Saturday, June 28, 2014

စစ်ဗိုလ်ချုပ်ကြီးများကို ဘယ်သူက စုံစမ်းစစ်ဆေးမှာလဲ

Bangkok Post, June 8, 2014
ဘီလူးကျွန်းသား

စီးပွားရေးလှုံ့ဆော်မှုသည် အဂတိလိုက်စားမှု လှုံ့ဆောင်ခြင်းပင်ဖြစ်ပြီး ယင်းအချက်နှစ် ချက်မှာ အတူဒွန်တွဲလျက်ရှိသည်။ သို့ဖြစ်ရာ စီးပွားရေးလှုံ့ဆောင်မှုတွင် အဂတိ လိုက်စားမှု နည်းသည်ထက်နည်းအောင် တတ်နိုင်သမျှ ဆောင်ရွက်ခြင်းသည်သာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်းမည်ပေသည်။

ထိုင်းနိုင်ငံတွင် အဂတိလိုက်စားမှုသည် ပြသနာတစ်ရပ်ဟု မဆိုရုံတမယ်မျှသာဖြစ်ပြီး ဖြစ်လေ့ဖြစ်ထရှိသည့် ကိစ္စတစ်ရပ်ဖြစ်သည်။ ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်း (Thai Chamber of Commerce-TCC)၏ ယခင်ခန့်မှန်းတွက်ချက်ထားမှုအရ မည်သည့်ဖွံ့ဖြိုးရေး စီမံကိန်းတွင်မဆို အဂတိလိုက်စားမှု ၃၀ % ရှိကြောင်း သိရသည်။ အချို့ကမူ ၅၀ % ထက်ပင်ပိုဦးမည်ဟု ဆိုကြပေသည်။

ယင်းကိန်းဂဏန်းများသည် သိပံနည်းကျ တွေ့ရှိချက်မဟုတ်ဟု သိရှိမှတ်သားထားရမည် ဖြစ်သော်လည်း ၎င်းအချက်သည် အတွင်းလူများ၏ ဖွင့်ဟဝန်ခံချက်များပင် ဖြစ်ပေ သည်။ မည်သို့ပင်ဆိုစေ ထိုင်းနိုင်ငံသည် အဂတိလိုက်စားမှု နာမည်ဆိုးဖြင့် ကျော်ကြား သည့် နိုင်ငံတစ်နိုင်ငံဖြစ်ပေသည်။

ဤနေရာတွင် အချက်တစ်ချက်ကို တင်ပြလိုပါသည်။ ယခင်ဖွှေ့ထိုင်းအစိုးရ(သို့မဟုတ်) ဒီမိုကရက်ပါတီအစိုးရ (သို့မဟုတ်) ထို့ထက်အရင်က အစိုးရအဖွဲ့များတွင် ငွေကြေးသုံးစွဲ မှုစစ်ဆေးရေးစနစ်တစ်ရပ် ရှိခဲ့ပါသည်။ ယင်းစနစ်သည် အပြစ်အနာအဆာများနှင့်အတူ အကျင့်ပျက်ခြစားမှုများပြားပြီး လုံးဝအရည်အသွေး မပြည့်မီခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ငွေကြေးသုံးစွဲမှု စစ်ဆေးရေးစနစ်တစ်ရပ် ရှိသည်ဟုဆိုရပေမည်။

အမျိုးသားအဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် (National Anti-Corruption Commission-NACC)ကဲ့သို့သော အစိုးရအေဂျင်စီများက အစိုးရအဖွဲ့၏ ငွေကြေးသုံးစွဲ မှုများတွင် ဝင်ရောက်စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိသလို ထိုင်းကုန်သည်ကြီးများအသင်းကဲ့သို့ လွတ်လပ်သည့် အဖွဲ့အစည်းများကလည်း အစိုးရအဖွဲ့၏ ငွေကြေးသုံးစွဲများကို ဖော်ထုတ် တင်ပြခွင့်ရှိခဲ့ပါသည်။ အလားတူ သတင်းမီဒီယာများအနေဖြင့်လည်း ယင်း သတင်းအကြောင်းအရာများကို ပုံနှိပ်ဖော်ပြခွင့် ရှိခဲ့ပါသည်။

ယခင်ဖွှေ့ထိုင်းပါတီအစိုးရအဖွဲ့ (မစ္စ ယင်းလပ်အစိုးရ)၏ လူထုအကြိုက်စီမံကိန်းများမှ သည် ဦးဆောင်မှုညံ့ဖျင်းကြောင်း ပြသခဲ့သည့် ၂၀၁၁ခုနှစ်၊ ရေလွှမ်းမိုးမှု၊ နာမည်ဆိုး ခဲ့သည့် စပါးအပေါင်ခံရေးစီမံကိန်းနှင့် လွတ်ငြိမ်းချမ်းသာခွင့် ဥပဒေထုတ်ပြန်ရေး အစီအစဉ်တို့အထိ ကိစ္စတိုင်းတွင် အတိုက်အခံပါတီ၏ စုံစမ်းစစ်ဆေးမှုများ ပြုလုပ် ခြင်းခံခဲ့ရပါသည်။ ယင်းကဲ့သို့ ငွေကြေးသုံးစွဲမှုစစ်ဆေးခြင်းသည် ဒီမိုကရေစီစနစ်တွင် ပစ်ပယ်ထား၍ မရသည့်အရာပင်ဖြစ်သည်။

ထိုသို့ဆိုလျင် မေးခွန်းထုတ်စရာရှိလာပါပြီ။ လက်ရှိအာဏာရ စစ်အစိုးရလက်ထက်တွင် ငွေကြေးသုံးစွဲမှုများကို မည်သူက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်နည်းဟူသည့် မေးခွန်း ပင်ဖြစ်ပါသည်။ အဖြေကတော့ တစ်ဦးတစ်ယောက်မျှ မရှိပါဟု ဖြေရမည်ပင်ဖြစ်သည်။ အကြွင်းမဲ့အုပ်ချုပ်ရေးစနစ်ဖြစ်၍ ဖြစ်ပေါ်လာသည့် ပြသနာရပ်ပေါ်တွင်သာ မူတည် နေပေသည်။

အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးအတွက် ချက်ချင်းလုပ်ဆောင်ရမည့် လုပ်ငန်းတာဝန် နှစ်ရပ်ရှိပါသည်။ ပထမအချက်မှာ စီးပွားရေးလှုံ့ဆောင်ပေးရန်ဖြစ်ပြီး ဒုတိယအချက်မှာ ပြုပြင်ပြောင်းလဲရေးများကို အကောင်အထည်ဖော် ဆောင်ရွက်ရန်ပင် ဖြစ်သည်။ အထူး သဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ရည်မှန်းချက်ထား ဆောင်ရွက်သွားရေး ပင်ဖြစ်သည်။ အခြေခံသဘောတရားအရ ယင်းအချက်များသည် ကောင်းမွန်သည့် ရည်မှန်းချက်ပန်းတိုင်များပင်ဖြစ်သော်လည်း ပြုပြင်ပြောင်းလဲရေး၏ သဘောသဘောဝ မှာ ရေရှည်လုပ်ငန်းစဉ်များ ဖြစ်နေပေသည်။

အခြားတစ်ဖက်ကကြည့်လျင် ထိုင်းနိုင်ငံအတွက် စီးပွားရေးနိုးထမှုများကို အလျင်အမြန် ပြုလုပ်ရန် လိုအပ်နေပေသည်။ ယင်းသို့လုပ်ဆောင်ရန်အတွက် အကြောင်းပြချက် နှစ်ရပ်ရှိပါသည်။ ပထမအချက်မှာ နိုင်ငံရေးဆူပူအုံကြွမှုများကြောင့် ထိုင်းစီးပွားရေး အရှိန်အဟုန်မှန်မှန်ဖြင့် တိုးတက်လာစေရန် အချိန်များစွာယူရမည်ဖြစ်သည်။ ဒုတိယ အချက်မှာ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးအတွ့် ပိုမိုအရေးကြီးသည့် အချက်ဖြစ်သည်။ သဘောထားကွဲလွဲသူများအား ချွေးသိပ်ပေးရန်နှင့် လူထုအား စစ်ဘက်အုပ်ချုပ်ရေးတွင် အားရကျေနပ်မှု ရှိလာစေရန်တို့အတွက် ၎င်းတို့၏ အိတ်ကပ်များအတွင်းသို့ ပိုက်ဆံ ထည့်ပေးရမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စပါးအပေါင်ခံရေး စီမံကိန်းအောက် မှ လယ်သမားများအတွက် ငွေကြေးပြန်လည်ရယူပေးရန် အလွန်အရေးကြီးသော ကြောင့် ဖြစ်သည်။

သို့သော်ယခုအခါ စစ်ဗိုလ်ချုပ်ကြီးများက ကြီးကြပ်ကွပ်ကဲရမည့်သူများဖြစ် သော ကြောင့် ၃၀ %သော အဂတိလိုက်စားမှုများမှာ လွယ်ကူရိုးစင်းစွာ ပျောက်ကွယ်သွား လိမ့်မည် မဟုတ်ပေ။ ယင်းစီးပွားရေးစီမံကိန်းများတွင် စစ်ဘက်အုပ်ချုပ်ရေးပိုင်းမှ ပုဂ္ဂိုလ်များက အဂတိလိုက်စားမှုများကို လက်တွေ့ဆောင်ရွက်လိမ့်မည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သေချာသည့်အချက်ကတော့ ဖြစ်ရပ်မှန်များ မပေါ်ပေါက်မီအချိန်ထိ မည်သူကမျှ စွပ်စွဲပြောကြားမှုများ ပြုလုပ်လိမ့်မည် မဟုတ်ဟူသည့် အချက်ပင်ဖြစ် သည်။ ထပ်မံ၍ နားလည်ထားရမည့် အချက်မှာ အာဏာသိမ်းအဖွဲ့အပေါ် ထောက်ခံသူ များက စစ်အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် အဂတိမလိုက်စားသူများ၊ ထိုင်းနိုင်ငံ၏ အဂတိလိုက်စားမှုအား ဖယ်ရှားပေးသည့် ကယ်တင်ရှင်များဟု ထင်မှတ်ယုံကြည်သွား နိုင်ဖွယ်ရှိသည့် အချက်ပင်ဖြစ်သည်။

ထိုင်းနိုင်ငံအတွက် အမှန်တကယ်ဖြစ်လာလိမ့်မည်ဟု မိမိတို့ မျှော်လင့်ထားနိုင်ပါသည်။ သို့သော် မျှော်လင့်ချက်နှင့် ယုံကြည်ချက်တို့မှာ အကြောင်းကိစ္စတစ်ရပ်သာ ဖြစ်သည်။ ငွေကြေးသုံးစွဲမှု စစ်ဆေးခြင်းစနစ်ထားရှိရေးမှာမူ အမှန်စင်စစ် အခြားအကြောင်း ကိစ္စ တစ်ရပ်ဖြစ်ပေသည်။

စစ်အုပ်ချုပ်ရေးအောက်တွင် လွှတ်တော်အတွင်း၌ စီးပွားရေးစီမံကိန်းများအား အသေး စိတ်စိစစ်မည့် လွှတ်တော်အမတ် တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။ ယင်း စီးပွားရေးစီမံကိန်းများတွင် အဂတိလိုက်စားမှု တစ်ခုခုဖြစ်ပွားခဲ့မည်ဆိုပါကလည်း လာ ရောက်ဆွေးနွေးမည့် စီးပွားရေးသမား တစ်ဦးတစ်ယောက်မျှ ရှိလိမ့်မည်မဟုတ်ပေ။ မည်သည့်အစိုးရအဖွဲ့အစည်းကမျှ အနီးကပ်စောင့်ကြည့်လိမ့်မည် မဟုတ်သကဲ့သို့ အစိုးရမဟုတ်သည့် NGO အဖွဲ့အစည်းများကလည်း ဆိတ်ဆိတ်နေမည်သာ ဖြစ်သည်။ အလားတူ သတင်းမီဒီယာများကလည်း ယင်းကိစ္စရပ်များအား ဆင်ဆာဖြတ်တောက် ထားမည်ဖြစ်သည်။ ယင်းမှာ အကြွင်းမဲ့စစ်အုပ်ချုပ်ရေး သဘောသဘာဝပင် ဖြစ်သည်။ အတိုချုပ်ပြောရမည်ဆိုလျင် အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးက အမှန်တရားအတိုင်း လုပ်ဆောင်နေသည်ဟူသော ယုံကြည်ချက်ဖြင့် မိမိတို့အားလုံး ရှေ့ဆက်လျှောက်လှမ်း သွားကြရမည်သာဖြစ်သည်။

ကံဆိုးမှုများစွာဖြင့် ဤအတိုင်းဖြစ်လာရမည်သာဖြစ်သည်။ ယင်းကိစ္စမှာ အမှန်တကယ် ပင်ဖြစ်ပေသည်။ မည်မျှပင် ငိုကြွေးညည်းညူပါသော်လည်း ပြောင်းလဲသွားလိမ့်မည် မဟုတ်ပေ။ သို့သော် ဥမင်လိုဏ်ခေါင်း၏အဆုံးတွင် အလင်းရောင်ပြပြလေး ရှိနေပါသေး သည်။ ယင်းအလင်းရောင်လေးမှာ ၁၅ လတာကာလအတွင်း ဒီမိုကရေစီနည်းလမ်း တကျ ရွေးကောက်ပွဲများဆီသို့ နိုင်ငံတော်အား ပြန်လည်ပို့ဆောင် ပေးမည်ဟူသော အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီး၏ ကတိပင်ဖြစ်လေသည်။ ယင်း ၁၅ လ ကြာ စစ်အုပ်ချုပ် ရေးကာလအတွင်း၌ စစ်ဗိုလ်ချုပ်ကြီးအနေဖြင့် သင့်လျော်သလို ဆောင်ရွက်သွားလိမ့် မည်ဖြစ်သည်။ စစ်အုပ်ချုပ်ရေးအဖွဲ့အတွက် အခွင့်အလမ်းကောင်း တစ်ရပ်ပင်ဖြစ် လေသည်။

မည်သို့ပင်ဖြစ်စေ အာဏာသိမ်းစစ်ဗိုလ်ချုပ်ကြီးအနေဖြင့် အဂတိလိုက်စားမှု သန့်စင်ရေး နှင့် ဒီမိုကရေစီနည်းလမ်းကျသော နိုင်ငံရေးအာဏာသို့ ပြန်လည်ပို့ဆောင်ပေးရန် အလေးအနက်ထားရေးဟူသော ၎င်း၏ရည်မှန်းချက်များကို သက်သေပြနိုင်ပါသည်။ စစ်ဗိုလ်ချုပ်ကြီးအနေဖြင့် ဖိတ်ခေါ်ခြင်း၊ ပြည်သူ့သဘောထားအမြင်များအား ရယူခြင်း အပြင် သီးခြားလွတ်လပ်သည့် အဖွဲ့အစည်းများမှ ဝင်ရောက်စုံစမ်းစစ်ဆေးခွင့်ပြုခြင်းနှင့် သတင်းမီဒီယာများမှ ဝေဖန်ခွင့်ပြုခြင်းတို့ကို လုပ်ဆောင်နိုင်ပါသည်။ အကယ်၍ စစ်ဗိုလ်ချုပ်ကြီးအနေဖြင့် ဆန္ဒသိပ်ပြင်းပြလွန်းပါက ဒီမိုကရေစီနည်းလမ်းကျသော အစိုးရအဖွဲ့ကိုလည်း ဖွဲ့စည်းဆောင်ရွက်နိုင်ပါသည်။

ကောင်းပါပြီ။ ဤတောင်းဆိုချက်များက သဘာဝမကျသော တောင်းဆိုချက်များ ဖြစ်ကောင်းဖြစ်နိုင်ပါသည်။ သို့သော် အကြွင်းမဲ့အုပ်ချုပ်သူ စစ်ဗိုလ်ချုပ်ကြီးအတွက် မှန်ကန်သည့် လုပ်ဆောင်ချက်ပင်ဖြစ်သည့်အပြင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး သည် မှန်ကန်မှုရှိသည်ဟူသော အချက်ကိုလည်း အထောက်အကူပြုလိမ့် မည်ဖြစ်ပါ သည်။

No comments:

Post a Comment