Sunday, November 30, 2014

ထိုင်းရဲများ၏ မသမာမှုများ အပိုင်း(၁)

ဘီလူးကျွန်းသား
2014 Dec, 1

စိန်ပြာကြီးပျောက်ဆုံးမှု

၁၉၈၉ခုနှစ်တွင် ဆော်ဒီအာရေဗျနိုင်ငံမှ ဆော်ဒီမင်းသားပိုင် စယ်ဘင်ဖာ့ဒ်၏နန်းတော်၌ တံခါးစောင့်တာဝန်လုပ်ကိုင်ခဲ့သူ ထိုင်းအလုပ်သမား ကရိုင်ယန်ကရိုင်တီချန်ပွန်သည် ဆော်ဒီမင်းသား၏ နန်းတော်အတွင်းမှ အဖိုးတန်ကျောက်မျက်ရတနာ၊ လက်ဝတ် ရတနာများကို ခိုးယူခဲ့သည့်အမှုတစ်ခု ဖြစ်ပွားခဲ့လေသည်။ ၎င်းခိုးယူထားသော ရတနာ များအား နန်းတော်အတွင်းရှိ အမှိုက်အိတ်ကြီးတစ်လုံးတွင် သိမ်းဆည်းသိုဝှက်ထားခဲ့ပြီး နောက်ပိုင်းတွင် ကရိုင်ယန်အနေဖြင့် ဆောင်ဒီမှ တိတ်တဆိတ်ထွက်ပြေးကာ ခိုးရာပါ ပစ္စည်းများအား ထိုင်းနိုင်ငံမြောက်ပိုင်း၊ လန်ပန်ပြည်နယ်ရှိ ၎င်း၏နေအိမ်သို့ သယ်ဆောင်ကာ အချို့တစ်ဝက်ကို ကျောက်မျက်ရတနာ ရောင်းဝယ်သူတစ်ဦးနှင့် ဆက်သွယ်ရောင်းချခဲ့လေသည်။ ကရိုင်ယန်ခိုးယူခဲ့သည့် ကျောက်မျက်ရတနာများထဲ တွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် အလေးချိန် ၅၀ ကာရက်ရှိသော စိန်ပြာကြီးတစ်လုံးလည်း ပါဝင်ခဲ့လေသည်။

ဆော်ဒီအစိုးရ၏ ညှိနှိုင်းမှုကြောင့် ထိုင်းအစိုးရမှတစ်ဆင့် ထိုင်းရဲတပ်ဖွဲ့သည် ဆော်ဒီ မင်းသားပိုင် စိန်ပြာကြီးနှင့် ကျောက်မျက်ရတနာပျောက်ဆုံးမှုအား စုံစမ်းစစ်ဆေးခဲ့သည်။ ထိုင်းရဲတပ်ဖွဲ့မှ ရဲဒုတိယဗိုလ်ချုပ်ကြီး ချာလာကာ့ဒ်သီးစ် ဦးဆောင်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ကြိုးပမ်းမှုကြောင့် မကြာခင် ထိုင်းအလုပ် သမား ကရိုင်ယန်အား ခိုးရာပါ ကျောက်မျက်ရတနာပစ္စည်း ထက်ဝက်ခန့် နှင့်အတူ ဖမ်းဆီးရမိခဲ့လေသည်။ ကရိုင်ယန်အား ထိုင်းရာဇဝတ်မှုတရားရုံးက ထောင်ဒဏ်(၇)နှစ် ချမှတ်ခဲ့သော်လည်း ကရိုင်ယန်အနေဖြင့် တရားရုံးတွင် ဝန်ခံဖြောင့် ချက်ပေးခဲ့သည့် အတွက် ထောင်ဒဏ် (၃)နှစ်သာ ပြစ်ဒဏ်ကျခံခဲ့ရလေသည်။

မကြာမီ ရဲဒုတိယဗိုလ်ချုပ်ကြီး ချလာ ဦးဆောင်သော ထိုင်းရဲတပ်ဖွဲ့မှ အဖွဲ့(၁)ဖွဲ့သည် ဆော်ဒီအာရေဗျသို့ ထွက်ခွာ၍ ပြန်လည်သိမ်းဆည်းရမိထားသည့် ခိုးရာပါ ကျောက် မျက်ရတနာများကို ဆော်ဒီအာဏာပိုင်များ လက်ဝယ်သို့ အပ်နှံခဲ့သည်။ သို့သော် ထက်ဝက်ခန့်မှာ အတုများဖြစ်နေသည်ကို ဆော်ဒီအာဏာပိုင်များက တွေ့ရှိခဲ့လေသည်။

ထို့ကြောင့် ဆော်ဒီအာရေဗျတော်ဝင်မိသားစုနှင့် အလွန်ရင်းနှီးခင်မင်သည့် ဆော်ဒီ စီးပွားရေးလုပ်ငန်းရှင် မိုဟာမက်အယ်လ်ရူဝါအီသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ အလည်အပတ်လာရောက်၍ ယင်းအမှုအား တိတ်တဆိတ် စုံစမ်းခဲ့လေသည်။ သို့သော် ဆော်ဒီစီးပွားရေးလုပ်ငန်းရှင် မိုဟာမက်မှာ လုပ်ကြံသတ်ဖြတ် အစဖျောက်ခြင်း ခံခဲ့ရလေသည်။ မိုဟာမက် အစပျောက်သွားပြီးနောက် (၃)လအကြာတွင် ဘန်ကောက်မြို့ရှိ ဆော်ဒီသံရုံးမှ သံရုံးဝန်ထမ်း (၃)ဦးမှာ ဘန်ကောက်မြို့ထဲတွင်ပင် သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရလေသည်။

မကောင်းမှုဟူသောအရိပ်သည် မကောင်းမှုပြုလုပ်သူ၏နောက်မှ အစဉ်လိုက်ပါလျက် ရှိပေသည်။ ၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်တွင် The Curse of the Blue Diamond ဟူသော ခေါင်းစဉ်ဖြင့် ဝီခီးလိစ်စာမျက်နှာတွင် ခိုးယူခံခဲ့ရသည့် စိန်ပြာကြီးနှင့် ပတ်သက်သည့် အကြောင်းအရာများ ပေါ်ထွက်လာခဲ့ပေသည်။ ယင်း ဝီခီးလိစ်စာမျက်နှာတွင် "ထိုင်းနိုင်ငံမှ ဆော်ဒီအာရေဗျသို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် ကျောက်မျက်ရတနာများ၏ ၅၀ ရာခိုင်နှုန်းမှာ အတုများဖြစ်ကြောင်း (အချို့က ၈၀ ရာခိုင်နှုန်းဟု ဆုကြသော်လည်း ကိုးကားချက်များ ရှာမရပါ)၊ ယင်းသို့ ပြန်လည်ပို့ဆောင် ပေးခဲ့ပြီး မကြာမီ ထိုင်းနိုင်ငံမှ လူကုံထံအချို့၊ အထူးသဖြင့် ရဲမင်းကြီးများနှင့် ရဲဗိုလ်ချုပ်ကြီးများ၏ ဇနီးတို့သည် ယင်းလက်ဝတ်ရတနာများကို ဝတ်ဆင်၍ တရားဝင် အခမ်းအနားများနှင့် လူမှုရေးဆိုင်ရာ ပွဲလမ်းသဘင်များသို့ တက်ရောက်ခဲ့ကြကြောင်း၊ ၁၉၉၅ခုနှစ် ဝန်းကျင်ကဆိုလျင် ရဲဗိုလ်ချုပ်ကြီးတစ်ဦး၏ဇနီးသည် စိန်ပြာကြီးကိုပင် ဝတ်ဆင်၍ မကြာခဏ ပွဲတက်လေ့ရှိခဲ့ကြောင်း၊ သို့သော် အနှစ် ၂၀ ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်သည့် စိန်ပြာကြီးပျောက်ဆုံးခဲ့မှုမှာ လျှို့ဝှက်ဆန်းကြယ်ဇာတ်လမ်းတစ်ပုဒ်အဖြစ် တည်ရှိနေဆဲဖြစ်ကြောင်း" စသည်ဖြင့် ဖော်ပြထားလေသည်။

စိန်ပြာကြီးကမူ တစ်နေရာရာတွင် ပုန်းအောင်းနေခဲ့လေပြီ။ မည်သို့ပင်ဖြစ်စေ ဇာတ်လမ်းအစ၊ အလယ်၊ အဆုံးသိရှိထားသူ ရဲဒုတိယဗိုလ်ချုပ်ကြီး ချလာမှာ စိန်ပြာကြီး အမှုနှင့်ပတ်သက်၍ ခိုးရာပါပစ္စည်းများ ရောင်းဝင်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့် ကျောက်မျက်ရတနာရောင်းဝယ်သူတစ်ဦး၏ ဇနီးနှင့်သားအား လုပ်ကြံသတ်ဖြတ်ရန် စီစဉ်ခဲ့မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရပြီး ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်တွင် သေဒဏ်ချမှတ်ခြင်း ခံခဲ့ရလေသည်။ ၎င်းနှင့်အတူ အမှုတွဲတွင် ပါဝင်ခဲ့သူ ရဲတပ်ဖွဲ့ဝင် (၆)ဦးတို့သည်လည်း ပြစ်ဒဏ်အသီးသီး ချမှတ်ခံခဲ့ရသည်။ သို့သော် ထိုင်းဘုရင် ဘူမိဘောအနေဖြင့် ရဲဒုတိယဗိုလ်ချုပ်ကြီး ချလာအား သေဒဏ်မှ ထောင်ဒဏ်အနှစ် (၅၀)သို့ ပြောင်းလဲကျခံရန် သတ်မှတ်ပေးခဲ့သည်။ ထိုသို့ ပြောင်းလဲပေးခဲ့သည့်နေ့သည် ကား ထိုင်းဘုရင်၏ ၈၄နှစ်မြောက် မွေးနေ့ပင်ဖြစ်လေသည်။ ဤသည်ကား မသမာမှုများ ပြုလုပ်လေ့ရှိသည့် ထိုင်းရဲများ၏ အကြောင်းအရာများထဲမှ တစ်ချက်ပင် ဖြစ်လေတော့သည်။

No comments:

Post a Comment