Nov 5, 2014
ဘီလူးကျွန်းသား
ရှပ်နီအဖွဲ့အား ၂၀၀၆ခုနှစ် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြုတ်ကျအပြီး ရွေးကောက်ပွဲ များ ပြန်လည်မကျင်းပမီ သီတင်း(၅)ပတ်ခန့်အလို၌ စစ်တပ်မှ အာဏာသိမ်းမှုနှင့် စစ်အစိုးရအုပ်ချုပ်ရေးကို ဆန့်ကျင်ရန်အတွက် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ ထိုင်းဘုရင့် နန်းတော်မှ အတွင်းလူများ(ကပ်ဖားရပ်ဖားများ(သို့မဟုတ်) ကတ္တီပါလက်အိပ်ဖြင့် ဘော ပွတ်ပေးသူများ)၊ စစ်တပ်အကြီးအကဲများနှင့် အစိုးရအရာရှိကြီးများ၊ မင်းမျိုးမင်းနွယ်၊ မှူးမတ်မျိုးနွယ်များသာ အစဉ်အလာအားဖြင့် ကြီးစိုးခဲ့သည့် ထိုင်းနိုင်ငံ ရေးစနစ်ကို ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်များနှင့် အစားထိုးပြောင်းလဲအုပ်ချုပ်ရန် ရှပ်နီ အဖွဲ့က တောင်းဆိုခဲ့ကြလေသည်။ ရှပ်နီအဖွဲ့၏ အဓိကပစ်မှတ်ရန်သူကြီးမှာ တစ်ချိန် တစ်ခါက "ကျောက်ဖရားမြစ်ရိုးတစ်လျှောက်မှ လူသတ်သမားကြီး"ဟု အမည်တွင်ခဲ့ သည့် စစ်ဗိုလ်ချုပ်ကြီးဟောင်းဖြစ်သူ ဝန်ကြီးချုပ်ဟောင်းတစ်ဖြစ်လည်း ဘုရင့်အတိုင် ပင်ခံကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီး ပရင်တင်စူလာနွန်ဒါ ပင်ဖြစ်လေသည်။ ထိုင်း နိုင်ငံရေးလောကတွင်းသို့ ဘုရင့်နန်းတော်မှ အတွင်းလူများ၏ ဝင်ရောက် စွက်ဖက်နေမှုများကို ရပ်ဆိုင်းပေးရန် ရှပ်နီအဖွဲ့က တောင်းဆိုခဲ့သည့်အတွက် ဆန့်ကျင်ဖက် နိုင်ငံရေးအင်အားစုကြီးတစ်ခု ဖြစ်သည့် ရှပ်ဝါအဖွဲ့က ရှပ်နီအဖွဲ့အပေါ် "ထိုင်းစည်းမျဉ်းခံဘုရင်စနစ်အား ဆန့်ကျင်သူများ" ဟု ဝေဖန်ပုတ်ခတ် စွပ်စွဲခဲ့ကြလေ သည်။ ယင်းစွပ်စွဲချက်များကြောင့်ပင် ရှပ်နီအဖွဲ့ခေါင်းဆောင် အများအပြားမှာ ထိုင်း ဘုရင်နှင့် ပတ်သက်သည့် ဥပဒေများကို ချိုးဖေါက်ခဲ့သူများဟု စွဲချက်တင်ခံရကာ ထောင်နန်းစံ ခဲ့ကြရလေသည်။ သို့သော် အလွန်စိတ်ဝင်စားဖွယ်ကောင်းသည့် အချက် မှာ ထိုစွပ်စဲခံရသူ၊ ထောင်နန်းစံခဲ့ကြရသူများထဲမှ အချို့မှာ ဝန်ကြီးချုပ်ဟောင်း သက်ဆင်၏ အငယ်ဆုံးညီမဖြစ်သူ မစ္စ ယင်းလပ် ဝန်ကြီးချုပ်ဖြစ်လာခဲ့သည့် ဖွှေ့ထိုင်း ပါတီအာဏာရခဲ့ချိန်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ်များ ဖြစ်လာခဲ့ကြ လေသည်။ ထိုသူများအနေဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ်များ ဖြစ်လာခဲ့ ချိန်တွင် ၁၉၉၇ခုနှစ်နှင့် ၂၀၀၇ခုနှစ်က အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးများ ဦးဆောင် ရေးဆွဲခဲ့သည့် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အစားထိုးပြင်ဆင်ရန် ပြင်းပြင်း ထန်ထန် တောင်းဆို ခဲ့ကြလေသည်။
နိုင်ငံရေးတိုက်ပွဲဆင်နွှဲခဲ့မှုများ
၂၀၀၆ခုနှစ် သက်ဆင်အစိုးရအဖွဲ့အား စစ်တပ်မှ အာဏာသိမ်းခဲ့ပြီးချိန်မှစ၍ ရှပ်နီအဖွဲ့ ပေါ်ပေါက်လာကာ နိုင်ငံရေးဆန့်ကျင်ဖက်ဖြစ်သည့် ရှပ်ဝါအဖွဲ့အား စစ်တပ်အပေါ် ထောက်ခံသူများဟု စွပ်စွဲခဲ့ကြလေသည်။ ထိုအချိန်မှစ၍ ရှပ်နီနှင့်ရှပ်ဝါ နိုင်ငံရေး အင်အားစုကြီးနှစ်ရပ်အကြားတွင် နိုင်ငံရေးသဘောထားနှင့် ခံယူချက်များ အကြီး အကျယ် ကွဲလွဲခဲ့ကာ နှစ်ဖက်အကြား နိုင်ငံရေးအကြမ်းဖက်တိုက်ခိုက်မှုများ တစ်စထက် တစ်စ ကြီးထွားလာခဲ့ရလေသည်။ ၂၀၀၈ခုနှစ်၊ ဇူလိုင်လတွင် ဥဒုံဌာနီပြည်နယ်၌ ဖြစ်ပွားခဲ့သည့် နှစ်ဖက်ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်မှုများတွင် ရှပ်နီအဖွဲ့က နိုင်ငံရေး စုရုံးမှုပြုလုပ်နေသည့် ရှပ်ဝါအဖွဲ့အပေါ် တိုက်ခိုက်ခဲ့သည့်အတွက် ရှပ်ဝါ အဖွဲ့ဝင်များစွာ ထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။ အလားတူ ရှပ်နီအဖွဲ့၏ နိုင်ငံရေးအမာခံ နယ်မြေတစ်ခု ဖြစ်သည့် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ပြည်နယ်တွင် ပြုလုပ်ခဲ့သည့် ရှပ်ဝါအဖွဲ့၏ အစည်းအဝေးတစ်ခုကိုလည်း ရှပ်နီအဖွဲ့က တိုက်ခိုက်ခဲ့သည်။
၂၀၀၈ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့မတိုင်မီတွင် ဘန်ကောက်မြို့ စနန်လူဝမ် အားကစားကွင်းအတွင်း စုရုံးလျက်ရှိသည့် ရှပ်နီအဖွဲ့ဝင်များသည် ရတ်ချာဒမ်နွန် ရိပ်သာလမ်းတွင် စုရုံးဆန္ဒပြနေကြသည့် ရှပ်ဝါအဖွဲ့အား တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြ လေသည်။ ရှပ်နီ၊ ရှပ်ဝါ နိုင်ငံရေးအင်အားစုကြီးနှစ်ရပ်၏ ယင်းထိပ်တိုက် ရင်ဆိုင် တိုက်ခိုက်မှုတွင် နှစ်ဖက်စလုံးတို့မှ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြပြီး ရှပ်နီအဖွဲ့မှ လူတစ်ဦး သေဆုံးခဲ့ရသည်။ ယင်းဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အတွင်း၌ အပျော့စားအဆင့်ရှိသည့် အရေးပေါ်အခြေအနေအမိန့်ကို ထုတ်ပြန်ခဲ့ရလေသည်။ ထိုင်းစစ်တပ်မှ နှစ်ဖက်အုပ်စုအား လူစုခွဲရန် တောင်းဆိုခဲ့သော်လည်း နှစ်ဖက်စလုံးတို့မှ စုရုံးဆန္ဒပြ လူအုပ်စုကြီးမှာ လူစုခွဲခဲ့ကြခြင်း မရှိခဲ့ပေ။ ထိုအချိန်မှစ၍ ထိုင်းနိုင်ငံရေး လောက ဇာတ်ခုံပေါ်တွင် ရှပ်နီအဖွဲ့သည် ရှပ်ဝါအဖွဲ့၏ အဓိကနိုင်ငံရေးဆန့်ကျင်ဖက် အုပ်စုကြီးတစ်ခုဖြစ်လာခဲ့ကာ ရှပ်နီနှင့်ရှပ်ဝါ နိုင်ငံရေးအုပ်စုကြီးနှစ်ခုအကြားတွင်လည်း နိုင်ငံရေးသဘောထား ကွဲလွဲမှုများ နက်ရှိုင်းစွာ ဖြစ်ပေါ်ခဲ့ရလေသည်။
ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment