Wednesday, June 25, 2014

ခေါက်ရိုးကျိုးနေသော အစိုးရဝန်ကြီးဌာနများ

ဟိုတလောက လှည်းတန်းဈေးမှာ ဓာတ်ကြိုးပြတ်ကျလို့ လူသေဆုံးတဲ့ဖြစ်စဉ် ဖြစ်ပြီး ကတည်းက ကျွန်တော်ဒီဆောင်းပါးလေးကို ရေးချင်နေတာကြာပါပြီ။ အခုမှရေး ဖြစ်တာပါ။ ခေတ်အဆက်ဆက် ခြစားနေသော ဝန်ကြီးဌာနများရဲ့ အဖြစ်အပျက် လေးတွေပါ။ ဒါတွေကို မပြင်နိုင်သေးသ၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် ဖြစ်ဘို့ဆိုတာ မဖြစ်နိုင်ပါ။

နဝတ စစ်အစိုးရလက်ထက် နိုင်ငံတော်သတင်းစာတွေကနေ အစိုးရရဲ့အာဘော်တွေ ကို ကြေငြာပါတယ်။ တအိမ်ထောင်လျင် တနေ့ လေးပေမီးချောင်း(၁)ချောင်း သုံးစွဲမှု ချွေတာလျင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဆိုပါက ရန်ကုန်မြို့ကြီး(၁)မြို့ကို လျှပ်စစ် ဓာတ်အား ပေးနိုင်တယ်။ ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့ဗျာ။

ကျွန်တော်တို့က နယ်မြို့လေးတစ်မြို့ကပါ။ နဝတ စစ်အစိုးရလက်ထက် လျှပ်စစ်မီတာ တစ်လုံးတပ်ဆင်ဘို့ဆိုတာ လွယ်ကူသော ကိစ္စမဟုတ်ပါ။ အချိန်ကာလအားဖြင့် အကြာ ကြီးစောင့်ဆိုင်းရပါတယ်။ ရဘို့ဆိုတာလည်းမလွယ်ကူပါ။ ကံအားလျော်စွာဖြင့် စစ်ဘက် က လူတစ်ယောက်ရဲ့အဆက်အသွယ်နဲ့ ကျွန်တော်လျှပ်စစ်မီတာ တပ်ဆင်ဘို့ အကြောင်းဖန်လာပါတယ်။ ပထမဦးဆုံး တပ်ဆင်ဘို့ ဈေးနှုန်းစုံစမ်းကြည့်လိုက်တော့ မီတာတပ်ပြီး အပြီးအစီးကို (၅)သိန်းဆိုတော့ ကျွန်တော်အပါအဝင် လူ(၅)ဦးကို မှတ်ပုံတင်နဲ့တကွ စာရင်းပေးလိုက်ပါတယ်။ စာရင်းကတော့ ထွေထွေထူးထူးမဟုတ်ပါ။ နေရပ်လိပ်စာနဲ့ မှတ်ပုံတင်နံပါတ်ကို ပေးလိုက်ရုံပါဘဲ။ သို့ပေမဲ့ နောက်ပိုင်းဖြစ်လာတဲ့ ပြဿနာ၊ ပေးဆပ်လိုက်ရတဲ့ ငွေကြေးပမာဏကတော့ ကျွန်တော်တို့လို သာမန် လူတွေအဖို့ကတော့ မနည်းလှပါ။

ထိုအချိန်က စစ်ဘက်ရုံးမှာ ဝန်ကြီးဌာနက ဝန်ကြီးတွေအစည်းအဝေးတက်ရပါတယ်။ အစည်းအဝေးလာတက်သော လျှပ်စစ်ဝန်ကြီးကို စစ်ရုံးမှ လူကြီးနားကပ်နေသော ကပ်ဖားများက ကျွန်တော်တို့ပေးလိုက်သော မှတ်ပုံတင်နဲ့ နေရပ်လိပ်စာကို လျှောက်လွှာရေး ဝန်ကြီးကိုပြပြီး လက်မှတ်အတင်းထိုးခိုင်းပါတယ်။ ဝန်ကြီးများ ကလည်း ထိုအချိန်က စစ်ရုံးဆိုတာ ကြောက်ရတာမျိုးဆိုတော့ လက်မှတ်ထိုးပေး တာပေါ့ဗျာ။ ထိုစလစ်လက်မှတ်တစ်စောင်သည် ပြင်ပကာလပေါက်ဈေးတွင် ကျပ် (၅)သိန်း ပတ်ဝန်းကျင်ရှိပါတယ်။

မီတာလျှောက်သူများတွင် ကျွန်တော်အပါအဝင်၊ ယောက္ခမ၊ ခယ်မနဲ့ ရပ်ကွက်ထဲက လူဦး(၂)ဦး၊ ပေါင်း (၅)ဦးဖြစ်ပါတယ်။ တစ်ဦးကို ငွေ(၅)သိန်းနှုန်းနဲ့ စုစုပေါင်း (၂၅)သိန်းကို အဲဒီလူကြီးနားကပ်နေသော ထိုကပ်ဖားဆီသို့ ဘဏ်ကနေတဆင့် ပို့ပေးရပါတယ်။

စစ်ဘက်အုပ်ချုပ်နေသော ကာလတစ်လျှောက်လုံး ထိုလူကြီးနားကပ်နေသော ကပ်ဖား သည် လူတစ်ဦးလျင်(၅)သိန်းနှုန်းဖြင့် တစ်နိုင်ငံလုံးမှ လူများကို မည်မျှလိမ်စားခဲ့မည် ဆိုတာကို ခန့်မှန်းကြည့်နိုင်တယ်။ ကျွန်တော်တို့ပထမသိသော ဈေးနှုန်းနှင့် ကွာခြားနေ သည်ကို သိသော်အခါ မယူရန်ငြင်းဆိုသော် ထိုလူသည် လူကြီးအရှိန်အဝါ၊ ဌာန အရှိန်အဝါဖြင့် ကျွန်တော်တို့ကို ခြိမ်းခြောက်ပါတယ်။ နောက်ဆုံးပြဿနာဖြစ်မှာစိုးတာနဲ့ စကားနည်းရန်စဲ သဘောမျိုးနဲ့ ငွေ(၂၅)သိန်းကို ဘဏ်ကနေတဆင့်ပို့ပေးလိုက်ရ ပါတယ်။

မီတာစလစ်တော့ရပြီး သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ကိုသွားပြတော့ ပြဿနာက စတော့တာဘဲ။ မီတာရုံးစာရေးမက ရှင်တို့လျှောက်လွှာတောင် မတင်ရသေးဘဲနဲ့ ဒီစလစ်က ခွင့်ပြုလို့မရဘူးဆိုပြီး ပြောပါတော့တယ်။

နောက်ဆုံးတော့ မီတာတပ်ဆင်ဘို့ သတ်မှတ်ချက်နဲ့ညီအောင် လျှောက်လွှာက အစအဆုံး အသစ်ပြန်လုပ်ရပါတယ်။ သန်းခေါင်စာရင်း၊ ထောက်ခံချက်အမျိုးမျိုးသော ပုံစံတွေဖြည့်ပြီးတင်ရပါတယ်။ လျှောက်လွှာတင်ပြီးပေမဲ့ အိမ်တွင်းမီတာတပ်ဆင်ဘို့ အတွက် မီးလိုင်းရိုက်ရပါတယ်။ မီးလိုင်းရိုက်သူဆိုတာက ကိုယ်ကြိုက်တဲ့လူနဲ့ ရိုက်ရတာ မျိုးမဟုတ်။ မြိုနယ်လျှပ်စစ်ရုံးနဲ့ လက်ဝါးချင်းရိုက်ထားသော မီးလိုင်းရိုက်သည့် အဖွဲ့နဲ့ ရိုက်မှသာ တရားဝင်တယ်ဆိုတော့ မီတာတပ်ဆင်ပြီးဆိုတာနဲ့ မီးလိုင်းရိုက်သည့် အဖွဲ့သည် အိမ်ကိုတန်းရောက်လာတော့တယ်။

ဒီလိုနဲ့ဘဲ အိမ်တွင်လျှပ်စစ်မီးလင်းသည့်အချိန်ထိ ငွေကြေးကုန်ကျမှုများကို ပြန်တွက် ကြည့်သော် မီတာတစ်လုံးလျှင် ငွေ(၁၀)သိန်းနီးပါး ကုန်ကျပါကြောင်း။

ကျွန်တော်တို့လမ်းထဲကို ဝင်လိုက်တာနဲ့ ယခင်ဆည်အတွက် သွယ်တန်းထားသော ပါဝါ ဓာတ်အားလိုင်းကြိုးကြီးရှိပါတယ်။ စိုက်ထူထားတာတွေက သစ်သားတိုင်ကြီးတွေနဲ့ ဖြစ်ပါတယ်။ အချိန်ကာလ ကြာမြင့်လာသောအခါ ထိုဓာတ်အားတိုင်များသည် ယိုင်နဲ့ လာပါတယ်။ ဒါကို ပြင်ဆင်ဘို့ဆိုတာဝေလားဝေး။ မိုးတွင်းဆို ဘယ်အချိန်များ ဓာတ်တိုင် ကျိုးကျမလဲဆိုတာကိုဘဲ စိတ်ပူနေရတာပါ။

ဒါကိုစားပေါက်ချောင်းနေတဲ့ မြို့နယ်လျှပ်စစ်ရုံးက လူတွေက စားပေါက်ထွင်ပါ တော့တယ်။ လမ်းထဲတွင် မီတာတပ်ဆင်ထားသည့် အိမ်ပေါင်း(၈၀)ကျော်ခန့် ရှိပါတယ်။ လျှပ်စစ်ရုံးကလူတွေက မီးတိုင်လဲရမှာဖြစ်ကြောင်း၊ သွယ်တန်းထားသော လျှပ်စစ်ကြိုး များကို အသစ်ပြန်လဲမှသာ ဓာတ်အားကောင်းမှာဖြစ်ကြောင်းဆိုပြီး စည်းရုံးပါ တော့တယ်။ ရပ်ကွက်ထဲလူတွေ စုပေါင်းတိုင်ပင်ပြီး ဓာတ်တိုင်ကျိုးကျမှာ ကြောက်ရတဲ့အတွက် စုပေါင်းပြီး ကွန်ကရစ်တိုင်ထူရန် သဘောတူလိုက်ပါတယ်။

တစ်အိမ်ထောင်လျှင် ငွေ(၁)သောင်းနှုန်းဖြင့် အိမ်(၈၀)ကျော်ဆိုတော့ (၈)သိန်း၊ တပ်နိုင် သည့် လုပ်ငန်းရှင်များကတော့ ပိုထည့်ငွေနဲ့ဆိုလျှင်တော့ (၁၀)သိန်းကျော်ရှိပါတယ်။ ကွန်ကရစ်ဓာတ်တိုင်ထူ၊ ကြိုးလဲပြီးတော့ ဖြုတ်ထားတဲ့ သစ်သားတိုင်တွေကို ပြန်မဘို့ လုပ်တော့ ရပ်ကွက်ထဲကလူတွေနဲ့ စကားများကြပါသေးတယ်။ ကျွန်တော်ဆို လိုချင်တာက ဒီအန္တရာယ်ရှိတဲ့သစ်သားတိုင်တွေ လဲဘို့ဆိုတာက အစိုးရမှာ တာဝန်မရှိ တော့ဘူးလား။ အားလုံးကို ကိုယ်ထူကိုယ်ထ လျှောက်လုပ်ခိုင်းနေမှတော့ ပြည်သူ့တွေ မှာ မနိုင်ဝန်ထမ်းရတာနဲ့ မတူဘူးလား။ ဝန်ကြီးဌာန ဝင်ငွေတိုးတက်ရရှိဘို့အတွက် မီတာတွေ နင်းကန်စွတ်ချပြီး ထရမ်စဖော်မာကမနိုင်ထပေါက်။ ထပေါက်လို့ အစိုးရ အသစ်လဲဘို့ နေနေသာသာ ထရမ်စဖော်မာအသစ်ရဘို့ကို ကိုယ်ထူကိုယ်ထလုပ်ရပြန် ဒါနဲ့ဘဲ လုံးလယ်ချလပတ်လိုက်နေတာ။

ပြည်သူတွေ ယုံကြည်ကိုးစားတဲ့ အစိုးရဖြစ်ဘို့ဆိုတာက ပြည်သူ့တွေရဲ့လိုအပ်ချက်တွေ ကို အသေးအဖွဲ့ကအစ အားလုံးကို စဉ်းစားပေးရမှာပါ။ အခုကျွန်တော်တင်ထားတဲ့ ဓာတ်ပုံကိုလည်း ကြည့်ပါ။ အလွန်အန္တရာယ်ရှိတဲ့ အနေအထားမှာပါ။ ဒါကို ဘယ်တော့မှပြင်မှာလဲ။ လူတွေအသက်တွေ သေဆုံးမှပြင်မှာလား။ ဒါမှမဟုတ် နိုင်ငံတော် ဘတ်ဂျတ်ရမှ ပြင်မှာလား၊ ပြည်သူတွေ ကိုယ်ထူကိုယ်ထ လုပ်မှာကို စောင့်ကြည့်နေတာလား ဆိုတာကိုတော့ တင်မောင်သားတို့ ရင်တမမနဲ့ စောင့်ကြည့် ရအုံးမှာဖြစ်ကြောင်းပါခင်ဗျား။

ရွှေမန်းတင်မောင်သား

No comments:

Post a Comment