Tuesday, December 9, 2014

ထိုင်းရဲတို့၏ မသမာမှုများ (အပိုင်း ၄)


ဘီလူးကျွန်းသား
လော့စ်အိန်ဂျလိစ်တိုင်း 29, Jan, 1995

၁၉၉၂ခုနှစ်၊ ထိုင်းဝန်ကြီးချုပ် ချွန်လိပိုင်က ကလေးပြည့်တန်ဆာနှင့် အတင်းအကျပ် ပြည့်တန်ဆာ စေခိုင်းမှုအပေါ် နှိမ်နင်းဖြိုခွဲရန် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။ ယင်းကြေညာချက်ထုတ်ပြန်ခဲ့ပြီး တစ်ခုသောနေ့ရက်တွင် ထိုင်းတောင်ပိုင်းရှိ ဆောင်ခလောင်ပြည်နယ်၊ ပြည်နယ်ခန်းမ၌ လည်ပင်းလှီး သတ်ဖြတ်ခြင်းခံထားရသည့် မိန်းကလေးငယ်တစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရလေသည်။ ယင်းမိန်းကလေးငယ်သည် ပြည့်တန်ဆာအိမ်တစ်လုံးမှ ထွက်ပြေးရန်ကြိုးပမ်းခဲ့သည့် မိန်းကလေးငယ်တစ်ဦးဖြစ်ကြောင်း သိရှိရပြီး ယင်းလူသတ်မှုတွင် ပါဝင်ခဲ့သည့် လူ(၆)ဦးအနက် ထိုင်းရဲ (၂)ဦးပါဝင်ခဲ့လေသည်။

စုံစမ်းစစ်ဆေးတွေ့ရှိချက်အရ ယင်းမိန်းကလေးငယ်အနေဖြင့် ထွက်ပြေးလွတ်မြောက် ရန် ကြိုးပမ်းစဉ်ကာလအတွင်း အခြားထိုင်းရဲ(၂)ဦးတို့က မိန်းကလေးငယ်အား ဖျောင်းဖျ အယုံသွင်း၍ ပြည့်တန်ဆာအိမ်ပိုင်ရှင်ထံမှ ချေးယူထား သည့်ငွေများ ကြေလည် သည်အထိ ပြန်၍အလုပ်လုပ်ကိုင်ရန် ယင်းပြည့်တန်ဆာအိမ်သို့ ပြန်ပို့ပေးခဲ့သည်ဟု သိရသည်။

၁၉၉၄ခုနှစ်ကလည်း ယင်းကဲ့သို့ ထွက်ပြေးခဲ့သည့် မိန်းကလေးငယ်တစ်ဦးသည် ရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်အတွင်း သူမဘာသာ အဆိပ်သောက် သတ်သေ သွားစေရန် တစ်စုံတစ်ဦးက စီစဉ်ဖန်တီးခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့လေသည်။

နယူးယောက်မြို့အခြေစိုက် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့၏ ၁၉၉၃-၉၄ ခုနှစ် အစီရင်ခံစာအရ ထိုင်းပြည့်တန်ဆာအိမ်များအတွက် မြန်မာမိန်းကလေးများအား ဝယ်ယူရေး၊ တရားမဝင် လူကုန်ကူးမှုများတွင် ထိုင်းရဲများ ပါဝင်ပတ်သက်လျက်ရှိ ကြောင်း၊ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ရာ လမ်းကြောင်းများကို ထိုင်းနယ်ခြားစောင့်ရဲနှင့် ပြည်နယ်ရဲတပ်ဖွဲ့တို့က ထိန်းချုပ်ထား ကြောင်း၊ ထို့ကြောင့် နယ်ခြားဖြတ်ကျော်၍ ထိုင်းနိုင်ငံတွင်းသို့ ဝင်ရောက်ရန် မြန်မာများ အတွက် အလွန့်အလွန် ခဲယဉ်းကြောင်း၊ သို့ဖြစ်၍ ထိုင်းရဲများမသိဘဲ သို့မဟုတ် ပါဝင် ပတ်သက်ခြင်းမရှိဘဲ ထိုင်းနိုင်ငံတွင်းသို့ ဝင်/ထွက်ရန် ခဲယဉ်းကြောင်း၊ ထိုင်း ပြည့်တန်ဆာအိမ်များကလည်း ထိုင်းရဲများကို ငွေကြေးထောက်ပံ့ပေးထားကြောင်း၊ ထိုင်းနိုင်ငံတွင်းရှိ ဂျပန်လူမိုက်များနှင့်ပေါင်း၍ မိန်းကလေးများအား ဂျပန်နိုင်ငံသို့ ပို့ဆောင်ကာ လိင်ကုန်ကူးမှုကိစ္စများတွင် လုပ်ကိုင်စေခဲ့ကြောင်း စသည်ဖြင့် ပါဝင်လေ သည်။

ဤသည်မှာ ထိုင်းရဲများ၏ မသမာမှုများ၊ ယုတ်မာရက်စက်မှုများပင် ဖြစ်လေသည်။

No comments:

Post a Comment