Oct 7, 2014
ဘီလူးကျွန်းသား
ထိုင်းအစိုးရဆန့်ကျင်ရေး ရှပ်နီအဖွဲ့ခေါင်းဆောင်များဖြစ်သည့် ကျတုဖုန်ဖရုန်ဖန်၊ ဗီရမုစီကဖုန်၊ နတ္တစိုင်ကူရာတို့သည် ဧပြီလ ၁၄ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်ခန့်တွင် အစိုးရအိမ်တော်ရှေ့ရှိ ဆန္ဒပြပွဲစကားပြောစင်မြင့်ထက်မှ ဆန္ဒပြပွဲအား ရုပ်သိမ်းလိုက် ကြောင်းနှင့် ၎င်းတို့ခေါင်းဆောင်များအား ဖမ်းဆီးလိုက အဖမ်းခံမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ အစိုးရဘက်မှလည်း ဆန္ဒပြရှပ်နီအဖွဲ့ဝင်များအား အိမ်ပြန် နိုင်ရေးအတွက် မော်တော်ယာဉ်များကို စီစဉ်ပေးခဲ့လေသည်။ အစိုးရအဖွဲ့မှ ထုတ်ပြန် ကြေညာချက်အရ ယင်းရှပ်နီဆန္ဒပြမှုကြီးတွင် လူပေါင်း ၁၂၀ ကျော် ထိခိုက်ဒဏ်ရာ ရှိခဲ့ပြီး အများစုမှာ ရှပ်နီအဖွဲ့ဝင်များဖြစ်ကြောင်း သိရသည်။ ယင်းရှပ်နီဆန္ဒပြပွဲကြောင့် ထိုင်းခရီးသွားလုပ်ငန်းမှ ဆုံးရှုံးခဲ့ရငွေပေါင်းမှာ ၂၀၀ ဘီလီယံဘတ်ဖြစ်ပြီး လူပေါင်း ၂၅၇၀၀၀ ဦး အလုပ်လက်မဲ့ဖြစ်ခဲ့ရလေသည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း ဆွန်ချိုင်လက်ထက်က ဘန်ကောက်မြို့လေဆိပ်များအား သိမ်းပိုက်ဆန္ဒပြခဲ့သည့် ရှပ်ဝါအဖွဲ့အဓိကခေါင်းဆောင် ဆွန်ထီလင်ထောင်ကူလ်သည် ၎င်း၏မန်နေဂျာသတင်းစာတိုက်နှင့် ရုပ်သံရုံးသို့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၅ နာရီချိန် ခန့်တွင် မော်တော်ယာဉ်ဖြင့် သွားရောက်စဉ် ဆမ်စန်လမ်းပေါ်သို့အရောက် အမည်မသိ လူတစ်စုက ပစ်ကပ်ကားဖြင့် ဆွန်ထီ၏ကားရှေ့တွင် ရုတ်တရက်ပိတ်ရပ်ခဲ့ပြီး သေနတ် ဖြင့် အချက် ၁၀၀ ခန့် ပစ်ခတ်ခဲ့သည်။ ယင်းနောက် ပစ်ကပ်ကားသည် ထဝဲ့လမ်းထဲသို့ တရကြမ်း မောင်းနှင်ထွက်ပြေးသွားခဲ့လေသည်။ ယင်းဖြစ်ရပ်ကြောင့် ဆွန်ထီမှာ ဦးခေါင်းညာဘက်ခြမ်းတွင် သေနတ်ရှပ်မှန်ခြင်း၊ လက်မောင်းတွင် သေနတ်ထိမှန်ခြင်း၊ ထို့အပြင် ဆွန်ထီ၏ ယာဉ်မောင်းမှာလည်း ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့ရသည်။ နိုင်ငံရေးသဘောထား ကွဲလွဲမှုမှသည် ပုဂ္ဂိုလ်ရေးမုန်းတီးမှုအသွင်သို့ ပြောင်းလဲသွားခဲ့ ခြင်းပင်တည်း။
အာဆီယံညီလာခံအစည်းအဝေးကျင်းပသည့် ပတ္တယားမြို့ရှိ တော်ဝင်ချောက်ကမ်းပါး ကမ်းခြေအပန်းဖြေဟိုတယ်အား ရှပ်နီအဖွဲ့၏ စီးနင်းဝင်ရောက်တိုက်ခိုက်ခဲ့မှုသည် နိုင်ငံတကာမျက်နှာစာတွင် ထိုင်းနိုင်ငံ၏ဂုဏ်သိက္ခာ အကြီးအကျယ် ထိခိုက်ပျက်စီးစေခဲ့ ပြီး အဘီဆစ်အစိုးရအဖွဲ့အပေါ်တွင်လည်း ပြည်တွင်း၊ ပြည်ပ ယုံကြည်မှု ကျဆင်းစေခဲ့ ရပါသည်။
၂၀၁၀ခုနှစ်၊ အဓိကရုဏ်း
မတ်လ ၁၂ ရက်တွင် ထိုင်းအစိုးရဆန့်ကျင်ရေး ရှပ်နီအဖွဲ့မှ အင်အား ၇၀၀၀ခန့်သည် ဘန်ကောက်မြို့ရှိ အမှတ်(၁၁)ခြေလျင်တပ်ရင်းကြီးအပါအဝင် စုရပ်နေရာ ၆ ခုသို့ ရှေ့ပြေးအဖြစ် ရောက်ရှိလာခဲ့ကြပါသည်။ ယင်းအဖွဲ့အား ရှပ်နီခေါင်းဆောင် ကျတုဖုန်ဖရုန်ဖန်၊ ဝိရမုစီကဖုန်၊ ဝမ်တိုကျိရာကန်တို့က ဦးဆောင်ခဲ့ခြင်းဖြစ်သော်လည်း နာရီအနည်းငယ်ခန့်သာ စုရုံးခဲ့ကြပြီး လူစုခွဲခဲ့ကြသည်။ ရှပ်နီအဖွဲ့က ဝန်ကြီးချုပ် အဘီဆစ်အား လွှတ်တော်ဖျက်သိမ်းပေးရန် ရာဇသံပေးလိုက်ခြင်းသာဖြစ်ပြီး အစိုးရ အဖွဲ့နှင့် ရှပ်နီအဖွဲ့တို့အကြား နိုင်ငံရေးတိုက်ပွဲစတင်တော့မည်ဟု ကြေညာလိုက်ခြင်းလည်း ဖြစ်ပေသည်။ မတ်လ ၁၄ ရက် နေ့လယ်ပိုင်းတွင် ပြည်နယ် အသီးသီးတို့မှ ရှပ်နီအဖွဲ့ဝင်များသည် ဘန်ကောက်မြို့ ရတ်ချာဒမ်နွန်ရိပ်သာလမ်းပေါ်ရှိ ၎င်းတို့၏ပင်မစုရပ်ဖြစ်သော ဖန်ဖာတံတားပေါ်သို့ သွားရောက်ပူးပေါင်းခဲ့ကြရာ အင်အား ၂ သိန်းကျော်အထိ များပြားလာခဲ့ပြီး ရတ်ချာဒမ်နွန်ရိပ်သာလမ်းနှင့် စနမ်လူဝမ် အားကစားကွင်းတို့အား သိမ်းပိုက်ထားခဲ့ကြလေသည်။ န်ထောင်န်၊ နွန်ထဘူရီနှင့် ပထုံ ဌာနီပြည်နယ်များမှ ရှပ်နီအဖွဲ့ဝင် ၁၅၀၀ ကျော်တို့ကလည်း ကူးတို့လှေများကို အသုံးပြု၍ ကျောက်ဖရားမြစ်ကိုဖြတ်ကာ ရတ်ချာဒမ်နွန်ရိပ်သာလမ်းရှိ ရှပ်နီအဖွဲ့ဝင်များ နှင့် သွားရောက်ပူးပေါင်းခဲ့ကြသည်။ ထို့ကြောင့် ထိုင်းကြည်းတပ်သည် ၎င်းဧရိယာ အတွင်း၌ မူလကစစ်သည်အင်အား ၁၀၀၀ ကျော် တပ်ဖြန့်ချထားခဲ့ရာမှ နောက်ထပ် အင်အား ၈၀၀၀ ထပ်မံတိုးမြှင့်ချထားခဲ့ရသည်။ မတ်လ ၁၅ ရက် နေ့လယ် ၁ နာရီ မိနစ် ၃၀ ချိန်ခန့်တွင် အဝေးပြေးလမ်းပေါ်မှ မောင်းနှင်လာသည့် ပစ်ကပ်ကားတစ်စီးပေါ်မှ အမည်မသိလူတစ်စုက အမှတ်(၁)ဘုရင့်ကိုယ်ရံတော်တပ် အား M-79 လောင်ချာဖြင့် ပစ်ခတ်ခဲ့သည့်အတွက် စစ်သည်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ ရသည်။ နှစ်ဖက်အကြားရှိ နိုင်ငံရေးတိုက်ပွဲမှသည် အကြမ်းဖက်မှုအသွင်သို့ တစ်ဖန်ကူးပြောင်းရန် အစပျိုးခဲ့ လေပြီ။
မတ်လ ၁၆ ရက် ညနေပိုင်းတွင် ရှပ်နီခေါင်းဆောင် နတ္တဝုစိုင်ကူရာ၊ ကျတုဖုန်ဖရုန်ဖန် နှင့် အရစ္စမန်တို့ဦးဆောင်သည့် ရှပ်နီအဖွဲ့ဝင်အင်အား ၁၀၀ကျော်ခန့်သည် အစိုးရအိမ် တော်ရှေ့ဝင်ပေါက်သို့ သွားရောက်ကာ ရှပ်နီအဖွဲ့ဝင်များထံမှ ဖောက်ယူလာခဲ့သည့် သွေးးများဖြင့် ပက်ဖျန်းခဲ့ကြလေသည်။ ယင်းသို့ဖြင့် ရှပ်နီစုရုံးဆန္ဒ ပြမှုကြီးသည် တစ်ဖြည်းဖြည်းနှင့် မတ်လကုန်၍ ဧပြီလသို့ ကူးပြောင်းလာခဲ့ရလေသည်။ ဧပြီလ ၃ ရက် နေ့လယ်ပိုင်းတွင် ရှပ်နီဆန္ဒပြအဖွဲ့ဝင် ၆ သောင်းခန့်သည် ဘန်ကောက်မြို့တော်၏ အဓိကစီးပွားရေးအချက်အချာနေရာဖြစ်သည့် ရတ်ချာပရာဆွန်လမ်းဆုံသို့ စုရုံးချီတက် သွားခဲ့ကြပြီး ယင်းလမ်းဆုံအား ပိတ်ဆို့ထားခဲ့ သဖြင့် ယာဉ်ကြောများ ပိတ်ဆို့သွားခဲ့ သည်အထိ ဖြစ်ခဲ့ရသည်။ ဧပြီလ ရ ရက်တွင် ဘန်ကောက်မြို့ စီးပွားရေးလုပ်ငန်းရှင် များက ရှပ်နီအဖွဲ့ဝင်များအား ရတ်ချာပရာဆွန် လမ်းဆုံမှ ထွက်ခွာပေးကြရန် တောင်းဆို ခဲ့ကြသည်။ သို့ရာတွင် ရှပ်နီအဖွဲ့ဝင်များသည် ရတ်ချာပရာဆွန်လမ်းဆုံမှ ထွက်ခွာပေး ခဲ့ခြင်းမရှိဘဲ ဧပြီလ ၁၀ ရက်ထိ ရတ်ချာပရာဆွန်လမ်းဆုံတွင် အင်အား ၅ သောင်းခန့် နှင့် ဖန်ဖာတံတားပေါ်တွင် အင်အား ၅ သောင်းခန့်စီတို့ဖြင့် ဆက်လက်စုရုံးဆန္ဒပြခဲ့ ကြသည်။
ဧပြီလ ၁၀ ရက် ညပိုင်းတွင် ဖန်ဖာတံတားနှင့် ဘန်ကောက်မြို့အနှံ့အပြားတို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရှပ်နီအဖွဲ့ဝင်တို့အကြား လက်နက်ကိုင်ထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှု ဖြစ်ပွားခဲ့ကာ သွမ်ဆင်ရိုက်တာသတင်းဌာနမှ ဂျပန်သတင်းဓာတ်ပုံသမား ဟီရိုမူရာမိုတိုအပါအဝင် လူပေါင်း ၂၃ ဦးသေဆုံးခဲ့ကာ ၈၅၀ ကျော် ထိခိုက်ဒဏ်ရာ ရရှိ ခဲ့သည်။ ဧပြီလ ၂၈ ရက် မွန်းလွဲပိုင်းတွင်လည်း ဘန်ကောက်မြို့မြောက်ပိုင်း ဒွန်မောင်း လေတပ်စခန်းအနီးရှိ ဝီဘဝတီလမ်းမကြီးပေါ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရှပ်နီအဖွဲ့ဝင် များအကြား တိုက်ခိုက်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ ဦး ဦးခေါင်းတွင် သေနတ် ထိမှန်ဒဏ်ရာဖြင့် သေဆုံးခဲ့ကာ တပ်ဖွဲ့ဝင် ၂ ဦးနှင့် ရှပ်နီဆန္ဒပြအဖွဲ့ဝင် ၁၆ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ထို့ကြောင့် ရတ်ချာပရာဆွန်လမ်းဆုံတွင် အခြေပြုလျက်ရှိ သည့် ရှပ်နီခေါင်းဆောင် ကဝမ်ချိုင်ပရိုင်ပနဦးဆောင်သည့် ရှပ်နီအဖွဲ့ဝင် ၂၀၀၀ ခန့်သည့် ထရပ်ကား ၁၅၀ စီးနှင့် ဆိုင်ကယ်ရာပေါင်းများစွာတို့ဖြင့် ဒွန်မောင်းလေဆိပ် အနီးရှိ ဝီဘဝတီလမ်းမကြီးပေါ်မှ ရှပ်နီအဖွဲ့ဝင်များထံသို့ သွားရောက် ပူးပေါင်းခဲ့ကြ သည်။ ဤသို့ဖြင့် ရှပ်နီအဖွဲ့၏ စုရုံးဆန္ဒပြမှုကြီးသည် ဧပြီလမှ မေလသို့ ထပ်မံကူးပြောင်း ခဲ့ရပြန်ပါသည်။
မေလ ၈ ရက်တွင် ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းပြည်နယ်များဖြစ်သည့် ဥဒုံဌာနီနှင့် ခွန်ခန်ပြည်နယ်တို့မှ ရှပ်နီအဖွဲ့ဝင် ၅၀၀၀ ခန့်သည် ရတ်ချာပရာဆွန်လမ်းဆုံ ရှိ ရှပ်နီဆန္ဒပြအဖွဲ့ဝင်များထံ လာရောက်ပူးပေါင်းခဲ့ကြသည်။ ယင်းရှပ်နီအဖွဲ့ဝင်များသည် စရဘူရီ၊ အယုဒ္ဒယနှင့် ဘန်ကောက်မြို့အဝင်ဂိတ်များရှိ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်သားများ တာဝန်ယူထားရသည့် လုံခြုံရေးဂိတ်များမှတစ်ဆင့် ဖြတ်ကျော်ဝင်ရောက်လာခဲ့ရခြင်း ဖြစ်ပြီး ယင်းလုံခြုံရေးဂိတ်များတွင် အသေးစိတ်စစ်ဆေးမှု ခံခဲ့ရသူများဖြစ်သည်။ ရတ်ချာပရာဆွန်လမ်းဆုံရှိ ရှပ်နီဆန္ဒပြစုရပ်အား အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဝန်းရံ ပိတ်ဆို့ထားခဲ့သောကြောင့် မေလ ၁၃ ရက်တွင် နှစ်ဘက်အကြား ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်မှုများ ထပ်မံဖြစ်ပွားခဲ့ပြီးနောက် ရှပ်နီအဖွဲ့၏ လုံခြုံရေးတာဝန်ခံ ထိုင်း ကြည်းတပ်မှ စစ်ရေးကျွမ်းကျင်သူ အထူးအရာရှိ ဗိုလ်ချုပ် ခတ္ထိယဆဝပ်စ်ဒီပိုမှာ စနိုက်ပါသေနတ်ဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းခံခဲ့ရပြီး ကျည်ဆံမှာ ဗိုလ်ချုပ် ခတ္ထိယ၏ နဖူးမှဝင်၍ ဇာတ်ပိုးမှတစ်ဆင့် ဖောက်ထွက်သွားခဲ့ကာ အပြင်းအထန် ဒဏ်ရာရရှိခဲ့ သည်။ ဗိုလ်ချုပ် ခတ္ထိယမှာ ဆန္ဒပြစုရပ်အနီးတွင် နိုင်ငံခြားသတင်းထောက်များနှင့် တွေ့ဆုံဆွေးနွေးမှုပြုလုပ်နေစဉ် ယင်းသို့ ချောင်းမြောင်းပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
ထိုစဉ်က ဗိုလ်ချုပ် ခတ္ထိယအား ဟွာချူးဆေးရုံရှိ အရေးပေါ်ခွဲစိတ်ခန်းသို့ ရွှေ့ပြောင်းပေး နေစဉ် အရေးပေါ်အောက်စီဂျင်ပေးထားရသည်ကို ရုပ်သံမှ တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ သည်ဆို၏။ ထို့နေ့ ညည့်နက်ပိုင်းအချိန်တွင် ဗိုလ်ချုပ် ခတ္ထိယအား ဟွာချူးဆေးရုံမှ ဝိဇယဆေးရုံသို့ ထပ်မံရွှေ့ပြောင်းခဲ့သည်။ ဗိုလ်ချုပ် ခတ္ထိယမှာ ကြည်းတပ်မှအထူး အရာရှိတစ်ဦးဖြစ်သော်လည်း နိုင်ငံရေးခံယူချက်အရ ရှပ်နီအဖွဲ့ခေါင်းဆောင်တစ်ဦး အဖြစ် ရပ်တည်ခဲ့သူဖြစ်သည်။ မေလ ၁၇ ရက် နံနက် ၉ နာရီအချိန်ခန့်တွင် ဗိုလ်ချုပ် ခတ္ထိယမှာ ၎င်းရရှိထားသည့်ဒဏ်ရာဖြင့် ဆေးရုံ၌ သေဆုံးသွားခဲ့ရသည်။ ၎င်း၏ ရုပ်အလောင်းအား မီးရှို့သဂြီင်္ုလ်သည့်အခမ်းအနားပွဲကိုမူ ဇွန်လ ၂၂ ရက်ကျမှ ပြုလုပ်ခဲ့ပြီး ရှပ်နီအဖွဲ့ဝင်များနှင့် ပြည်သူထောင်ပေါင်းများစွာ ထိုအခမ်းအနားပွဲသို့ တက်ရောက်ခဲ့ကြလေသည်။ ယင်းအခမ်းအနားပွဲတွင် ဗိုလ်ချုပ် ခတ္ထိယနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်း မှတ်တမ်းရေးသားရန်အတွက် အနံ ၃ ပေခန့်နှင့် အလျား ပေများစွာ ရှည်လျားသော ပိတ်ဖြူစအား ချိတ်ဆွဲပေးထားခဲ့ရလေသည်။ မီးသဂြီင်္ုလ်ပွဲအခမ်းအနား ကျင်းပရာ ဘုန်းတော်ကြီးကျောင်း၏ အပြင်ဘက်တွင် ဗိုလ်ချုပ် ခတ္ထိယ၏ လှုပ်ရှားမှု မှတ်တမ်းဗီစီဒီများ၊ ဓာတ်ပုံများ၊ ဗိုလ်ချုပ် ခတ္ထိယဓာတ်ပုံပါ ရှပ်အင်္ကျီအနီများ ဒီမိုကရေ စီသူရဲကောင်းစာတမ်းများ ရှပ်အင်္ကျီအနီများကို ရောင်းချခဲ့ကြရာ အခမ်းအနားသို့ တက်ရောက်လာသူများက အမှတ်တရ ဝယ်ယူသွားခဲ့ကြသည်။ ရှပ်နီခေါင်းဆောင် ကျတုဖုန်ဖရုန်ဖန်၊ ဗိုလ်ချုပ်ကြီး ပန်လော့ပင်မနီနှင့် ပရောင်းဖုန်တို့လည်း ယင်းအခမ်း အနားပွဲသို့ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတက်ရောက်လာကြသူများအားလုံး အနီရောင် (သို့မဟုတ်) အနက်ရောင်အဝတ်အစားများကိုသာ ဝတ်ဆင်လာခဲ့ကြသည် ဆို၏။ ထိုနေ့ ၁၁ နာရီ မိနစ် ၃၀ ချိန်ခန့်တွင် ဗိုလ်ချုပ် ခတ္ထိယအလောင်းအား မီးလောင် တိုက်တွင်တင်ခဲ့ပြီး ညနေ ၃ နာရီ ၄၅ မိနစ်အချိန်တွင် ဘုရင့်နန်းတွင်းအမှုထမ်းများက ဘုရင်မှပေးသနားသော ဖန်မီးအိမ်ကို သယ်ဆောင်လာခဲ့ကြကာ ညနေ ၄ နာရီအချိန်တွင် ဗိုလ်ချုပ် ခတ္ထိယ၏ သမီးဖြစ်သူ မစ္စ ခတ္ထိယက ဘုရင့်နန်းတော်မှ ထုတ်ပြန်သော အမိန့်ပြန်တမ်းနှင့် ဗိုလ်ချုပ် ခတ္ထိယ၏သမိုင်းအကျဉ်းကို ဖတ်ကြားခဲ့လေ သည်။ ညနေ ၅ နာရီအချိန်တွင် ဗိုလ်ချုပ် ခတ္ထိယ၏ အထူးချစ်ခင်လေးစားမှုကို ခံရသော အကြိုဗိုလ်လောင်းအမှတ်စဉ် ၇ ကျောင်းဆင်း ဒုတိယဗိုလ်ချုပ်ကြီး ပရစစ်ယို ထိဖိထပ်က ဘုရင့်ဖန်မီးအိမ်ဖြင့် ဗိုလ်ချုပ် ခတ္ထိယ၏အလောင်းကို မီးစတင်ရှို့ပေးခဲ့လေ သည်။ ဤသည်မှာ စစ်မှန်သော ဒီမိုကရေစီရရှိရေး တိုက်ပွဲဆင်နွှဲယင်း ကျဆုံးသွားခဲ့ရသည့် ကြည်းတပ်အထူးအရာရှိ ဗိုလ်ချုပ်တစ်ဦး၏ နောက်ဆုံးခရီးပင် ဖြစ်ပြီး ကြုံတွေ့ဘို့ရန် အလွန်ခဲယဉ်းလှသည့် အဖြစ်အပျက်တစ်ခုလည်း ဖြစ်ပေသည်။
ဗိုလ်ချုပ် ခတ္ထိယ ချောင်းမြောင်းပစ်ခတ်ခံခဲ့ရပြီးနောက် တခဏအတွင်းမှာပင် ဆာလာဒင်လမ်းဆုံနှင့် လုံမဏီပန်းခြံအနီး၌ ဗုံးလေးလုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး သေနတ်သံများလည်း ထွက်ပေါ်လာခဲ့သည်။ ယင်းဖြစ်စဉ်တွင် ရှပ်နီအဖွဲ့ဝင် ၁ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရှိခဲ့သည်။ ရှပ်နီဆန္ဒပြလှုပ်ရှားမှုကြီးအတွက် အစိုးရအဖွဲ့မှ ဖွဲ့စည်းထားသော ဒုတိယဝန်ကြီးချုပ် ဆူထစ်သောင်န်ဆူဘန် ဦးဆောင်သည့် အရေးပေါ်အခြေအနေ ဆုံးဖြတ်ရေးဗဟိုဌာနသည် ရတ်ချာပရာဆွန်လမ်းဆုံအနီးရှိ အဓိကလမ်းမကြီး ၃ ခုတို့အား ပိတ်ဆို့ရန် လုံခြုံရေးတပ်ဖွဲ့ဝင်များအား အမိန့်ပေး ခဲ့သည်။ ရှပ်နီထောက်ခံသူများအနေဖြင့် ဆန္ဒပြစုရပ်သို့ အ၀င်/အထွက်မပြု လုပ်နိုင်ရန် မေလ ၁၃ ရက် ညနေ ၆ နာရီခန့်တွင် စီစဉ်ဆောင်ရွက်ခဲ့လေသည်။ သို့သော် အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရှပ်နီဆန္ဒပြအဖွဲ့ဝင်တို့အကြားတွင် အကြမ်းဖက် တိုက်ခိုက်မှုများမှာ ထိုနေ့ တစ်ညလုံး၌ ဘန်ကောက်မြို့လယ်ခေါင်တွင် ကြိုကြား ကြိုကြား ဆက်လက်ဖြစ်ပွားခဲ့ပြီး ရှပ်နီဆန္ဒပြအဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံးခဲ့ကာ (၅)ဦး ထပ်မံထိခိုက်ဒဏ်ရာရရှိခဲ့လေသည်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment