Friday, June 27, 2014

ထိုင်းနိုင်ငံပြုပြင်ပြောင်းလဲရေးနှင့်တကွ အာဏာအလွဲသုံးစားမှုများ အဆုံးသတ်ရန် လိုအပ်သည်ဟု နိုင်ငံရေးသိပံပညာရှင် မစ္စတာ လီခစ်ပြောကြား


Bangkok Post, June 27, 2014
ဘီလူးကျွန်းသား

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ကင်းပရာဂျာဒီပို (King Prajadhipok) တက္ကသိုလ်တွင် ဇွန်လ ၂၆ ရက်နေ့က ထိုင်းနိုင်ငံပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ရပ် ကျင်းပ ပြုလုပ်ခဲ့ပြီး ၎င်းဆွေးနွေးပွဲတွင် တော်ဝင်တက္ကသိုလ်မှ နိုင်ငံရေးသိပံပညာရှင် မစ္စတာ လီခစ်ဒီရာဝီဂျင် က "အာဏာချိန်ညှိခြင်း"ဟူသည့် ခေါင်းစဉ်ဖြင့် ပါဝင်ဆွေးနွေးခဲ့ပါ သည်။

မစ္စတာ လီခစ်က "ထိုင်းနိုင်ငံရေးစနစ်အား ပြုပြင်ပြောင်းလဲရန် လိုအပ်သကဲ့သို့ အာဏာ ချုပ်ကိုင်ထားသူများကိုလည်း ပြုပြင်ပြောင်းလဲရန် လိုအပ်ကြောင်း၊ အကြောင်းရင်းမှာ အာဏာချုပ်ကိုင်ထားရန် ကြိုးပမ်းသူများက ၎င်းတို့အာဏာ အလွဲသုံးစားပြုလုပ်နိုင်ရေး အတွက် တရားဥပဒေဂယ်ပေါက်များအား အစဉ်အမြဲ ရှာဖွေထားကြလိမ့်မည်ဖြစ်သော ကြောင့်ပင်ဖြစ်ကြောင်း၊ နိုင်ငံရေးစနစ်တစ်ခုတည်းကိုသာ ပြောင်းလဲခြင်းဖြင့် ထိုင်းနိုင်ငံ၏ ကြောက်မက်ဖွယ်ရာ နိုင်ငံရေးအာဏာသိမ်းမှုသံသရာများ (Vicious Political Cycle of Coups)ကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ရန် မလုံလောက်ကြောင်း၊ ရွေးကောက်တင်မြှောက်ခံ အစိုးရအဖွဲ့များအနေဖြင့်လည်း ၎င်းတို့၏အာဏာ အလွဲသုံးစားပြုလုပ်မှုကို အဆုံးသတ်ရန် လိုအပ်ကြောင်း၊ ပြည်သူများအနေဖြင့် ဇီဝ ဖြစ်တည်မှုမှသည် လူမှုအဖွဲ့အစည်းဖြစ်တည်မှုအဆင့်သို့ ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး ယနေ့ခေတ်တွင် နိုင်ငံရေးဖြစ်တည်မှုအဆင့်သို့ တက်လှမ်းရန် မျှော်မှန်းနေကြပြီ ဖြစ်ကြောင်း၊ သို့သော် ဒီမိုကရေစီစနစ်၏ လုပ်ငန်းဆောင်တာများအား ဆောင်ရွက်နိုင်ရန်အတွက် ပြည်သူများတွင် ကိုယ်ကျင့်တရားဆိုင်ရာ ဖြစ်တည်မှုများ လိုအပ်နေသေးကြောင်း၊ ဖြစ်ပေါ်လာမည့် စိတ်ပိုင်းဆိုင်ရာဖြစ်တည်မှု နောက်ဆုံးအဆင့် မှာ နိုင်ငံရေးသမားများနှင့် လူထုနှစ်ရပ်စလုံးတို့အကြားတွင် လူ့အဖွဲ့အစည်း ဖော်ဆောင် မည့်စိတ်ဓာတ် အမှန်တကယ်ဖြစ်ထွန်းနေရေးပင် ဖြစ်ကြောင်း၊ ပညာရေးအပေါ် အလေးအနက်ထား အာရုံစိုက်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုများ ဖြစ်ပေါ်လာမည် ဖြစ်ပြီး လူတိုင်းလူတိုင်း ပညာတတ်မြောက်ရေးမှာ အစိုးရ၏ တာဝန်ပင်ဖြစ်ကြောင်းဖြင့် ဆွေးနွေးခဲ့ပါသည်။

ယင်းဆွေးနွေးပွဲတွင် အစိုးရအဖွဲ့၏ မဏ္ဍိုင်များဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးမဏ္ဍိုင်(၃)ရပ်အကြားရှိ အာဏာချိန်ညှိမှုပြဿနာများကိုလည်း ထည့်သွင်း ဆွေးနွေးခဲ့ကြပါသည်။

ထိုင်းနိုင်ငံ၏ ပြဿနာတစ်ရပ်မှာ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးမဏ္ဍိုင်နှစ်ရပ်အား ပေါင်း စပ်ခြင်းပင်ဖြစ်သည်။ ပါတီတစ်ခု အနိုင်ရရှိလာသောအခါ ယင်းမဏ္ဍိုင်နှစ်ရပ်အတွက် အဖွဲ့ဝင်များကို ရွေးချယ်ခြင်းများပြုလုပ်၍ ထိန်းချုပ်ထားလိုက်ပေသည်။ ထိုအခါ အုပ်ချုပ်ရေးအပိုင်းက ၎င်းသြဇာမသက်ရောက်သော လူထုအစိတ်အပိုင်းတစ်ရပ်ထဲတွင် ၎င်းအလိုရှိသလို ထင်ရာစိုင်း ဆောင်ရွက်နိုင်ပြီဖြစ်သောကြောင့် "အများစုဖြင့် အနိုင်ကျင့်မှု" (Tyranny of the Majority)ကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

ထိုကြောင့် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက ယခုလာမည့် ဝန်ကြီးချုပ် ရာထူးရွေးကောက်ပွဲကို သီးခြားပြုလုပ်သွားရန် အဆိုတင်သွင်းခဲ့ကြကြောင်း၊ ထိုသို့ ပြုလုပ်ခြင်းဖြင့် မတူညီသောနိုင်ငံရေးပါတီများက အုပ်ချုပ်ရေးနှင့်ဥပဒေပြုရေး ကဏ္ဍတို့ အား ထိန်းချုပ်ထားနိုင်မည်ဖြစ်သောကြောင့် အာဏချိန်ညှိမှု (Balance of Power)ကို ဖြစ်ပေါ်လာစေနိုင်ကြောင်း၊ ထို့အပြင် လွှတ်တော်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ တရားရုံးတို့အကြား ဖြစ်ပွားလျက်ရှိသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာ ပြဿနာများကိုလည်း အလေးအနက်ထား ဆောင်ရွက်သွားကြရန်နှင့် အရေးကြီးသည့် ပြဿနာရပ်များကို ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆုံးဖြတ်သွားရန် ဆွေးနွေးပွဲ တက်ရောက်လာကြသူများက ပြောကြားခဲ့ကြကြောင်း သိရသည်။ု

No comments:

Post a Comment