Monday, December 8, 2014

ခုပ်တောင်ကျွန်းလူသတ်မှုတွင် စွပ်စွဲခံရသူ မြန်မာနှစ်ဦး အပြစ်မရှိကြောင်း ထွက်ဆို


ဘီလူးကျွန်းသား
Bangkok Post, 9 Dec 2014

ခုပ်တောင်ကျွန်းပေါ်၌ ဗြိတိန်တိုးရစ်နှစ်ဦး အသတ်ခံခဲ့ရမှုတွင် တရားခံများအဖြစ် စွပ်စွဲ ခံထားရသူ မြန်မာနှစ်ဦးတို့သည် ၎င်းတို့အပေါ် တင်ထားသည့် စွဲချက်အားလုံးအပေါ် အပြစ်မရှိကြောင်း တရားရုံး၌ လျှောက်ထားခဲ့သည်ဟု မြန်မာနှစ်ဦးတို့၏ ရှေ့နေက ဒီဇင်ဘာလ ၈ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အသက်(၂၁)နှစ်အရွယ်ရှိ ဇော်လင်းနှင့် ဝေဖြိုးတို့နှစ်ဦးအား လူသတ်ရန် ကြိုတင် ကြံစည်မှု၊ မုဒိမ်းမှုနှင့် ခိုးမှုများအပါအဝင် စွဲချက်(၅)ခုတို့ဖြင့် ဒီဇင်ဘာလ ၈ ရက်နေ့တွင် ခုပ်စမွီတရားရုံး၌ ရုံးထုတ်ခဲ့သည်။

မြန်မာနှစ်ဦးတို့၏ရှေ့နေ ထာနုအကီကာချို့က "စွဲချက်အားလုံးအတွက် အပြစ်မရှိ ကြောင်းကို ၎င်းတို့နှစ်ဦးစလုံးက တရားရုံးတွင် ထွက်ဆိုလျှောက်လဲခဲ့ကြကြောင်း၊ တရားရုံးအနေဖြင့်လည်း ခရီးသွားလုပ်ငန်းနှင့် နိုင်ငံတကာဆက်ဆံရေးများအား ထိခိုက် စေနိုင်သောကြောင့် ဤအမှုအား ပြီးပြတ်ရန် အရှိန်မြှင့်ဆောင်ရွက်လျက်ရှိသည်ဟု မိမိနားလည်သဘောပေါက်ထားကြောင်းဖြင့် ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။

သေဆုံးခဲ့သူ ဗြိတိန်နိုင်ငံသားနှစ်ဦး၏ ကိုယ်ပေါ်၌ ဇော်လင်းနှင့် ဝေဖြိုးတို့၏ DNA အား စစ်ဆေးတွေ့ရှိရသဖြင့် ထိုင်းရဲတပ်ဖွဲ့က ပြီးခဲ့သည့် အောက်တိုဘာလအတွင်း ဇော်လင်း နှင့် ဝေဖြိုးတို့ကို ဖမ်းဆီးထားခဲ့ခြင်းဖြစ်သည်။ ထိုင်းအစိုးရရှေ့နေများကလည်း ဇော်လင်းနှင့် ဝေဖြိုးတို့အပေါ် လူသတ်ရန်ကြိုတင်ကြံစည်မှု၊ လူသတ်မှုအား ဖုံးကွယ် ထားမှု၊ မုဒိမ်းမှု၊ ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်မှုနှင့် ထိုင်းနိုင်ငံအတွင်း ခွင့်ပြု ချက်မရှိဘဲ နေထိုင်မှုတို့ဖြင့် တရားစွဲဆိုထားခဲ့သည်။ ထို့ပြင် မေလာ၏ မိုဘိုင်းဖုန်းနှင့် မျက်မှန်တို့အား ခိုးယူထးမှုဖြင့်လည်း ဝေဖြိုးအပေါ် ထပ်မံစွဲချက်တင်ထားခဲ့လေသည်။

နှစ်ဖက်စလုံးတို့မှ မျက်မြင်သက်သေများနှင့် သက်သေအထောက်အထားတို့အား လာမည့် ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ထပ်မံကြားနာစစ်ဆေးမည်ဟု ခုပ်ဆမွီ ပြည်နယ်တရားရုံး ဒုတိယတရားသူကြီး စူနဝပ် စူရိယဖန်က ရက်ချိန်းပေးထား ကြောင်း သိရသည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ တရားရေးအရာရှိ ဦးအောင်မျိုးသန့်ကမူ "ဇော်လင်းနှင့် ဝေဖြိုးတို့တွင် အပြစ်မရှိဟု ယခုတိုင် မိမိယုံကြည်ထားကြောင်း၊ သို့သော်လည်း ယင်းအမှုသည် တရားရုံးတစ်ခုတည်း၏ ဆုံးဖြတ်ချက်အခွင့်အာဏာအပေါ်တွင် မူတည် နေကြောင်း၊ မိမိတို့အနေဖြင့် ထိုင်းနိုင်ငံ၏ ဥပဒေနှင့် တရားစီရင်မှုစနစ်အပေါ် လေးစား ပါကြောင်း" ဖြင့် Bangkok Post သတင်းစာသို့ ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံမှူးကြီး ဦးထွန်းအေး ကလည်း "ဇော်လင်းနှင့် ဝေဖြိုး တို့ အာမခံရရေးအတွက် ဒုတိယအကြိမ် ကြိုးပမ်းလျက်ရှိကြောင်း၊ ယင်းအာမခံရရေး ကြိုးပမ်းမှုတွင် ၎င်းတို့နှစ်ဦးစလုံးအနေဖြင့် ထွက်မပြေးပါဟူသော အာမခံချက်လည်း အပါအဝင်ဖြစ်ကြောင်း"ဖြင့် Bangkok Post သတင်းစာသို့ ပြောကြားထားခဲ့သည်။

ဇော်လင်းနှင့် ဝေဖြိုးတို့က ထိုင်းရဲများ၏ ရိုက်နှက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းကို ခံခဲ့ရသည် ဟု ထွက်ဆိုပြောကြားခဲ့ကြသော်လည်း ထိုင်းရဲများဘက်မှ ယင်းထွက်ဆိုချက်အား ငြင်းဆိုထားကြောင်း သိရသည်။

No comments:

Post a Comment