Thursday, June 26, 2014
ထိုင်းအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယုဒ်၏ ရွေးချယ်မှုအကျပ်အတည်း
Bangkok Post, Jun 24, 2014
ဘီးလူးကျွန်းသား
ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်အဖြစ် လေးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၄ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့တွင် အငြိမ်းစားယူရမည့်အစီအစဉ်မှာ လျင်မြန် စွာ နီးကပ်လာပြီဖြစ်သောကြောင့် ထိုင်းအာဏာသိမ်းခေါင်းဆောင် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်ချန်အိုချာ တစ်ယောက် ခက်ခဲကျပ်တည်းသည့် ဆုံးဖြတ်ချက် တစ်ရပ်နှင့် မလွဲမသွေ ရင်ဆိုင်ရပေဦးမည်။
ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် သက်တမ်းကာလကို ဆွဲဆန့်ထားရန်နှင့် နိုင်ငံတော် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ (National Council for Peace and Order-NCPO) ဥက္ကဌအဖြစ် ၎င်း၏သက်တမ်းကို ဆွဲဆန့်ထားရန်၊ သို့တည်းမဟုတ် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်အဖြစ်မှ အငြိမ်းစားယူပြီး NCPO ဥက္ကဌအဖြစ် ဆက်လက်တည်ရှိရန်တို့ကို ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ဖြစ်သူ အာဏာသိမ်း ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယုဒ်အနေဖြင့် ရွေးချယ်ရပေမည်။
ကြည်းတပ်ဦးစီးချုပ်သက်တမ်းကို ဆွဲဆန့်ကာ NCPO ဥက္ကဌအဖြစ် ဆက်လက်တည်ရှိ မည့် ပထမရွေးချယ်မှုကိုသာ ရွေးချယ်ခဲ့မည်ဆိုလျင် ဝေဖန်မှုများအား မလွဲမသွေ ရင်ဆိုင်ရနိုင်ဖွယ်ရှိသည့်အပြင် အောက်ခြေအဆင့် စစ်သည်များလည်း မငြိမ်မသက် ဖြစ်လာနိုင်ပြီး ၎င်း၏ တိုးတက်မှုလမ်းကြောင်းကို အဟန့်အတား ဖြစ်လာစေနိုင်ပါသည်။
သို့သော် နိုင်ငံတော်၏တပ်ဖွဲ့များအပေါ် တိုက်ရိုက်ကွပ်ကဲမှုရှိကတည်းကစ၍ ဗိုလ်ချုပ်ကြီး ပရာယုဒ်၏ သြဇာအာဏာမှာ သေချာပေါက် ခိုင်မာနေပြီးသားဖြစ်သည်။ ယင်းအချက်မှာ ဗိုလ်ချုပ်ကြီး ပရာယုဒ်အတွက် ဂုဏ်ယူဖွယ်ရာဖြစ်သော်လည်း ၎င်းနှင့် NCPO အဖွဲ့ဝင်အများအပြားတို့မှာ တပ်မတော်မှ အငြိမ်းစားယူကြရမည့်သူများ ဖြစ်နေ သည်က အားနည်းချက်တစ်ရပ်ပင်ဖြစ်ပေသည်။
ကာကွယ်ရေးဝန်ကြီးဌာန၏ ဇွန်လ ၂၁ ရက်နေ့ ထုတ်ပြန်ကြေညာချက်အရ ဗိုလ်ချုပ်ကြီး ပရာယုဒ်သည် လာမည့် စက်တင်ဘာလ ၃၀ ရက်နေ့တွင် အငြိမ်းစားယူကြရမည့် စစ်ဘက်အရာရှိကြီးများစာရင်းတွင် ဦးဆောင်ပါဝင် နေပေ သည်။
သို့သော်လည်း ယင်းစာရင်းမှာ စာရွက်စာတမ်းမျှသာဖြစ်ပေသည်။ စက်တင်ဘာလ ၃၀ ရက်နေ့မတိုင်မီ NCPO အဓိကအဖွဲ့ဝင်များ၏ အမှုထမ်းသက်အား ဆွဲဆန့်သည့်အမိန့်စာ တစ်စောင်အား တိတ်တဆိတ် ထုတ်ပြန်သွားနိုင်ဖွယ်ရှိပေသည်။ အဘယ့်ကြောင့် ဆိုသော် စစ်ဘက်အရာရှိကြီးပေါင်း ၃၅၀ ဦးကျော်ပါဝင်သည့် ယင်း အငြိမ်းစားယူရ မည့်စာရင်းတွင် ထိုင်းဘုရင့်ကြည်းတပ်မှ အရာရှိကြီး ၁၁၇ ဦး ပါဝင်နေသည့်အပြင် ယင်းအမိန့်စာအား လက်မှတ်ရေးထိုးထုတ်ပြန်ပေးရမည့် ခေတ္တအမြဲတမ်းအတွင်းဝန် ဗိုလ်ချုပ်ကြီး စူရာဆတ်ကန်ခနာရတ်မှာလည်း စက်တင်ဘာလ ၃၀ ရက်နေ့တွင် အငြိမ်းစားယူရမည့်သူတစ်ဦး ဖြစ်နေပေသည်။
ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့က လက်ထောက်ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပိုင်ဘွန်ခွန်ချာယာ (NCPO)၏ ဥပဒေရေးရာနှင့် တရားရေးဆိုင်ရာများအား ကြီးကြပ်ကွပ်ကဲရသူက ရှေ့ဖြစ်လာနိုင်ဖွယ်ရာများကို သတင်းထောက်များအား ခန့်မှန်း ပြောကြားရာတွင် "နိုင်ငံတော်အတွင်း တရားဥပဒေစိုးမိုးမှုမရှိသမျှ ဗိုလ်ချုပ်ကြီး ပရာယုဒ် အငြိမ်းစားယူလိမ့်မည်မဟုတ်" ဟူသော စကားရပ်ပါဝင်နေပေသည်။
မာရှယ်လောထုတ်ပြန်ခဲ့ပြီး အချိန်အနည်းငယ်အတွင်း စီးပွားရေးသမားများကို စုစည်းကာ ဗိုလ်ချုပ်ကြီး ပရာယုဒ် က "နိုင်ငံတော်လုံခြုံရေးအား ခြိမ်းခြောက်နေသမျှ ကာလပတ်လုံး မိမိအငြိမ်းစားယူလိမ့်မည်မဟုတ်"ဟုလည်း ပြောကြားထားခဲ့ပါသည်။
အကယ်၍ ဗိုလ်ချုပ်ကြီး ပရာယုဒ်သာ ၎င်း၏ရာထူးသက်တမ်းအား ဆွဲဆန့်ခဲ့မည်ဆိုပါက NCPO ဒုတိယဥက္ကဌများဖြစ်ကြသည့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ရေတပ်ဦးစီးချုပ်နှင့် လေတပ်ဦးစီးချုပ်တို့၏ ရာထူးသက်တမ်းကိုလည်း မလွဲမသွေ ဆွဲဆန့်ပေးရမည်ဖြစ်သည်။
ထိုင်းကြည်းတပ်သတင်းတစ်ရပ်၏အဆိုအရ ယင်းကဲ့သို့ စစ်မှုထမ်းသက်ဆွဲဆန့်ခြင်း သည် ပုံမှန်မဟုတ်သော ဖြစ်ရပ်တစ်ခုဖြစ်ပြီး ရာထူးတိုးရန် စောင့်ဆိုင်းနေသည့် စစ်ဘက်အရာရှိများအား အမျက်ဒေါသထွက်စေနိုင်သည့် အကြောင်းအချက်တစ်ရပ် လည်းဖြစ်ကြောင်း၊ အကယ်၍ ဗိုလ်ချုပ်ကြီး ပရာယုဒ် အနေဖြင့် ထိုင်းနိုင်ငံအတွင်း အလွန်သြဇာအာဏာကြီးမားလှသည့် ကြည်းတပ်ဦးစီးချုပ်ရာထူးမှ အငြိမ်းစားယူပြီး NCPO ဥက္ကဌတာဝန်အား ဆက်လက်ထမ်းဆောင်ခဲ့မည်ဆိုပါကလည်း ၎င်းတွင် သြဇာ အာဏာကင်းမဲ့သွားလိမ့်မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီး ပရာယုဒ်သာ ကြည်းတပ် ဦးစီးချုပ်ရာထူးမှ အငြိမ်းစားယူရန် ရွေးချယ်ခဲ့မည်ဆိုပါက NCPO ၏ လုပ်ငန်း တာဝန်များကို ထောက်ခံအားပေးမည့် ကြည်းတပ်ဦးစီးချုပ်အသစ်တစ်ဦးအဖြစ် ၎င်း အလွန်ယုံကြည်အားထားရသူတစ်ဦးကို ရွေးချယ်ခန့်အပ်လိမ့်မည်ဖြစ်ကြောင်း၊ သို့သော် ငြားလည်း ဗိုလ်ချုပ်ကြီးပရာယုဒ်အနေဖြင့် အငြိမ်းယူရမည့်ရက်နောက်ပိုင်းတွင် ကြည်း တပ်ဦးစီးချုပ်အဖြစ် ဆက်လက်တည်ရှိအနေခဲ့လျှင်သော်လည်းကောင်း၊ ကြည်းတပ် ဦးစီးချုပ်အသစ်နှင့် ရေတပ်၊ လေတပ်ဦးစီးချုပ်တို့အကြားတွင် နိုင်ငံတော်အား မည်ကဲ့သို့ ဆက်လက်ဦးဆောင်သွားမည်ဆိုသည့် သဘောထားအမြင်များ မတူညီ ခဲ့လျှင်သော်လည်းကောင်း တန်ပြန်အာဏာသိမ်းမှု ဖြစ်ပွားလာနိုင်ကြောင်း၊ သို့သော် တန်ပြန်အာဏာသိမ်းမှုမှာ ဖြစ်နိုင်ချေနည်းပါးကြောင်း၊ ဒုတိယကြည်းတပ်ဦးစီးချုပ်နှင့် NCPO အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အုဒုံဒက်စီတာဘတ်မှာ ကြည်းတပ်ဦးစီးချုပ်အဖြစ် ဆက်ခံမည့်သူစာရင်းတွင် ထိပ်ဆုံး၌ရှိနေကြောင်း၊ အလားတူ ဖြစ်နိုင်ချေရှိသူတစ်ဦးမှာ ဗိုလ်ချုပ်ကြီး ပိုင်ဘွန်ခွန်ချာယာပင်ဖြစ်ကြောင်း၊ ၄င်းတို့နှစ်ဦးစလုံးမှာ ဗိုလ်ချုပ်ကြီး ပရာယုဒ်၏ ယုံကြည်အားထားရသူများဖြစ်ကြောင်းဖြင့် ထိုင်းကြည်းတပ်သတင်းတစ်ရပ် က ပြောကြားထားခဲ့ပါသည်။
သို့သော် ဗိုလ်ချုပ်ကြီးပရာယုဒ်သာ ကြည်းတပ်ဦးစီးချုပ်ရာထူးအား ဆက်လက်ဆုပ်ကိုင် ထားမည်ဆိုပါက ၂၀၁၅ ခုနှစ်တွင် အငြိမ်းစားယူကြရမည့် ၄င်းတို့နှစ်ဦးစလုံးအတွက် မျှော်လင့်ချက်နည်းပါးသွားမည်ဖြစ်ကြောင်း၊ လက်အောက်ငယ်သားများအနေဖြင့် စွန့်လွှတ်အနစ်နာခံမှသာ ဗိုလ်ချုပ်ကြီးပရာယုဒ်အနေဖြင့် နိုင်ငံတော်၏ပြဿနာရပ် များအား ဆက်လက်ဖြေရှင်းသွားနိုင်မည်ဖြစ်ကြောင်း၊ ဗိုလ်ချုပ်ကြီးပရာယုဒ်အနေဖြင့် ၄င်းအငြိမ်းစားယူမည့်အရေးကိစ္စကို နှောင့်နှေးကြန့်ကြာအောင် ဆောင်ရွက်ထားနိုင်ဖွယ် ရှိကြောင်း၊ ထိုသို့မဟုတ်ပါက ကြားဖြတ်အစိုးရဖွဲ့စည်းပြီးကာလတွင် ကာကွယ်ရေး ၀န်ကြီးရာထူးအား ဗိုလ်ချုပ်ကြီးပရာယုဒ် ရယူထားခြင်းဖြင့် ၄င်း၏သက်တမ်းကို ဆွဲဆန့် ထားနိုင်ဖွယ်ရှိကြောင်းဖြင့် ထိုင်းကြည်းတပ်သတင်းတစ်ရပ်က ပြောကြားထားခဲ့ပါသည်။
နိုင်ငံရေးလေ့လာသူများ၏အဆိုအရ အခြားဖြစ်နိုင်ဖွယ်ရှိသည့်အချက်မှာ ကြားဖြတ် အစိုးရတွင် ၀န်ကြီးချုပ်တာဝန်ကို ဗိုလ်ချုပ်ကြီးပရာယုဒ်အနေဖြင့် ရယူထားနိုင်ဖွယ်ရှိ ကြောင်း၊ သို့မှသာ စစ်ဘက်အဆင့်မြင့်အရာရှိကြီးများအား ရာထူးတိုးမြှင့်ပေးနိုင်မည့် အခွင့်အလမ်း ပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ ယင်းကိစ္စတွင် ဗိုလ်ချုပ်ကြီးပရာယုဒ်အနေ ဖြင့် ထိုင်းတပ်မတော်၏ထောက်ခံအားပေးမှုကို အပြည့်အ၀ရရှိထားမှသာ ဖြစ်နိုင်ဖွယ်ရှိ ကြောင်း၊ အထူးသဖြင့် ထိုင်းကြည်းတပ်၏ အားပေးထောက်ခံမှု အပြည့်အ၀ရရှိထားရ မည်ဖြစ်ကြောင်း သိရသည်။
NCPO ၏လုပ်ဆောင်ချက်များအပေါ် ပြည်သူလူထု ၉၀ % က ကျေနပ်လက်ခံကြသည် ဟု လေတပ်ဗိုလ်ချုပ်ကြီးပရာကျင်ကျန်တောက်က အခိုင်အမာပြောကြားထားခဲ့ပါသည်။ သို့သော် ယင်းအချက်အလက်များအား ဗိုလ်ချုပ်ကြီးပရာကျင် မည်ကဲ့သို့ရရှိထားခဲ့သည် ဆိုသည့်အချက်မှာ ရှင်းရှင်းလင်းလင်းမရှိကြောင်း၊ ထို့ပြင် ဗိုလ်ချုပ်ကြီးပရာယုဒ်အနေ ဖြင့် ကြည်းတပ်ဦးစီးချုပ်အဖြစ် (သို့မဟုတ်) ကြားဖြတ်အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်အဖြစ် ဆုံးဖြတ်ချက်ချရန် NCPO တွင် အချိန်လုံလောက်ကြောင်းဖြင့် လေတပ်ဗိုလ်ချုပ်ကြီး ပရာကျင်က မှတ်ချက်ပြုပြောကြားထားခဲ့ပါသည်။
ထိုင်းကြည်းတပ်သတင်းတစ်ရပ်၏အဆိုအရ NCPO ၏ ထင်ပေါ်ကျော်ကြားမှုနှင့် ပတ်သက်၍ ဗိုလ်ချုပ်ကြီးပရာယုဒ်တစ်ယောက် ကျေနပ်အားရလျက်ရှိကြောင်း၊ သို့သော် ယင်းပျားရည်ဆမ်းကာလမှာ နောက်ဆုံး မည်မျှအထိ ကြာကြာခံမည်ဆိုသည် ကို သူကိုယ်တိုင် မသိရှိကြောင်း၊ မိမိတို့အနေဖြင့် အာဏာချုပ်ကိုင်ထားလိုသူများ မဟုတ်ကြောင်းကို သိရှိစေရန်အတွက် ပြင်းပြင်းထန်ထန် အလုပ် လုပ်ကိုင်ကြရမည်ဖြစ် ကြောင်းဖြင့် ထိုင်းကြည်းတပ်သတင်းတစ်ရပ်က ဗိုလ်ချုပ်ကြီး ပရာယုဒ်၏ပြောကြားထား ချက်ကို ကိုးကားပြောကြားထားခဲ့သည်။
သို့သော ဗိုလ်ချုပ်ကြီးပရာယုဒ်အနေဖြင့် ကြားဖြတ်အစိုးရအဖွဲ့၏ ၀န်ကြီးချုပ်ရာထူးအား လက်ခံရယူသင့်/မသင့် ဆိုသည့်အချက်အပေါ် အလွန်သတိထားဆောင်ရွက်ရမည်ဖြစ် သည်။ အကြောင်းရင်းမှာ ၀န်ကြီးချုပ်ရာထူးအား ရယူလိုသော ခိုင်မာတိကျသည့် ရည်ရွယ်ချက်ဖြင့် အာဏာသိမ်းခဲ့သည်ဟူသော ဝေဖန်မှုများ ထွက်ပေါ်လာမည်ဖြစ် သောကြောင့်ပင်ဖြစ်သည်။ ထို့ပြင် စစ်ဘက်ခေါင်းဆောင်တစ်ဦးထက် အရပ်သား ဦးဆောင်သည့် ကြားဖြတ်အစိုးရအဖွဲ့ကို မျှော်လင့်ထားသော နိုင်ငံတကာအသိုင်း အ၀န်း၏ဆန့်ကျင်မှုကိုလည်း မလွဲမသွေ ကြုံတွေ့ရနိုင်ဖွယ်ရှိပေသည်။
ထို့ကြောင့် ယခုချိန်တွင် ထိုင်းအာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီးပရာယုဒ်သည် ခက်ခဲကျပ်တည်းသော ရွေးချယ်မှုတစ်ခုနှင့် လုံးထွေးရစ်ပတ်လျက်ရှိပြီး ၄င်းအနေဖြင့် မည်သို့ဆုံးဖြတ်မည်ဆိုသည်ကို ဆက်လက်စောင့်ကြည့်လေ့လာသွားရပေဦးတော့မည်။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment