Saturday, June 28, 2014
၂၀၁၅ခုနှစ်၊ အောက်တိုဘာလအတွင်း ရွေးကောက်ပွဲကျင်းပမည်ဟု ထိုင်းအာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီး ပြောကြား
The Nation, June 28, 2014
ဘီလူးကျွန်းသား
လွှတ်တော်ကိုယ်စားလှယ်အမတ်များ ရွေးကောက်တင်မြှောက်ခြင်းကို ၂၀၁၅ခုနှစ်၊ အောက်တိုဘာလအတွင်း ကျင်းပပြုလုပ်နိုင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး ဒီမိုကရေစီ နည်းကျ အစိုးရအဖွဲ့တစ်ရပ်ကိုလည်း ၂၀၁၅ခုနှစ်နှောင်းပိုင်းမှာ ဖွဲ့စည်းပေးသွားနိုင်မယ် လို့ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာက ဇွန်လ ၂၇ ရက်နေ့ည ၎င်းရဲ့ အပတ်စဉ် ရုပ်သံလွှင့်အစီအစဉ်တစ်ခုမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ယာယီဥပဒေတစ်ရပ်ကို လာမယ့် ဇူလိုင်လအတွင်း ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကိုတော့ ၂၀၁၅ခုနှစ်၊ သြဂုတ်လအတွင်းမှာ ထုတ်ပြန် ကြေညာသွားနိုင်မယ်လို့ ထိုင်းအာဏာသိမ်းခေါင်းဆောင် NCPO အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ် က ပြောကြားခဲ့ပါတယ်။
ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်တာဝန်လဲ ယူထားသူ NCPO အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယုဒ် ရဲ့အဆိုအရ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်ကို အစားထိုးထုတ်ပြန်ပြီးတဲ့အခါ NCPO ရဲ့ ကြားဖြတ်အစိုးရအဖွဲ့ဟာ လွှတ်တော်ကိုယ်စားလှယ်အမတ်အသစ်များကို ရွေးကောက်တင်မြှောက်နိုင်ဘို့အတွက် ကြိုတင်ပြင်ဆင်ဖို့ရာ အချိန်(၃)လခန့် ယူရမှာ ဖြစ်တယ်လို့ သိရပါတယ်။
ပြည်သူတွေအနေနဲ့ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရအဖွဲ့ တစ်ရပ်ကို ၂၀၁၅ခုနှစ်အတွင်း ရရှိမှာဖြစ်ကြောင်း၊ ကျေးဇူးပြုပြီး အေးအေးဆေးဆေး နေကြပါ။ ပြုပြင်ပြောင်းလဲရေးများအတွက် ကျွန်တော်တို့ အချိန်လိုအပ်ကြောင်း၊ ကိစ္စရပ်များကို လာမယ့် ၂၀၁၅ခုနှစ်မှာ အပြီးဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ကြားဖြတ် အစိုးရအဖွဲ့ရဲ့ ယာယီဥပဒေကို အစားထိုးထုတ်ပြန်ပြီးတဲ့နောက် တစ်လခန့်အကြာမှာ အမျိုးသားဥပဒေပြုညီလာခံကို ဖွဲ့စည်းသွားမှာဖြစ်ကြောင်း၊ ကြားဖြတ်အစိုးရအဖွဲ့သစ် အနေနဲ့ လာမယ့် စက်တင်ဘာလအတွင်းမှာ လုပ်ငန်းဆောင်တာများကို စတင်ဆောင် ရွက်သွားမှာဖြစ်ကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင် နဲ့ တရားစီရင်ရေးစနစ်တို့လို နယ်ပယ်အားလုံးမှာ ပြုပြင်ပြောင်းလဲရေးလုပ်ဘို့အတွက် ကြားဖြတ်အစိုးရအဖွဲ့အနေနဲ့ ယာယီဥပဒေတစ်ရပ် လိုအပ်မှာဖြစ်ကြောင်း၊ အဲဒီယာယီ ဥပဒေကမှတစ်ဆင့် အမျိုးသားပြုပြင်ပြောင်းလဲရေးကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး နယ်ပယ်အားလုံးမှာ ပြုပြင်ပြောင်းလဲရေးတွေကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ပြုပြင် ပြောင်းလဲရေးတွေ အောင်မြင်ဘို့အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်တစ်ရပ်ကို ဘယ်လိုရေးဆွဲသင့်တယ်ဆိုတာကိုလည်း ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေးကော်မတီ ကို အကြံပြုပြောကြားထားတယ်လို့ ဗိုလ်ချုပ်ကြီး ပရာယုဒ် က ဆိုပါတယ်။
Isra သတင်းဌာနရဲ့ သတင်းထုတ်ပြန်ချက်အရတော့ ကြားဖြတ်အစိုးရအဖွဲ့တစ်ရပ် ဖွဲ့စည်းပြီးသွားရင်လည်း NCPO ရဲ့ သြဇာအာဏာဟာ ဆက်လက်တည်ရှိနေမှာပဲ ဖြစ်ကြောင်း၊ ကြားဖြတ်အစိုးရအဖွဲ့ရဲ့ ယာယီဥပဒေထဲမှာ အခန်း(၁၇)ခန်းပါဝင်ပြီး အစိုးရအဖွဲ့ထက် NCPO ကို လုပ်ပိုင်ခွင့် ပိုပေးထားမှာဖြစ်တယ်လို့ သိရပါတယ်။
ကြားဖြတ်အစိုးရအဖွဲ့ ဖွဲ့စည်းပြီးတာနဲ့တစ်ပြိုင်နက် အမိန့်တွေထုတ်ပြန်ဖို့၊ ကြေညာချက် တွေထုတ်ဖို့နဲ့ အမျိုးသားလုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်နိုင်ဖို့အတွက် NCPO အနေနဲ့ အာဏာဆက်လက်ဆုပ်ကိုင်ထား မှာဖြစ်တယ်။ NCPO ကခန့်အပ်မဲ့ အမျိုးသားဥပဒေပြု ညီလာခံအဖွဲ့ဝင် (၂၀၀)ဦးထဲမှာ လည်း စစ်ဘက်အဆင့်မြင့်အရာရှိကြီးတွေက ထက်ဝက်ပါဝင်မှာဖြစ်တယ်။
ယခုအချိန်အထိတော့ ကြားဖြတ်အစိုးရအဖွဲ့ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲရေး အဖွဲ့ကို ဦးဆောင်ဖို့အတွက် NCPO ရဲ့ ဖိတ်ကြားချက်ကို ဥပဒေအထူး ကျွမ်းကျင် ပညာရှင် (၄)ဦးတို့က ပယ်ချထားပါတယ်။ အဲဒီပညာရှင်တွေကတော့ နိုင်ငံတော် ကောင်စီအကြီးအကဲ မီချိုင်းရူချူဖန်၊ NCPO အကြံပေး ဝိစနု ကရီယာငန်၊ ကင်းပရာ ဂျာဒီပို့တက္ကသိုလ် အတွင်းရေးမှူးချုပ် ဒေါက်တာ ဘိုဝမ်ဆတ်အုဝမ်နိုနဲ့ ထမ္မာဆတ် တက္ကသိုလ်က ပါမောက္ခ ဆွမ်ကစ်လာ့တ်ပိုင်ထွန် တို့ပဲဖြစ်ပါတယ်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment