(၁၄)ကြိမ်မြောက် အာဆီယံညီလာခံအစည်းအဝေးအား ၂၀၀၉ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်မှ မတ်လ ၁ ရက်အထိ ဘန်ကောက်မြို့တောင်ဖက် ကီလိုမီတာ (၂၀၀)ကွာဝေး သည့် ဟွာဟင်းမြို့တွင် ကျင်းပသွားမည်ဟု ထိုင်းဝန်ကြီးချုပ် အဘီဆစ်ဝဲ့ ချာချီဝက ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားခဲ့လေသည်။ မူလက အာဆီယံညီလာခံ အစည်းအဝေးအား ဘန်ကောက်မြို့တွင် ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း အစိုးရ ဆန့်ကျင်ရေး ရှပ်နီအဖွဲ့၏ နှောင့်ယှက်မှုရန်ကို ရှောင်ရှား နိုင်ရေးအတွက် ဟွာဟင်းမြို့၌ ပြောင်းလဲကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်လေသည်။ နောက်ပိုင်းတွင် ရှပ်နီအဖွဲ့၏ နိုင်ငံရေးလှုပ်ရှားမှုများကြောင့် အာဆီယံညီလာခံ အစည်းအဝေး ကျင်းပမည့် အချိန်နှင့် နေရာကို ထပ်မံ ပြောင်းလဲခဲ့ရသည်။ ထိုစဉ်က ဒုတိယဝန်ကြီးချုပ် ဆူထစ်သောင်ဆူဘန် ကလည်း လုံခြုံရေးလိုအပ်ချက်မှန်သမျှကို ပြင်ဆင်ထားရန် ရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ပတ်ချာရာဝပ်ဝေါင်စူဝမ်အား ညွှန်ကြားခဲ့လေသည်။ ရှပ်နီအဖွဲ့ကလည်း မည်သည့်အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည်ဖြစ်စေ ဟွာဟင်းမြို့အထိ လိုက်လံစုရုံး ဆန္ဒပြသွားမည်ဟု ခြိမ်းခြောက်ပြောကြားခဲ့ကြသည်။ နောက်ပိုင်းတွင် အာဆီယံ ညီလာခံအစည်းအဝေးအား ပတ္တရားမြို့၌ ပြောင်းလဲကျင်းပခဲ့လေသည်။ ထိုင်း ကြည်းတပ်ဦးစီးချုပ်ဟောင်း ၂၀၀၆ခုနှစ် အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး စွန်သီဘွန်ညာရတ်ကလင်းကလည်း ထိုင်းနိုင်ငံအတွင်း ဖြစ်ပေါ်နေသော နိုင်ငံရေး ပဋိပက္ခများ အဆုံးသတ်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ရည်ရွယ်၍ ဖွှေ့ပန်ဒင်ထိုင်း (Puea Pandin Thai) ဟူသော ပါတီအမည်ဖြင့် ပါတီသစ်တည်ထောင် ၍ နိုင်ငံရေးလောကထဲသို့ ဝင်ရောက်မည်ဟု ဇန်နဝါရီလ ၉ ရက်တွင် ထုတ်ဖော် ပြောကြားခဲ့သည်။ အလားတူ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ပရင်တင်စူလာနွန်ဒါသည်လည်း ဇန်နဝါရီလ ၁၀ ရက်တွင် ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း နခွန်ရတ်ချာစီမာပြည်နယ်ရှိ ၎င်း၏နေအိမ်၌ စစ်ဘက်နယ်ဘက်အရာရှိများ၊ မြောက်ပိုင်း ပြည်နယ်များရှိ လွှတ်တော်ကိုယ်စားလှယ်များအား ဖိတ်ခေါ်၍ နှစ်သစ်ကူး သြဝါဒစကား မိန့်ကြားခဲ့ခြင်းဖြင့် ထိုင်းနိုင်ငံရေး ဇာတ်ခုံပေါ်တွင် ခေတ္တမျှ ရုပ်လုံးထွက်ပြခဲ့သည်။ ဗိုလ်ချုပ်ကြီး ပရင် သည် အမှတ်(၂)စစ်တိုင်းမှူးဘဝက အရှေ့မြောက်ပိုင်းပြည်နယ်များ တွင် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး နခွန်ရတ်ချာစီမာပြည်နယ်တွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူ တစ်ဦးဖြစ်သည်။ သို့သော် နောက်ပိုင်းတွင် ယင်းပြည်နယ်များသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အပေါ် တစ်ခဲနက် ထောက်ခံအားပေးခဲ့ကြသည့် ပြည်နယ်များဖြစ်လာခဲ့သည်။
ထိုင်းအစိုးရဆန့်ကျင်ရေး ရှပ်နီအဖွဲ့အင်အား (၃)သောင်းခန့်သည် ဇန်နဝါရီလ (၃၁)ရက် ညနေပိုင်းအချိန်မှစ၍ ဘန်ကောက်မြို့ရှိ စနမ်လူဝမ်အားကစားကွင်းတွင် စတင်စုရုံး ခဲ့ကြသည်။ ရှပ်နီအဖွဲ့အပေါ် ထောက်ခံအားပေးသည့် လူအုပ်ကြီးသည်လည်း အခြား သော ပြည်နယ်များမှတစ်ဆင့် ဘန်ကောက်မြို့သို့ ချီတက်လာခဲ့ကြသည်။ အထူးသဖြင့် မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းပြည်နယ်များမှ ရှပ်နီအဖွဲ့ထောက်ခံသူ ပြည်သူ အများစုတို့ ပါဝင်ခဲ့ပါသည်။ ရှပ်နီဆန္ဒပြလူအုပ်ကြီးသည် စနမ်လူဝမ်အားကစားကွင်း မှတစ်ဆင့် ထိုင်းအစိုးရအိမ်တော်သို့ ဆက်လက်ချီတက်ခဲ့ရာ ထိုနေ့ည ၁၀ နာရီ အချိန် ခန့်တွင် အစိုးရအိမ်တော်သို့ ရောက်ရှိခဲ့ကြပါသည်။ ဤလှုပ်ရှားမှုကြီးမှာ ဝန်ကြီးချုပ် အဘီဆစ်၏ ဒီမိုကရက်ပါတီအစိုးရတက်လာပြီးနောက် (၁)လအကြာတွင် ဖြစ်ပွားခဲ့ သည့် ရှပ်နီအဖွဲ့၏ ပထမဆုံး လူထုလှုပ်ရှားမှုကြီးတစ်ရပ်ပင်ဖြစ်သည်။ အဘီဆစ် အစိုးရ အဖွဲ့အပေါ် ထောက်ခံအားပေးသည့် ရှပ်ဝါအဖွဲ့မှ အင်အား(၁)သောင်း ခွဲခန့်ကလည်း ဖေဖော်ဝါရီလ(၁၄)ရက် ညနေပိုင်းတွင် ဥဒုံဌာနီပြည်နယ် နွန်ပရာချက်စီလာကွမ်ပန်းခြံ တွင် စုရုံးခဲ့ကြသည်။ ယင်းနယ်မြေသည် ဝန်ကြီးချုပ်ဟောင်း သက်ဆင်အစိုးရအဖွဲ့ အပေါ် ထောက်ခံအားပေးသည့် ရှပ်နီအဖွဲ့၏ နိုင်ငံရေးအမာခံနယ်မြေဖြစ်သောကြောင့် ရှပ်နီနှင့်ရှပ်ဝါတို့အကြား အဓိကရုဏ်းအသွင်ဆောင်သည့် ခိုက်ရန်ဖြစ်ပွားမှုများ ပေါ်ပေါက်လာမည်ကို စိုးရိမ်သဖြင့် ပြည်နယ်ရဲတပ်ဖွဲ့က အင်အား (၂၀၀၀)ခန့်အသုံးပြု ၍ နွန်ပရာချက်စီလာကွမ် ပန်းခြံတစ်ဝိုက်တွင် သံဆူးကြိုးများကာရံကာ နေရာယူခဲ့ရ သည်။ ထိုင်းအစိုးရဆန့်ကျင်ရေး ရှပ်နီအဖွဲ့အင်အား (၃)သောင်းခန့်သည် မတ်လ (၂၆)ရက် နေ့လယ်ပိုင်းတွင် အဘီဆစ် အစိုးရအဖွဲ့ နုတ်ထွက်ပေးရေး တောင်းဆိုလျက် စနမ်လူဝမ်အားကစားကွင်းမှ အစိုးရအိမ်တော်ရှေ့သို့ ချီတက်စုရုံးဆန္ဒပြခဲ့ကြသည်။ စနမ်လူဝမ်အားကစားကွင်းမှ ထိုင်းအစိုးရ အိမ်တော်သို့ ချီတက်ရာလမ်း တစ်လျှောက် တွင် ရဲတပ်ဖွဲ့ဝင်များက ကွန်တိန်နာကြီးများဖြင့် ပိတ်ဆို့ကာကွယ်ထားခဲ့ပြီး ဆန္ဒပြသူ များဘက်မှလည်း အစိုးရအဖွဲ့ထွက်သွားဟု ဟစ်အော်ဆန္ဒပြခဲ့ကြသည်။ မတ်လ (၂၇)ရက် ထိုင်းအစိုးရအိမ်တော် ရှေ့တွင် စုရုံးဆန္ဒပြလျက်ရှိသည့် ရှပ်နီအဖွဲ့ဝင်များကို အာဏာသိမ်းခံရ၍ ပြည်ပြေးဖြစ်နေသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဗီဒီယို လင့်ခ်မှတစ်ဆင့် မိန့်ခွန်းပြောကြားခဲ့သည်။ ၂၀၀၆ခုနှစ် စက်တင်ဘာလ (၁၉)ရက် ၎င်း အစိုးရအဖွဲ့အား အာဏာသိမ်းခဲ့မှုနောက်ကွယ်တွင် ပါဝင်ခဲ့သည့် အဓိကပုဂ္ဂိုလ်ကြီးများ မှာ ထိုင်းဘုရင့် အတိုင်ပင်ခံကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး ပရင်နှင့် အတိုင်ပင်ခံကောင်စီ ဝင်တစ်ဦးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ဆူရာယွတ်ချူလာနွန့်တို့ဖြစ်သည်ဟု သက်ဆင်က စွပ်စွဲပြောကြားခဲ့သည်။
ထိုင်းအစိုးရအိမ်တော်ရှေ့တွင် ရှပ်နီဆန္ဒပြသူများသည် မတ်လ (၂၆)ရက်မှစ၍ စုရုံးဆန္ဒ ပြလျက် ရှိသကဲ့သို့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်အနေဖြင့်လည်း ရှပ်နီဆန္ဒပြသူများထံ သို့ တယ်လီဖုန်း(သို့မဟုတ်) ဗီဒီယိုလင့်ခ်တို့ဖြင့် ညစဉ် မိန့်ခွန်းပြောကြားလျက်ရှိရာ ဆန္ဒပြအင်အားမှာ (၅)သောင်းကျော်အထိ တိုးတက်များပြားလာခဲ့ရသည်။ ဆန္ဒပြသူ များအနေဖြင့် အစိုးရအိမ်တော်ဝင်ပေါက်များအား ပိတ်ဆို့ထားခဲ့သောကြောင့် အစိုးရရုံးအဖွဲ့ ဝန်ထမ်းများနှင့် ဝန်ကြီးအဖွဲ့များအားလုံး ရုံးတက်နိုင်ခြင်းမရှိခဲ့ကြပေ။ ထို့ကြောင့် ဝင်ပေါက်ပိတ်ဆို့ထားခြင်းများကို ဖယ်ရှားပေးရေးအတွက် ဝန်ကြီးချုပ်ရုံးမှ အုပ်ချုပ်မှုတရားရုံးသို့ မတ်လ(၃၁)ရက်နေ့တွင် တင်ပြလျောက်ထားခဲ့ရသည်။ သို့ဖြစ်၍ ရှပ်နီဆန္ဒပြသူများအား လွတ်လူဝမ်လမ်း (ထီဝကန်လမ်းဆုံမှ ချမိုင်မာရူချက်တံတား အထိနေရာ)အား ဖွင့်လှစ်ပေးရန်နှင့် အစိုးရရုံးအဖွဲ့များအား အိမ်တော်ဂိတ် အမှတ်(၆) နှင့် ဂိတ်အမှတ်(၈)တို့မှ ဝင်ခွင့်ပေးရန် အုပ်ချုပ်မှုတရားရုံးက အမိန့်ထုတ်ပြန်ခဲ့ရသည့် အခြေအနေသို့တိုင် ရောက်ရှိခဲ့ရသည်။
ထိုင်းအစိုးရဆန့်ကျင်ရေး ရှပ်နီအဖွဲ့၏ ထုတ်ပြန်ကြေညာထားချက်အတိုင်း နိုင်ငံတစ်ဝှမ်း လုံးရှိ ပြည်နယ်အသီးသီးတို့မှ ရှပ်နီထောက်ခံသူများသည် ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်ရှေ့သို့ အေပြီလ(၈)ရက်တွင် ချီတက်လာခဲ့ကြရာ ထိုနေ့ နေ့လယ်ပိုင်း အချိန်တွင် ရှပ်နီဆန္ဒပြအင်အားမှာ (၁)သိန်းကျော်ထိ တိုးတက်များပြားလာခဲ့ပါသည်။ ဆန္ဒပြသူများသည် ဝန်ကြီးချုပ် အဘီဆစ်၊ ဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး ပရင်၊ ကောင်စီအဖွဲ့ဝင် ဗိုလ်ချုပ်ကြီး ဆူရာယွတ်နှင့် တရားသူကြီးဟောင်း ချန်ချိုင်းလီကစ်ကျိတတို့အား ရာထူးမှ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည်။ ထိုနေ့ နံနက်ပိုင်းတွင် ရှပ်နီအင်အားပြအင်အား (၂)သောင်းခန့်ကလည်း ဗိုလ်ချုပ်ကြီး ပရင်၏ စီဆောက်ထဝဲ့နေအိမ်ရှေ့သို့ စုရုံးချီတက် ဆန္ဒပြခဲ့ကြသည်။ ထိုအချိန်တွင် ဗိုလ်ချုပ်ကြီး ပရင်သည် ၎င်း၏ နေအိမ်ထဲတွင်ပင်ရှိနေပြီး ၎င်း၏လုံခြုံရေးအတွက် ရဲတပ်ဖွဲ့ဝင် ငါးရာခန့်က လုံခြုံရေး ဆောင်ရွက်ပေးခဲ့ရသည်။
ဧပြီလ (၉)ရက်နေ့လယ်ပိုင်းတွင် ဝန်ကြီးချုပ် အဘီဆစ်ဦးဆောင်သော ဒီမိုကရက် ပါတီ၏ မည်သည့်အစိုးရကိုမျှ လက်မခံဘဲ လုံးဝဆန့်ကျင်ကန့်ကွက်သွားမည် ဟူသော ဒုတိယမြောက်ကြေညာချက်ကို ရှပ်နီအဖွဲ့က ထုတ်ပြန်ကြေညာခဲ့သည်။ ပထမ ကြေညာချက်တွင် ဝန်ကြီးချုပ် အဘီဆစ်၊ ဗိုလ်ချုပ်ကြီး ပရင်၊ ဗိုလ်ချုပ်ကြီး ဆူရာယွတ် နှင့် တရားသူကြီးဟောင်း ချန်ချိုင်းတို့အား (၂၄)နာရီအတွင်း ရာထူးမှနုတ်ထွက်ပေးရန် တောင်းဆိုထားခဲ့သည်။ ထောင်ပေါင်းများစွာသော ရှပ်နီဆန္ဒပြအဖွဲ့ဝင်များသည် ဧပြီလ (၉)ရက် နေ့လယ်ပိုင်းအချိန်မှစ၍ ဘန်ကောက်မြို့လယ်ရှိ အောင်ပွဲအထိမ်းအမှတ် ကျောက်တိုင် ဧရိယာတစ်ဝိုက်သို့သွားသည့် လမ်းမများအား ပိတ်ဆို့ထားခဲ့ကြသည်။ ရဲ တပ်ဖွဲ့၏ တားမြစ်ပိတ်ပင်ခြင်းကို ငြင်းဆန်ကာ စီးပွားရေးအချက်အခြာကျသည့် ယင်းဧရိယာများအတွင်းသို့ ရှပ်နီအဖွဲ့ဝင်များက အတင်းထိုးဖောက် ဝင်ရောက်ခဲ့ကြခြင်း ဖြစ်သည်။ အလားတူ ဆေးရုံများ၊ ရုံးများ၊ ကုမ္ပဏီများသို့ သွားရောက်ရာ လမ်းမများ ကိုလည်း ပိတ်ဆို့ထားခဲ့ကြသည်။ ရှပ်နီအဖွဲ့အပေါ် ထောက်ခံအားပေးသည့် တက္ကစီ ယာဉ်မောင်းများကလည်း ၎င်းတို့၏ မော်တော်ယာဉ်များဖြင့် ဘန်ကောက်မြို့လယ်ရှိ လမ်းမများအား ပိတ်ဆို့ထားခဲ့ကြသည့်အပြင် ကရိန်းများ၊ ထရပ်ကားများကို အသုံးပြု၍ ဖယ်ရှားပစ်မည်ဟူသော ရဲတပ်ဖွဲ့၏ ခြိမ်းခြောက်မှုကြားမှပင် အခြေခံဥပဒေတရားရုံး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အစိုးရအိမ်တော်၊ ဒီမိုကရက်ပါတီဌာနချုပ်အပြင်ဖက်ရှိ လမ်းမ များအား တက္ကစီယာဉ်များဖြင့် ပိတ်ဆို့စုရုံးဆန္ဒပြခဲ့ကြသည်။ ဤသည်မှာ ထိုင်းနိုင်ငံ အဓိကနိုင်ငံရေးအင်အားစုကြီးနှစ်စုအကြား၌ Colour-coded Politics ပြိုင်ဆိုင်မှု အရှိန် မြင့်တက်လာခြင်းဖြစ်ပြီး အမျိုးသားနိုင်ငံရေးထက် ပါတီနိုင်ငံရေးကို ပိုမိုဦးစားပေး၍ တစ်ဖက်နှင့်တစ်ဖက် အပြုတ်တိုက်ကာ Finale of Political Struggle ကို ဖော်ဆောင် လာခြင်းပင် ဖြစ်လေသည်။ မည်သို့ပင်ဖြစ်စေ ထိုင်းနိုင်ငံရေးအခြေအနေမှာ စတင် ရှုပ်ထွေးစ ပြုလာခဲ့ချေပြီ။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment