Oct 6, 2014
ဘီလူးကျွန်းသား
ဧပြီလ ၁၀ ရက် နံနက် ၁၁ နာရီအချိန်ခန့်တွင် ရှပ်နီအဖွဲ့ခေါင်းဆောင် အရစ္စမန်ဖုန်ရူယန်ဂရွန် ဦးဆောင်သည့် ရှပ်နီဆန္ဒပြအင်အား ၁၅၀၀ခန့်သည် အာဆီယံ ညီလာခံအစည်းအဝေးကျင်းပရာ ပတ္တရားမြို့ရှိ တော်ဝင်ချောက်ကမ်းပါးကမ်ခြေ အပန်းဖြေဟိုတယ်ရှေ့သို့ ရောက်ရှိလာခဲ့ကြပါသည်။ ရှပ်နီဆန္ဒပြသူများသည် ထရပ်ကားအမိုးများပေါ်မှ အသံချဲ့စက်ဖြင့် ဝန်ကြီးချုပ် အဘီဆစ် နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြသည့်အပြင် အဘီဆစ်သည် ရွေးကောက်ပွဲမှ တက်လာသူတစ်ဦး မဟုတ်ဟု လည်း အော်ဟစ်ခဲ့ကြပါသည်။ မကြာမီ ဆန္ဒပြအင်အားမှာ ၃၀၀၀ခန့်အထိ တိုးတက်များပြားလာခဲ့ကာ ရဲတပ်ဖွဲ့မှကာရံထားသော အတားအဆီးများကို ချိုးဖျက်၍ ဟိုတယ်ခြံစည်းရိုးအနီးအထိ ချဉ်းကပ်ဝင်ရောက်ခဲ့ကြပါသည်။ ရှပ်နီအဖွဲ့ခေါင်းဆောင် အရစ္စမန်ကလည်း ထိုနေ့ ညနေ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် အသံချဲ့စက်ဖြင့် ၎င်း၏ ကြေညာချက်စာတမ်းအား အာဆီယံနိုင်ငံခေါင်းဆောင်များမှ လက်ခံပေးရန် ဟစ်အော် တောင်းဆိုခဲ့သည့်အပြင် လက်ခံခြင်းမပြုက ဟိုတယ်အတွင်းသို့ ထိုးဖေါက်ဝင်ရောက်မည်ဟု ခြိမ်းခြောက်ခဲ့လေသည်။ ထိုနေ့ည ၆ နာရီခန့်တွင် အာဆီယံအတွင်းရေးမှူးရုံးမှ ပြည်ပဆက်ဆံရေးဌာနအကြီးအကဲ မစ္စတာ ဘာလာကူးမားပလာနီယက်ပန်မှ ရှပ်နီအဖွဲ့ခေါင်းဆောင် အရစ္စမန်၏ ကြေညာချက်စာတမ်းအား လက်ခံရယူခဲ့သည်။ ယင်းစာတွင် ဝန်ကြီးချုပ် အဘီဆစ်သည် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး ပရင်နှင့် ထိုင်းစစ်တပ်အကူအညီဖြင့် အာဏာရယူခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ဒီမိုကရေစီနှင့် မကိုက်ညီသော နည်းလမ်းဖြင့် ၎င်းအား ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အဘီဆစ်အား ရာထူးမှဆင်းပေးရန်နှင့် ၂၀၀၇ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေအား ဖျက်သိမ်းပေးရန် တောင်းဆိုထားကြောင်း ဖော်ပြပေးထားပါသည်။ ၎င်းနောက် ရှပ်နီ ဆန္ဒပြအဖွဲ့ဝင်များသည် ပတ္တရားမြို့မြောက်ဘက်ရှိ Big C ကုန်တိုက်အဆောက်အအုံသို့ ပြန်လည်ထွက်ခွာသွားခဲ့ကြပြီး ဧပြီလ ၁၁ ရက်တွင် ပြန်လည်စုရုံးခဲ့ကြပါသည်။
