Tuesday, December 2, 2014

ထိုင်းရဲများ၏ မသမာမှုများ အပိုင်း(၂)


ဘီလူးကျွန်းသား
2014 Dec, 2

ရင်နင့်စရာအဖြစ်အပျက်လေးမို့ ယခုအကြောင်းအရာများအား မရေးသားရန် မိမိဆုံးဖြတ်ထားသော်လည်း ကိုယ့်နိုင်ငံသားများ နိုင်ငံတကာမျက်နှာစာ၌ အနှိမ်ခံ၊ အဖိနှိပ်ခံ ဖြစ်ခဲ့ရသည့်အပြင် ယခုအခါ ထိုင်းနိုင်ငံတွင် ဗြိတိန်နိုင်ငံသားများအား သတ်ဖြတ်မှု၌ မိမိတို့နိုင်ငံသားများအနေဖြင့် ဓားစာခံဖြစ်နေရသည့် သတင်းများကို ကြားသိရ၍ ဤအဖြစ်အပျက်များအး မိမိလေ့လာသိထားသမျှ ထုတ်ဖော်ရေးသားခဲ့ရ ခြင်းဖြစ်သည်။

ကရင်မလေး နော်အဲရာ(အမည်ရင်းမဟုတ်ပါ)

ထိုင်းနိုင်ငံမြောက်ပိုင်း ကန်ဖန်ဖက်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်လေး တစ်ခုပင်ဖြစ်သည်။ မြန်မာနိုင်ငံမှ ကရင်လူမျိုး ရွှေ့ပြောင်းအလုပ်သမား မိသားစုတစ်ခု သည် ကန်ဖန်ဖက်ပြည်နယ် ဆိုင်းငန်ခရိုင်အတွင်းရှိ ကြံစိုက်ခင်းတစ်ခုတွင် နေထိုင်၍ အလုပ်လုပ်ကိုင်ခဲ့သည်။ ချစ်စဖွယ် ၇ နှစ်အရွယ်သမီးလေး နော်အဲရာသည်လည်း မိဘနှစ်ပါးနှင့်အတူ ယင်းကြံခင်းထဲတွင် ဆော့ကစားရင်း တရွေ့ရွေ့အချိန်ကုန်လွန် ခဲ့လေသည်။

၂၀၀၈ခုနှစ်၊ မေလ ၂၀ ရက်နေ ယင်းနေ့သည် ကရင်မိသားစုလေးအတွင်းသို့ ကံကြမ္မာ မုန်တိုင်းတစ်ခု ဝင်ရောက်တိုက်ခတ်ခဲ့သည့်နေ့ဖြစ်ပြီး ကရင်မိဘနှစ်ပါးဖြစ်သူတို့အတွက် ရင်ကျိုးခဲ့ရသည့် နေ့တစ်နေ့ပင်တည်း။ ကရင်မိသားစုလေးအတွက် ထိုနေ့သည် Bluck May ပင်ဖြစ်သည်ဟု ဆိုရမည်ပင်။ ကြံစိုက်ခင်းအတွင်း အလုပ်လုပ်ကိုင်နေစဉ် ဆော့ကစားနေသည့် ချစ်စဖွယ် ၇ နှစ်အရွယ်သမီးငယ်လေး နော်အဲရာ ပျောက်ဆုံး သွားခဲ့ရသောကြောင့် ကရင်လင်မယား နှစ်ဦးတို့၏ ရင်ဝယ်မည်မျှ ပူပင်သောက ရောက်ခဲ့ရမည်ကို မိမိအနေဖြင့် ကိုယ်ချင်းစာမိခဲ့ရပေသည်။

နသီးဒန်ဂွန်နှင့် ရတ္တနာကွန်ပီယဝိုရာထမ်ဝ ထိုင်းလင်မယားနှစ်ဦးသည် ကန်ဖန်ဖက် ပြည်နယ် မူအန်ခရိုင်တွင် နေထိုင်ကြသူများဖြစ်သည်။ နသီးသည် စက်ရုံတစ်ခုမှ အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ရတ္တနာကွန်မှာ အလှမွေးခွေးများ ရောင်းသည့် ဆိုင်ပိုင်ရှင် တစ်ဦးဖြစ်ပေသည်။ ၂၀၀၈ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် ဆိုင်းငန်ခရိုင်သို့ ကိစ္စ တစ်ခုဖြင့် ရောက်ရှိခဲ့စဉ် ကြံစိုက်ခင်းတစ်ခု အတွင်း၌ ကလေးမလေးတစ်ဦး ဆော့ကစားနေသည်ကို မြင်တွေ့ခဲ့လေသည်။ အနီးဝန်းကျင်တွင်လည်း လူကြီးမိဘနှင့် တူသည်ဟူ၍ တစ်ဦးမျှ မရှိသောကြောင့် နီသီး နှင့် ရတ္တနာကွန်တို့နှစ်ဦးသည် ယင်းကလေးမလေးအား အတင်းအကျပ်ဖမ်းဆီး၍ ၎င်းတို့နေထိုင်ရာ မူအန်ခရိုင်ရှိ နေအိမ်သို့ ခေါ်ဆောင်သွားခဲ့လေသည်။ ထိုနေ့မှစ၍ ကရင်မလေး နော်အဲရာသည် လောကငရဲသို့ အရှင်လတ်လတ် သက်ဆင်းခဲ့ရလေတော့သည်။

ဤသို့ဖြင့် ၂၀၁၃ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့သို့ ကူးပြောင်းခဲ့ရပြီဖြစ်သည်။ ထိုနေ့တွင် ကရင်မလေး နော်အဲရာသည် ထိုင်းလင်မယားနှစ်ဦးအလစ်တွင် အိမ်အတွင်းမှ တိတ်တဆိတ် ခိုးထွက်၍ ခြံစည်းရိုးကိုကျော်ပြီး ထွက်ပြေးကာ လမ်းပေါ်၌ တွေ့ရှိရ သူများအား ငိုယိုတောင်းပန်၍ သူမအတွက် လုံခြုံစိတ်ချရသော နေရာတစ်ခုသို့ ပို့ဆောင်ပေးရန် တောင်းပန်ခဲ့လေသည်။ လူသားချင်း စာနာထောက်ထားသူများက နော်အဲရာအား နီးစပ်ရာရဲစခန်းသို့ ပို့ဆောင်၍ အမှုဖွင့်ပေးခဲ့လေသည်။ ဤသို့ဖြင့် ကရင်မလေး နော်အဲရာအတွက် အလင်းရောင်တစ်ခု စတင်မြင်ခွင့်ရခဲ့လေသည်။

အမှုမှာ လူသိရှင်ကြား ဖြစ်ခဲ့လေပြီ။ သတင်းမီဒီယာများ၊ ကရင်ကွန်ယက်အဖွဲ့၊ ကန်ဖန်ဖက်ပြည်နယ်ရှိ ကလေးငယ်နှင့်မိသားစုဝင်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့တို့အပြင် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးလည်း ယင်းဖြစ်ရပ်အား သိရှိသွားခဲ့ရပြီး ကန်ဖန်ဖက်ပြည်နယ်တွင်သာမက ထိုင်းနိုင်ငံတစ်ခုလုံး အုတ်အော်သောင်းနင်း ဖြစ်ခဲ့ရ လေပြီ။

သတင်းမီဒီယာများနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကူညီဖေးမမှုဖြင့် ကရင်မလေး နော်အဲရာ သည် သူမရင်းတွင်း၌ ၅ နှစ်လုံးလုံး ချုပ်တီးခဲ့ရသမျှ ဖွင့်ချခွင့်ရခဲ့လေပြီ။ "သူမအနေဖြင့် ယခုအကြိမ်သည် ပထမဆုံးအကြိမ် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်း မဟုတ်၊ ၂၀၁၀ခုနှစ်အတွင်းကလည်း ထွက်ပြေးလွတ်မြောက်ခဲ့ဘူးကြောင်း၊ သို့သော် ထိုင်းရဲစခန်းတစ်ခုက သူမအား နသီးနှင့် ရတ္တနာကွန်တို့ထံ ပြန်လည်ပို့ဆောင်ခဲ့ ကြောင်း၊ နသီးနှင့် ရတ္တနာကွန်တို့သည် သူမအား လူမဆန်စွာ ရိုက်နှက်ခဲ့ကြကြောင်း၊ ကိုယ်ပေါ်သို့ ရေနွေးပူဖြင့်လောင်းခြင်း၊ ခွေးလှောင်အိမ်အလွတ် တစ်ခုအတွင်းသို့ ထည့်သွင်းနေထိုင်စေခဲ့ခြင်း၊ နေ့စဉ်ရိုက်နှက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြကြောင်း" ဖြင့် လူသိရှင်ကြား ထုတ်ဖော်ပြောခဲ့လေသည်။

ယင်းသို့ ၅ နှစ်တိုင် လူမဆန်စွာ ညှင်းပန်းနှိပ်စက်ခံခဲ့ရသဖြင့် နော်အဲရာ၏ ဝဲဘက် လက်မှာ ကောင်းစွာ မြှောက်၍ပင် မရတော့ပြီ။ ကန်ဖန်ဖက်ဆေးရုံမှတစ်ဆင့် ဘန်ကောက်မြို့၊ မဟိဒေါတက္ကသိုလ်ရှိ ရာမာသီဗောဓိဆေးရုံသို့ ပို့ဆောင်၍ ရရှိဒဏ်ရာ များအား ကုသပေးခဲ့သည်။ ထိုင်းနိုင်ငံ လူအခွင့်အရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းမှ လက်ထောက်အတွင်းရေးမှူးချုပ် ပရီဒါ တွန်ချွန်နမ်က "နော်အဲရာ အနေဖြင့် သူမ၏ ကျန်းမာရေးမှာ ၁၀၀ ရာခိုင်နှုန်း ပြန်လည် ကောင်းမွန်လာနိုင်ခြင်း မရှိတော့သော်လည်း အခြားတစ်ဦးကဲ့သို့ သူမ၏ ခန္ဓာကိုယ်အား လှုပ်ရှားလုပ်ကိုင်နိုင် ရန် ဆရာဝန်များက ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ သူမအနေဖြင့် အရွယ်ရောက်၍ အိမ်ထောင်ပြုနိုင်မည်ဖြစ်သော်လည်း ညှင်းပန်းနှိပ်စက်ခံခဲ့ရမှုကြောင့် သူမမွေးလာမည့် ကလေးငယ်အတွက် နို့ချိုတိုက်ကျွေးရန် မဖြစ်နိုင်တော့ကြောင်း" ဖြင့် ပြောကြားခဲ့သည်။

ထိုင်းရဲများ လာဘ်စားထားသည်မှာ သေချာနေပေပြီ။ အတင်းအဓမ္မ ဖမ်းဆီး ချုပ်နှောင်ထားခြင်း၊ ရိုက်နှက်ညှင်းပန်းခြင်း၊ လူ့အခွင့်အရေး ချိုးဖောက်ခြင်း၊ ကျွန်သဖွယ် နှိပ်စက်ခဲ့ခြင်းတို့ဖြင့် တရားရုံးက နသီးနှင့် ရတ္တနာကွန်တို့ လင်မယားနှစ်ဦး အပေါ် တရားစွဲဆိုခဲ့ပြီး နော်အဲရာအား လျော်ကြေးငွေ ဘတ် ၄၆ သိန်းကျော် ပေးဆောင်ရန် အမိန့်ချမှတ်ခဲ့သော်လည်း နသီးနှင့် ရတ္တနာကွန်တို့နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့လေသည်။ ၎င်းတို့နှစ်ဦးအနေဖြင့် ထိုင်းနိုင်ငံအတွင်းမှ ထိုင်းရဲတို့ မသိဘဲ မည်ကဲ့သို့ ထွက်ပြေးလွတ်မြောက်သွားမည်နည်း။ ဤသည်မှာ အလွန် အံ့သြဖွယ်ကောင်းပြီး ခံပြင်းဖွယ်ရာကောင်းသည့် ထိုင်းရဲတို့၏ မသမာမှု လုပ်ရပ်တစ်ခု ပင်ဖြစ်တော့သည်။




No comments:

Post a Comment