Friday, November 7, 2014

နိဂုံး

Nov 7, 2014
ဘီလူးကျွန်းသား

အမှန်စင်စစ် ထိုင်းနိုင်ငံရေးလောကတွင် ကြီးစိုးကြသူများမှာ နန်းတွင်းအသိုင်းအဝန်းနှင့် နီးစပ်သူများ၊ မှူးပတ်မျိုးနွယ်များ၊ သြဇာအာဏာရှိသော စစ်ဘက်/နယ်ဘက်အရာရှိကြီး များ၊ နိုင်ငံရေးမိသားစုကြီးများနှင့် အထက်တန်းလွှာများသာဖြစ်ကြသည်။ နိုင်ငံရေးပါတီ ကြီး/ငယ်များစွာရှိသော်လည်း အောက်ခြေလူတန်းစားများနှင့် ရှပ်နီအဖွဲ့ဝင်တို့က ထောက်ခံအားပေးသည့် ဖွှေ့ထိုင်းပါတီနှင့် မှူးမတ်မျိုးနွယ်များ၊ အထက်တန်းလွှာ လူတန်းစားများ၊ အစိုးရအရာရှိကြီးများနှင့် ရှပ်ဝါအဖွဲ့ဝင်တို့က ထောက်ခံအားပေးသည့် ဒီမိုကရက်ပါတီဟူ၍ အဓိကနိုင်ငံရေးပါတီကြီး နှစ်ခုသာရှိပေသည်။ ယင်းပါတီကြီးနှစ်ခု အပေါ် ထောက်ခံအားပေးကြသည့် နိုင်ငံရေးခံယူချက်ခြင်းမတူညီကြသော ရှပ်နီနှင့် ရှပ်ဝါအဖွဲ့တို့သည်လည်း ၂၀၀၆ခုနှစ်မှစ၍ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ကြပြီး လူပေါင်းများစွာတို့မှာအသက်ဆုံးရှုံးခြင်း၊ ကိုယ်လက်အင်္ဂါချို့ယွင်းခြင်း၊ အလုပ် လက်မဲ့ဖြစ်ခြင်း၊ မိသားစုဝင်များဆုံးရှုံးခြင်းတို့ကို ရင်ဆိုင်ကြုံတွေ့ခဲ့ကြရသော် လည်း ယင်းအဖွဲ့အစည်းကြီးများအပေါ် သြဇာညောင်းသည့် ထိပ်တန်းခေါင်းဆောင်ပိုင်းများ မှာမူ ယခုတိုင် ရှင်သန်ရပ်တည်နေဆဲပင်ဖြစ်သည်။

နိုင်ငံရေးအင်အားစုကြီးနှစ်ရပ်၏ ထိပ်တိုက်ရင်ဆိုင်မှုများကြောင့်လည်း ပြည်တွင်း မငြိမ် မသက်မှုများ ဖြစ်ပေါ်ခဲ့ရပြီး စီးပွားရေးကျဆင်းခြင်း၊ လူမှုရေးပြဿနာရပ်များ တိုးပွား လာခြင်း၊ အလုပ်လက်မဲ့များတိုးပွားလာခြင်း၊ လူငယ်များအကြား ငွေရလွယ်သော မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း၊ အကျင့်စာရိတ္တပျက်ပြားစေသည့် ကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့ ဖြစ်ပေါ်ခဲ့ရကာ ယင်းဒုက္ခများကို ပြည်သူလူထုကပင် ခါးစည်းခံခဲ့ကြ ရသည်။ ထို့ထက်ပို၍ ဆိုးရွားသည်ကား ပြည်တွင်းမငြိမ်မသက်ခြင်း၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့ခြင်းစသည့် နိုင်ငံတော်လုံခြုံရေးအပေါ် ထိခိုက်လာနိုင်ဘွယ်ရှိသည်ဟူသော အကြောင်းပြချက်တို့ဖြင့် ထိုင်းတပ်မတော်မှ အာဏာသိမ်းခဲ့သည့်အခါ ရွေးကောက်ခံ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များဖြင့် လွှတ်တော်အစည်းအဝေးကျင်းပခြင်း၊ ဥပဒေ ပြုခြင်း၊ တရားစီရင်ခြင်းစသည်အားဖြင့် ဆောင်ရွက်ရသည့် စစ်မှန်သောဒီမိုကရေစီစနစ် ၌ ချို့ယွင်းအားနည်းချက်များ ဖြစ်ပေါ်ခဲ့ရပါသည်။ အမှန်စင်စစ် ထိုင်းနိုင်ငံသည် ဒီမိုကရေစီစနစ်ကို စတင်ကျင့်သုံးခဲ့သည်မှာ နှစ်ပေါင်း ၈၀ ကျော်ခဲ့လေပြီ။ သို့ တိုင်အောင် နိုင်ငံရေးသမားများ၏ နိုင်ငံရေးတိုက်ကွက်ဖော်မှု၊ သဘောထားကွဲလွဲမှု မှသည် ပုဂ္ဂိုလ်ရေးမုန်းတီးမှုအသွင်ရောက်အောင် ဖန်တီးမှု၊ စစ်တပ်မှ အာဏာသိမ်းမှုတို့ ဖြင့် ပြည့်နှက်နေပြီး ယခုတိုင် နှစ်ဘက်နိုင်ငံရေးအင်အားစုကြီးနှစ်ခုတို့အကြားမှ ပြဿနာရပ်များကြောင့် ၎င်းတို့၏ နိုင်ငံရေးစနစ်ကို တည်ငြိမ်အောင် မဖန်တီးနိုင်ခဲ့ သေးပေ။

ယင်းအချက်များမှာ မိမိတို့သင်ခန်းစာအဖြစ် ရယူသင့်သည့် အချက်များပင်ဖြစ်သည်။ ယခုအခါ မိမိတို့နိုင်ငံတွင် လူမှုရေးကွန်ရက်ဟုဆိုရမည့် Facebook, Twitter များကို တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြပြီဖြစ်သည်။ ထို့ကြောင့် ယင်းလူမှုရေးကွန်ရက်များကို အသုံးချကာ ဘာသာရေးခုတုံးလုပ်၍ ဆူပူအုံကြွမှုများ ဖြစ်ပေါ်လာစေရန် ဖန်တီးခြင်း၊ သတင်းမီဒီယာလွတ်လပ်ခွင့်ဟု ဟစ်အော်၍ လူထုဆူပူအုံကြွမှုဖြစ်ပေါ်လာစေရန် ဖန်တီးခြင်း၊ လူမှုရေးပြဿနာရပ်များကို ဘာသာရေးပြဿနာရပ်များအသွင် ရောက် အောင်ဖန်တီးခြင်း၊ တပ်မတော်နှင့် ပြည်သူလူထုအကြား သွေးကွဲအောင် သွေးတိုး လှုပ်ဆော်ပေးခြင်း၊ ပုဂ္ဂိုလ်ရေးမုန်းတီးမှုကို အကြောင်းပြု၍ နိုင်ငံရေး တိုက်ကွက် ဖော်ခြင်းစသည့် ပြည်သူလူထု ဆင်းရဲဒုက္ခရောက်စေမည့် လုပ်ရပ်မျိုးကို သတိပြု ရှောင်ကြဉ်သင့်ပေသည်။ အိမ်နီးချင်းနိုင်ငံ၏ နိုင်ငံရေးအခြေအနေကို လေ့လာခြင်းဖြင့် "သံကို သံချေးဖျက်သကဲ့သို့ နိုင်ငံကို နိုင်ငံရေးသမားက ဖျက်သည်"ဟူသော စကားရပ်မှာ မှန်ကန်နေဆဲဖြစ်ကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

No comments:

Post a Comment