ဧပြီလ ၁၁ ရက် နံနက်ပိုင်းမှစ၍ အာဆီယံညီလာခံအစည်းအဝေးကျင်းပရာ ပတ္တရားမြို့ရှိ တော်ဝင်ချောက်ကမ်းပါးကမ်းခြေအပန်းဖြေဟိုတယ်ရှေ့သို့ ရှပ်နီအဖွဲ့ဝင် ထောင်ပေါင်းများစွာတို့သည် တစ်ဖွဲဖွဲ့ ရောက်ရှိလာခဲ့ကြပါသည်။ အဘီဆစ်အစိုးရအဖွဲ့သည် စစ်သည်များ၊ ရဲတပ်ဖွဲ့ဝင် ၅၀၀ ဦးခန့်အား ရှပ်အင်္ကျီအပြာ များ ဝတ်ဆင်စေပြီး ဆန္ဒပြရှပ်နီအဖွဲ့အား ဝင်ရောက်တိုက်ခိုက်စေခဲ့ရာ ရှပ်ပြာ ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည်။ ထိုနေ့ နေ့လယ် ၁၂ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် ရှပ်နီအဖွဲ့ဝင် များသည် လုံခြုံရေးအတားအဆီးများကို ထိုးဖောက်၍ ဟိုတယ်မှန်တံခါးများကို ရိုက်ချိုး ဖျက်ဆီးပြီး ဝင်ရောက်လာခဲ့ကြပြီး ဝန်ကြီးချုပ် အဘီဆစ် နုတ်ထွက်ပေးရန် ကျယ်လောင်စွာ အော်ဟစ်တောင်းဆိုခဲ့ကြလေသည်။ ထိုစဉ်က ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အနုဖုန်ပေါင်ကျင်ဒါမှ ရှပ်နီဆန္ဒပြအဖွဲ့ခေါင်းဆောင် မစ္စတာ အရစ္စမန်ထံသို့ တယ်လီဖုန်းဖြင့် ဆက်သွယ်၍ အတင်းအကျပ် ဆန္ဒပြတောင်းဆိုနေမှု များအား ရပ်ဆိုင်းပေးရန် ညှိနှိုင်းခဲ့သော်လည်း ရှပ်နီခေါင်းဆောင် မစ္စတာ အရစ္စမန်က လက်ခံခဲ့ခြင်းမရှိခဲ့ပေ။ ယင်းနောင် ဝန်ကြီးချုပ် အဘီဆစ်က ထိုနေ့ နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ပတ္တရားမြို့အား အရေးပေါ်အခြေအနေအမိန့် ထုတ်ပြန် ကြေညာခဲ့ရပြီး လုံခြုံရေးအခြေအနေအား ဒုတိယဝန်ကြီးချုပ် ဆူထစ်သောင်န်ဆူဘန်က တာဝန်ယူဆောင်ရွက်ခဲ့သည်။ အဘီဆစ်အနေဖြင့် အရေးပေါ်အခြေအနေအမိန့်အား ထုတ်ပြန်ကြေညာပြီး အာဆီယံညီလာခံအစည်းအဝေး ကျင်းပခြင်းကို ဖျက်သိမ်းခဲ့ပြီး သည်နှင့်တစ်ပြိုင်နက် ရှပ်နီဆန္ဒပြအဖွဲ့သည် ဟိုတယ်မှ ချက်ချင်းပြန်လည် ထွက်ခွာ သွားခဲ့ကြပါသည်။ ယင်းနောက် ထိုင်းဝန်ကြီးချုပ် အဘီဆစ် အပါအဝင် ဧည့်သည်တော် နိုင်ငံ့ခေါင်းဆောင်များအား ဟိုတယ်ခေါင်မိုးမှတစ်ဆင့် ရဟတ်ယာဉ်ဖြင့် သယ်ထုတ်ခဲ့ရ လေသည်။ ထိုနေ့သည် အာဆီယံခေါင်းဆောင်ကြီးများ အတွက် သွေးပျက်ခဲ့ရသည့်နေ့ ဟု ဆိုရမည်ဖြစ်ပေသည်။
ဝန်ကြီးချုပ်အဘီဆစ် ယာဉ်တန်းအား ရှပ်နီအဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်း
ထိုင်းဝန်ကြီးချုပ် အဘီဆစ်သည် ဧပြီလ ၁၂ ရက် နေ့လယ် ၂ နာရီ ၃၀ မိနစ်အချိန်ခန့် တွင် ဘန်ကောက်မြို့တော်နှင့် အနီးဧရိယာတစ်ဝိုက်ရှိ ပြည်နယ်များတွင် အရေးပေါ် အခြေအနေအမိန့် ထုတ်ပြန်ကြေညာခဲ့လေသည်။ ဝန်ကြီးချုပ် အဘီဆစ်အနေဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ သွားရောက်၍ အရေးပေါ်အခြေအနေအမိန့် ထုတ်ပြန် ကြေညာပြီးနောက် ပြန်လည်ထွက်ခွာစဉ် ဝန်ကြီးချုပ်၏ ယာဉ်တန်းအား ရှပ်နီ အဖွဲ့ဝင် ၁၀၀ ကျော်ခန့်က အကြမ်းဖက်တိုက်ခိုက်ခဲ့လေသည်။ ရှပ်နီအဖွဲ့ဝင်များ၏ တိုက်ခိုက်ခဲ့ မှုကြောင့် အနီးကပ်လုံခြုံရေးယာဉ်တစ်စီး ပျက်စီး၍ ယာဉ်မောင်းတစ်ဦး ထိခိုက်ဒဏ်ရာ ရှိခဲ့သော်လည်း ဝန်ကြီးချုပ်၏ မော်တော်ယာဉ်မှာမူ ဆန္ဒပြလူအုပ်ကြီး ကြားမှ အတင်းမောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။ ဝန်ကြီးချုပ် အဘီဆစ်နှင့် ဒုတိယ ဝန်ကြီးချုပ် ဆူထစ်သောင်န်ဆူဘန်တို့သည် အရေးပေါ်အခြေအနေအမိန့်အား ထုတ်ပြန်ခဲ့ပြီးနောက် အခြားယာဉ်တစ်စီးဖြင့် ကြိုတင်ရုပ်ဖျက်ထွက်ခွာသွားခဲ့သဖြင့် ရှပ်နီအဖွဲ့ဝင်များ တိုက်ခိုက်ခဲ့သည့် ဝန်ကြီးချုပ်၏ မော်တော်ယာဉ်တွင် ဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးချုပ်တို့နှစ်ဦးစလုံး လိုက်ပါသွားခဲ့ခြင်း မရှိပေ။ ရှပ်နီအဖွဲ့ဝင်များက ဝန်ကြီးချုပ်ယာဉ်တန်းအား တိုက်ခိုက်ခဲ့ပြီးနောက် ယင်းယာဉ်တန်းနောက်မှ လိုက်ပါလာ သော ဝန်ကြီးချုပ်၏ အတွင်းရေးမှူး နိဖုန်ဖရုန်၏ မော်တော်ယာဉ်အား ဆက်လက် တိုက်ခိုက်ခဲ့လေသည်။ ရှပ်နီအဖွဲ့က ဝန်ကြီးချုပ်၏အတွင်းရေးမှူး နိဖုန်၏ယာဉ်အား ရိုက်ချိုးဖျက်ဆီးခဲ့သည့်အပြင် မစ္စတာနိဖုန်ကိုလည်း ကားထဲမှဆွဲထုတ်၍ ရိုက်နှက်ခဲ့ရာ မစ္စတာ နိဖုန်တစ်ယောက် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ရလေသည်။
ရှပ်နီဆန္ဒပြအဖွဲ့အား ထိုင်းစစ်တပ်မှ အပြင်းအထန်နှိမ်နင်းခဲ့ခြင်း
ဘန်ကောက်မြို့ရှိ ထောင်ပေါင်းများစွာသော ရှပ်နီဆန္ဒပြအဖွဲ့အား ဧပြီလ ၁၃ ရက်နေ့တွင် ထိုင်းကြည်တပ်မှ အပြင်းအထန် နှိပ်ကွပ်ခဲ့လေသည်။ ရှပ်နီအဖွဲ့က ဝီဘဝဒီရန်ကစစ်လမ်း၊ ဒင်းဒန်ရပ်ကွက်၊ အောင်ပွဲအထိမ်းအမှတ်ကျောက်တိုင်အနီးရှိ ရတ်ခ်ျဝတီဆေးရုံရှေ့တွင်လည်း ကားတာယာများကို မီးပုံရှို့ထားခဲ့သည့်အတွက် ယင်းဧရိယာတစ်ဝိုက်တွင် မီးခိုးများဖြင့် ဖုံးလွှမ်းနေခဲ့ရသည်။ ထိုင်းကြည်းတပ်မှ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရှပ်နီဆန္ဒပြအဖွဲ့တို့အကြား တစ်ဖက်နှင့်တစ်ဖက် အကြမ်းဖက် တိုက်ခိုက်ခဲ့မှုကြောင့် ထိုနေ့တစ်နေ့တည်းတွင်ပင် လုံခြုံရေးတပ်ဖွဲ့ဝင် ၂၃ ဦးနှင့် ရှပ်နီ ဆန္ဒပြအဖွဲ့ဝင် ၅၁ ဦး၊ ပေါင်း ၇၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရလေသည်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment