ့၊
လုပ်ရဲရင် လုပ်ကြပေါ့ကွာ....။

Tuesday, December 9, 2014

ထိုင်းရဲတို့၏ မသမာမှုများ (အပိုင်း ၄)


ဘီလူးကျွန်းသား
လော့စ်အိန်ဂျလိစ်တိုင်း 29, Jan, 1995

၁၉၉၂ခုနှစ်၊ ထိုင်းဝန်ကြီးချုပ် ချွန်လိပိုင်က ကလေးပြည့်တန်ဆာနှင့် အတင်းအကျပ် ပြည့်တန်ဆာ စေခိုင်းမှုအပေါ် နှိမ်နင်းဖြိုခွဲရန် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်ထုတ်ပြန်ခဲ့ပြီး တစ်ခုသောနေ့ရက်တွင် ထိုင်းတောင်ပိုင်းရှိ ဆောင်ခလောင်ပြည်နယ်၊ ပြည်နယ်ခန်းမ၌ လည်ပင်းလှီး သတ်ဖြတ်ခြင်းခံထားရသည့် မိန်းကလေးငယ်တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရလေသည်။ ယင်းမိန်းကလေးငယ်သည် ပြည့်တန်ဆာအိမ်တစ်လုံးမှ ထွက်ပြေးရန်ကြိုးပမ်းခဲ့သည့် မိန်းကလေးငယ်တစ်ဦးဖြစ်ကြောင်း သိရှိရပြီး ယင်းလူသတ်မှုတွင် ပါဝင်ခဲ့သည့် လူ(၆)ဦးအနက် ထိုင်းရဲ (၂)ဦးပါဝင်ခဲ့လေသည်။

စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ ယင်းမိန်းကလေးငယ်အနေဖြင့် ထွက်ပြေးလွတ်မြောက် ရန် ကြိုးပမ်းစဉ်ကာလအတွင်း အခြားထိုင်းရဲ(၂)ဦးတို့က မိန်းကလေးငယ်အား ဖျောင်းဖျ အယုံသွင်း၍ ပြည့်တန်ဆာအိမ်ပိုင်ရှင်ထံမှ ချေးယူထား သည့်ငွေများ ကြေလည် သည်အထိ ပြန်၍အလုပ်လုပ်ကိုင်ရန် ယင်းပြည့်တန်ဆာအိမ်သို့ ပြန်ပို့ပေးခဲ့သည်ဟု သိရသည်။

၁၉၉၄ခုနှစ်ကလည်း ယင်းကဲ့သို့ ထွက်ပြေးခဲ့သည့် မိန်းကလေးငယ်တစ်ဦးသည် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း သူမဘာသာ အဆိပ်သောက် သတ်သေ သွားစေရန် တစ်စုံတစ်ဦးက စီစဉ်ဖန်တီးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့လေသည်။

နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ၁၉၉၃-၉၄ ခုနှစ် အစီရင်ခံစာအရ ထိုင်းပြည့်တန်ဆာအိမ်များအတွက် မြန်မာမိန်းကလေးများအား ဝယ်ယူရေး၊ တရားမဝင် လူကုန်ကူးမှုများတွင် ထိုင်းရဲများ ပါဝင်ပတ်သက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရာ လမ်းကြောင်းများကို ထိုင်းနယ်ခြားစောင့်ရဲနှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့က ထိန်းချုပ်ထား ကြောင်း၊ ထို့ကြောင့် နယ်ခြားဖြတ်ကျော်၍ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ရန် မြန်မာများ အတွက် အလွန့်အလွန် ခဲယဉ်းကြောင်း၊ သို့ဖြစ်၍ ထိုင်းရဲများမသိဘဲ သို့မဟုတ် ပါဝင် ပတ်သက်ခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင်းသို့ ဝင်/ထွက်ရန် ခဲယဉ်းကြောင်း၊ ထိုင်း ပြည့်တန်ဆာအိမ်များကလည်း ထိုင်းရဲများကို ငွေကြေးထောက်ပံ့ပေးထားကြောင်း၊ ထိုင်းနိုင်ငံတွင်းရှိ ဂျပန်လူမိုက်များနှင့်ပေါင်း၍ မိန်းကလေးများအား ဂျပန်နိုင်ငံသို့ ပို့ဆောင်ကာ လိင်ကုန်ကူးမှုကိစ္စများတွင် လုပ်ကိုင်စေခဲ့ကြောင်း စသည်ဖြင့် ပါဝင်လေ သည်။

ဤသည်မှာ ထိုင်းရဲများ၏ မသမာမှုများ၊ ယုတ်မာရက်စက်မှုများပင် ဖြစ်လေသည်။

Monday, December 8, 2014

ခုပ်တောင်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံရသူ မြန်မာနှစ်ဦး အပြစ်မရှိကြောင်း ထွက်ဆို


ဘီလူးကျွန်းသား
Bangkok Post, 9 Dec 2014

ခုပ်တောင်ကျွန်းပေါ်၌ ဗြိတိန်တိုးရစ်နှစ်ဦး အသတ်ခံခဲ့ရမှုတွင် တရားခံများအဖြစ် စွပ်စွဲ ခံထားရသူ မြန်မာနှစ်ဦးတို့သည် ၎င်းတို့အပေါ် တင်ထားသည့် စွဲချက်အားလုံးအပေါ် အပြစ်မရှိကြောင်း တရားရုံး၌ လျှောက်ထားခဲ့သည်ဟု မြန်မာနှစ်ဦးတို့၏ ရှေ့နေက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အသက်(၂၁)နှစ်အရွယ်ရှိ ဇော်လင်းနှင့် ဝေဖြိုးတို့နှစ်ဦးအား လူသတ်ရန် ကြိုတင် ကြံစည်မှု၊ မုဒိမ်းမှုနှင့် ခိုးမှုများအပါအဝင် စွဲချက်(၅)ခုတို့ဖြင့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ခုပ်စမွီတရားရုံး၌ ရုံးထုတ်ခဲ့သည်။

မြန်မာနှစ်ဦးတို့၏ရှေ့နေ ထာနုအကီကာချို့က "စွဲချက်အားလုံးအတွက် အပြစ်မရှိ ကြောင်းကို ၎င်းတို့နှစ်ဦးစလုံးက တရားရုံးတွင် ထွက်ဆိုလျှောက်လဲခဲ့ကြကြောင်း၊ တရားရုံးအနေဖြင့်လည်း ခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာဆက်ဆံရေးများအား ထိခိုက် စေနိုင်သောကြောင့် ဤအမှုအား ပြီးပြတ်ရန် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်ဟု မိမိနားလည်သဘောပေါက်ထားကြောင်းဖြင့် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

သေဆုံးခဲ့သူ ဗြိတိန်နိုင်ငံသားနှစ်ဦး၏ ကိုယ်ပေါ်၌ ဇော်လင်းနှင့် ဝေဖြိုးတို့၏ DNA အား စစ်ဆေးတွေ့ရှိရသဖြင့် ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဇော်လင်း နှင့် ဝေဖြိုးတို့ကို ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။ ထိုင်းအစိုးရရှေ့နေများကလည်း ဇော်လင်းနှင့် ဝေဖြိုးတို့အပေါ် လူသတ်ရန်ကြိုတင်ကြံစည်မှု၊ လူသတ်မှုအား ဖုံးကွယ် ထားမှု၊ မုဒိမ်းမှု၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနှင့် ထိုင်းနိုင်ငံအတွင်း ခွင့်ပြု ချက်မရှိဘဲ နေထိုင်မှုတို့ဖြင့် တရားစွဲဆိုထားခဲ့သည်။ ထို့ပြင် မေလာ၏ မိုဘိုင်းဖုန်းနှင့် မျက်မှန်တို့အား ခိုးယူထးမှုဖြင့်လည်း ဝေဖြိုးအပေါ် ထပ်မံစွဲချက်တင်ထားခဲ့လေသည်။

နှစ်ဖက်စလုံးတို့မှ မျက်မြင်သက်သေများနှင့် သက်သေအထောက်အထားတို့အား လာမည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထပ်မံကြားနာစစ်ဆေးမည်ဟု ခုပ်ဆမွီ ပြည်နယ်တရားရုံး ဒုတိယတရားသူကြီး စူနဝပ် စူရိယဖန်က ရက်ချိန်းပေးထား ကြောင်း သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တရားရေးအရာရှိ ဦးအောင်မျိုးသန့်ကမူ "ဇော်လင်းနှင့် ဝေဖြိုးတို့တွင် အပြစ်မရှိဟု ယခုတိုင် မိမိယုံကြည်ထားကြောင်း၊ သို့သော်လည်း ယင်းအမှုသည် တရားရုံးတစ်ခုတည်း၏ ဆုံးဖြတ်ချက်အခွင့်အာဏာအပေါ်တွင် မူတည် နေကြောင်း၊ မိမိတို့အနေဖြင့် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် တရားစီရင်မှုစနစ်အပေါ် လေးစား ပါကြောင်း" ဖြင့် Bangkok Post သတင်းစာသို့ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးကြီး ဦးထွန်းအေး ကလည်း "ဇော်လင်းနှင့် ဝေဖြိုး တို့ အာမခံရရေးအတွက် ဒုတိယအကြိမ် ကြိုးပမ်းလျက်ရှိကြောင်း၊ ယင်းအာမခံရရေး ကြိုးပမ်းမှုတွင် ၎င်းတို့နှစ်ဦးစလုံးအနေဖြင့် ထွက်မပြေးပါဟူသော အာမခံချက်လည်း အပါအဝင်ဖြစ်ကြောင်း"ဖြင့် Bangkok Post သတင်းစာသို့ ပြောကြားထားခဲ့သည်။

ဇော်လင်းနှင့် ဝေဖြိုးတို့က ထိုင်းရဲများ၏ ရိုက်နှက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည် ဟု ထွက်ဆိုပြောကြားခဲ့ကြသော်လည်း ထိုင်းရဲများဘက်မှ ယင်းထွက်ဆိုချက်အား ငြင်းဆိုထားကြောင်း သိရသည်။

Tuesday, December 2, 2014

ထိုင်းရဲများ၏ မသမာမှုများ အပိုင်း(၃)


ဘီလူးကျွန်းသား
2014 Dec, 3

ကျွန်တော်ငယ်ငယ်က ကြားဖူးနားဝစကားလုံးအချို့ ရှိခဲ့ပါသည်။ "ဥပဒေအထက်တွင် မည်သူတစ်ဦးတစ်ယောက်မျှမရှိ"၊ "ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက်"၊ "ဥပဒေကို လက်တစ်လုံးခြား လုပ်သူများ"၊ "မလိမ့်တစ်ပတ်" စသည့် စကားလုံးများ ဖြစ်ပြီး အဓိပါယ်ကိုမူ ယခုချိန်ထိ ဂဃနဏ နားလည်ပြီဟု မပြောရဲသေးပေ။ သို့သော် ထိုင်းရဲများကမူ ယင်းစကားလုံးမျိုးတို့အား သိရှိနားလည်သဘောပေါက်ရုံမျှမက ကောင်းစွာ အသုံးချ၍ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားကို ဖော်ဆောင်နေကြလေပြီ။ မိမိကိုယ် ကို ခေတ်နောက်ကျနေပြီဟု ကိုယ့်ဘာသာ ယိုးစွပ်၍ အားငယ်ရမည့်သဘော ဖြစ်နေပေပြီ။ ဗြိတိန်နိုင်ငံသားနှစ်ဦး အသတ်ခံခဲ့ရမှုတွင်လည်း တရားခံအစစ်တို့ထံမှ မည်မျှထိ လာဘ်စားခဲ့ပြီး သက်သေအထောက်အထားတို့အား မည်မျှထိ ဖျောက်ဖျက် ပစ်ခဲ့ပြီလည်းဆိုသည်ကို မည်သူမျှ အတိအကျ သိရှိနိုင်ကြမည် မဟုတ်ပေ။

ထို့ကြောင့် ထိုင်းရဲတို့သည် အဆင့်အတန်းမရွေး လာဘ်စားကြလေသည်ဟု အဆိုတစ်ခု အား မိမိတင်ပြလိုပေသည်။ မိမိ၏အဆိုအား လက်ခံခြင်း/ လက်မခံခြင်းတို့နှင့်ပတ်သက် ၍ အငြင်းအခုံမပြုလုပ်လိုသော်လည်း အောက်ပါသတင်းလေးတစ်ပုဒ်ကိုမူ မိမိ၏အဆို အတွက် အထောက်အထးတစ်ခုအဖြစ် တင်ပြလိုက်ရပါသည်။

ထိုင်းရဲတပ်ဖွဲ့၊ ဗဟိုစုံစမ်းရေးဗျူရို(CIB)အကြီးအကဲဟောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး ပွန်ပက်ချာယာဖန်နှင့် အဆင့်မြင့်ရဲအရာရှိကြီးများအပါအဝင် လူ(၁၁)ဦးတို့အား လောင်း ကစားဝိုင်းများ ခိုးဖွင့်မှု၊ လောင်စာဆီမှောင်ခိုဂိုဏ်းများထံမှ လာဘ်စားမှုနှင့် ထိုင်းဘုရင် အား အသရေဖျက်မှုတို့ဖြင့် ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့က ၂၀၁၄ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်နေ့တွင် တရားစွဲခဲ့ပြီးဖြစ်သည်။

CIB အကြီးအကဲဟောင်း ရဲဒုတိယဗိုလ်ချုပ်ကြီး ပွန်ပက်ချာယာဖန်၊ CIB ဒုတိယအကြီး အကဲဟောင်း ရဲဗိုလ်ချုပ် ကိုစစ်ဝေါင်ဂရွန်ရို တို့အပါအဝင် လူ(၉)ဦးအား ဘန်ကောက် မြို့ ရတ်ချာဒါဖီစစ်လမ်းမကြီးပေါ်ရှိ ရာဇဝတ်တရားရုံးတွင် နိုဝင်ဘာလ ၂၄ ရက် ညနေပိုင်း၌ ချုပ်နှောင်ထားခဲ့လေသည်။

CIB အကြီးအကဲဟောင်း နှစ်ဦးတို့နှင့် အပေါင်းအပါတို့သည် အဂတိလိုက်စားမှုများ၊ ဥပဒေချိုးဖောက်မှုများရှိနေသည်ဟူသော သတင်းများ တိတ်တဆိတ် ထွက်ပေါ်လျက် ရှိသဖြင့် ဘန်ကောက်မြို့တော်ရဲတပ်ဖွဲ့သည် နိုဝင်ဘာလ ၂၃ ရက်တွင် CIB အကြီးအကဲဟောင်းနှစ်ဦးတို့ ပိုင်ဆိုင်သည့် နေအိမ်(၆)လုံးကို ရုတ်တရက်စီးနင်း ဝင်ရောက်ရှာဖွေခဲ့ရာ ဘတ်ငွေ ဘီလီယံပေါင်းများစွာ ပိုင်ဆိုင်ထားကြောင်း တွေ့ရှိခဲ့ရပြီး စုံစမ်းစစ်ဆေး တွေ့ရှိချက်များအရ အထက်ပါစွဲချက်များကို တင်ခဲ့ခြင်းဖြစ်သည်။

CIBအကြီးအကဲဟောင်းနှစ်ဦးတို့နှင့်အတူ မရိန်းရဲတပ်ဖွဲ့အကြီးအကဲဟောင်း ရဲဗိုလ်ချုပ် ဘွန်ဆွတ် ဖရိုင်သူရိယန်၊ စားသုံးသူများအကာအကွယ်ပေးရေး ရဲတပ်ဖွဲ့ အမှတ်(၄) ဌာနခွဲအကြီးအကဲဟောင်း ရဲဗိုလ်မှူးကြီး ဝူသီချတ် လီယန်စုခွန်၊ ရဲဒုတိယ ဗိုလ်ချုပ်ကြီး ပွန်ပက်၏ယာဉ်မောင်း ရဲအရာခံဗိုလ် စူရာဆတ်ချန်ဂေါင်၊ ရဲဗိုလ်ချုပ် ကိုဝစ် ၏ ယာဉ်မောင်း ရဲအရာခံဗိုလ် ချတ္တရင်လောင်ထောင်န်နှင့် စမုစခွန်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးရဲတပ်ဖွဲ့ရုံး အကြီးအကဲ ရဲဗိုလ်မှူးကြီး ကိုဝစ် မူအန်နူယယ်တို့ ပါဝင်ခဲ့ပါသည်။ ကျန်သူများမှာ အရပ်သားအရပ်သူများဖြစ်သည့်အတွက် ဆက်လက် ဖော်ပြလိုခြင်းမရှိသည်ကို ခွင့်လွတ်နားလည်ပေးစေလိုပါသည်။ ဤမျှဆိုလျှင် ထိုင်း ရဲတပ်ဖွဲ့ဝင် အဆင့်အတန်းအားလုံး လာဘ်စားရန် ဝန်မလေးကြသူများဖြစ်သည်မှာ ထင်ရှားပြီဟု ယူဆပါသည်။