Sunday, November 2, 2014

အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်ဦး (သို့မဟုတ်) ရှပ်နီ နိုင်ငံရေးလှုပ်ရှားမှုအဖွဲ့ United Front Democracy Against Dictatorship-UDD or Red Shirt Political Movement Group

Nov 3, 2014
ဘီလူးကျွန်းသား

နိဒါန်း

အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်ဦး (ရှပ်နီအဖွဲ့)ကို အာဏာရှင်ဆန့်ကျင်ရေး အမျိုးသားဒီမိုကရက်တစ်ညွန့်ပေါင်းအဖွဲ့ (National Democratic Alliance Against Dictatorship) ဟုလည်း ခေါ်ဆိုကြသည်။ ၂၀၀၆ခုနှစ် တွင် ထိုင်းအာဏာသိမ်းစစ်အစိုးရအဖွဲ့ကို ဆန့်ကျင်ရန်အတွက် ယင်းအဖွဲ့အား စတင်ဖွဲ့စည်းခဲ့ပေသည်။ ရှပ်နီအဖွဲ့အတွင်း ထင်ရှားသောခေါင်းဆောင်များမှာ ကျတုဖုန် ဖရုန်ဖန်၊ နတ္တဝတ် စိုင်ကူရာ၊ ဝီရ မူစီကဖုန်၊ ချရန် ဒစ်ထပီချိုင်နှင့် ဝမ်တိုကျိရာကန် တို့ပင်ဖြစ်လေသည်။

ရှပ်နီအဖွဲ့သည် ထိုင်းအာဏာသိမ်းစစ်အစိုးရအဖွဲ့ အုပ်ချုပ်ရေးကာလဖြစ်သည့် ၂၀၀၆- ၂၀၀၇ ခုနှစ်ကာလများအတွင်းက စစ်အစိုးရဆန့်ကျင်ရေး လူထုဆန္ဒပြပွဲများကို ဦးဆောင်ပြုလုပ်ခဲ့ပြီး စစ်အစိုးရအဖွဲ့ ဦးဆောင်ရေးဆွဲခဲ့သည့် ၂၀၀၇ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့်ကွက်ခဲ့သည်။ ၂၀၀၇ခုနှစ်၊ အထွေထွေရွေးကောက်ပွဲအပြီးတွင် ပြည်သူ့စွမ်းအားပါတီ (Peoples Power Party) အနိုင်ရရှိခဲ့ပြီးနောက် ရှပ်နီအဖွဲ့သည် ၎င်း၏ ဆန္ဒပြပွဲများကို ရပ်ဆိုင်းခဲ့ပေသည်။

သို့သော် ရှပ်ဝါအဖွဲ့က ၂၀၀၈ခုနှစ်၊ မေလထဲတွင် အစိုးရအိမ်တော်အား သိမ်းပိုက်ခြင်း၊ ဖူးခစ်လေဆိပ်အား သိမ်းပိုက်ခြင်း၊ ၂၀၀၈ခုနှစ် နိုဝင်ဘာလ ၂၅ ရက်နေ့တွင် ဟီရိုရှီးမား စစ်ဆင်ရေးဟု အမည်ပေးထားသည့် လူထုစည်းရုံးဆန္ဒပြပွဲအား သုဝဏ္ဏဘူမိ လေဆိပ် ရှေ့တွင်ပြုလုပ်ကာ ယင်းလေဆိပ်အား သိမ်းပိုက်ခြင်းတို့ဖြင့် ပြည်သူ့စွမ်းအားပါတီ အစိုးရအဖွဲ့အား အပြုတ်တိုက်ခဲ့လေသည်။

ထို့ကြောင့် ရှပ်ဝါအဖွဲ့၏ နိုင်ငံရေးလှုပ်ရှားမှုကြီးအပေါ် ရှပ်နီအဖွဲ့က တန်ပြန်ဆန္ဒပြမှုများ ပြုလုပ်ခဲ့ခြင်းဖြင့် နိုင်ငံရေးအင်အားစုကြီးနှစ်ရပ် ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံခဲ့ကြပြီး နောက်ဆုံး ၂၀၁၀ ခုနှစ်တွင် အဘီဆစ်ဝဲ့ချာချီဝ အစိုးရပြုတ်ကျရေး ရှပ်နီဆန္ဒပြပွဲ၌ လူပေါင်း ၉၀ ကျော်သေဆုံး၍ ၂၀၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့လေသည်။ အဘီဆစ် ဝဲ့ချာချီဝ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူစဉ်ကာလအတွင်း (၂၀၀၉ခုနှစ်၊ အေပြီလအတွင်း နှင့် ၂၀၁၀ပြည့်နှစ်၊ မတ်လနှင့်မေလအတွင်း)က ရှပ်နီအဖွဲ့ ဦးဆောင်သည့် အဓိက နိုင်ငံရေးအင်အားစုကြီးတစ်ရပ်သည် လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ထိုင်း တပ်မတော်တပ်ဖွဲ့ဝင်များနှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး နှစ်ဖက် အကြား အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကာ နောက်ဆုံး၌ ဘန်ကောက် မြို့လယ်ရှိ အထင်ကရ ကုန်တိုက်ကြီးတစ်ခုဖြစ်သော စင်ထရယ်ဝေါလ် (CEntral World) ကုန်တိုက်ကြီးမှာ မီးလောင်တိုက်သွင်းခြင်း ခံခဲ့ရသည်အထိ ဖြစ်ခဲ့ရလေသည်။

ရှပ်နီအဖွဲ့၏ လှုပ်ရှားမှုများကို လေ့လာကြည့်လျင် ပြည်ပြေး ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝပ်၊ ၎င်း၏မိသားစုဝင်များနှင့် နိုင်ငံရေးအပေါင်းအပါများအပေါ် ထောက် ခံအားပေးသည်ဟု ယူဆရသော်လည်း အမှန်စင်စစ် သက်ဆင်အပေါ် ရှပ်နီအဖွဲ့ဝင် အားလုံးက အပြည့်အဝ ထောက်ခံခြင်းမရှိကြပေ။ ရှပ်နီအဖွဲ့၏ တစ်ခုတည်းသော ဦးတည်ချက်မှာ ဒီမိုကရေစီရေးအတွက် Military Dictatorship ဆန့်ကျင်ရေးပင် ဖြစ်လေသည်။

ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment