Thursday, August 28, 2014

ဘလော့သမား Thaton Kaunglay သေဆုံးမှု နောက်ဆက်တွဲသတင်း

August 28, 2014
ရွှေမန်းတင်မောင်သား

အသက်က(၄၀)နှစ်၊ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ မျက်နှာမှာ မြင်တာနဲ့ မှတ်မိတဲ့ အချက်ကတော့ ညာမျက်ခုံးအောက်နားမှာ မှဲ့တစ်လုံးက ထင်ထင်ရှားရှား၊ သဘော ကောင်းပြီး အပေါင်းအသင်း မိတ်ဆွေကို ခင်မင်တတ်သူတစ်ယောက်။ အခုတော့ ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၀၅၃၀ အချိန် နှလုံးသွေးကြောကျဉ်းသည့် ရောဂါကြောင့် ဘဝတစ်ပါးသို့ ပြောင်းသွားပါပြီ။ ဇနီးသည်နဲ့ လူမမယ် သားကလေး တစ်ဦး ကျန်ရှိခဲ့ပါတယ်။

မသေဆုံးမီ(၁)ပတ်အလိုက အလုပ်ကိစ္စ တစ်ခုနဲ့မော်လမြိုင်ရောက်လာတုန်းက ကျွန်တော်နဲ့အတူ နေ့လည်စာ ထမင်းအတူတူစားရင်း ဘလော့အကြောင်း ဆွေးနွေး တိုင်ပင်ကြ၊ အသိပညာတွေ ဖလှယ်ဖြစ်ကြပါတယ်။

(၂၅)ရက်နေ့ နေ့လည်(၁)နာရီခွဲထိ အလုပ်လုပ်နေတာအကောင်းပါ။ ပြီးစီးလို့ အိမ်ပြန် သွားတော့မှ အမောဖောက်လာကြောင်း ဇနီးသည်ကို ပြောပြတော့ ဇနီးသည်က သွေးပေါင်ချိန်တိုင်း(ဇနီးသည်က ကျန်းမာရေးဝန်ထမ်းတစ်ဦး)၊ လိုအပ်တဲ့ အားဆေး တွေချိတ် လုပ်ပေးခဲ့ပါတယ်။

မသက်သာတော့ ကားငှားပြီးဆေးရုံကို ညနေ(၃)နာခွဲလောက်မှာ ပို့ပါတယ်။ ဆေးရုံရောက်တော့ လူနာကိုယ်တိုင် ကားပေါ်ကဆင်းပြီး ဆေးရုံထဲကို လမ်းလျှောက် ဝင်သွားခဲ့ပါတယ်။ ညနေ(၅)နာရီခွဲလောက်ကျတော့ ဆုံးပြီတဲ့ဗျာ။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဆေးရုံတက်လာတဲ့လူနာက နှလုံးရောဂါသည်၊ နှလုံးခုန်ရပ်တော့ ဆရာဝန်က ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ဆရာဝန်က ပြောင်းလာ တာလည်းမကြာသေး။ မြို့နယ်အဆင့် ဆေးရုံတွေက အထောက်အကူပြုကုသတဲ့ စက်ကိရိယာတွေကလည်း မစုံလင်။ ဆရာဝန်က ပြောင်းလာတာမကြာသေးလို့သာဆို တယ် သထုံမြို့ရဲ့ နာမည်ကြီး"ပန်းစပယ်ဖြူ အထူးကုဆေးခန်း"မှာ အချိန်ပိုင်း ဆရာဝန် သွားလုပ်သေးတယ်ဆိုဘဲ။ လူနာရဲ့ဇနီးသည်က သထုံမြို့ဆေးရုံမှာလည်း အချိန်ပိုင်း သူနာပြုအဖြစ် လုပ်ကိုင်ခဲ့ဘူးပါတယ်။ ဒါကိုလည်း အသိအမှတ်မပြုဘဲ လူနာကို ဆေးပုလင်းချိတ်လာတာတောင် အပြစ်ကပြောချင်သေး။ ဆရာဝန်က ကျွမ်းကျင်မှုမရှိ၊ ကိရိယာကလည်း မစုံလင်ဆိုတော့ မသေသင့်တဲ့ လူနာကတော့ သေသွားရပြီပေါ့။

သေသွားတော့လည်း လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘဲ အလောင်းကို ဒီအတိုင်း သေတိုက်မှာ သွားထားလိုက်တယ်။ လူနာက သာမန်အရပ်သားမဟုတ်ဘူး၊ ဝန်ထမ်း တစ်ဦး။ သေဆုံးပြီးလူနာတစ်ဦးကို ရင်ခွဲစစ်ဆေးချက်ယူရတာ ဆရာဝန်တွေရဲ့ ထုံးတမ်းအစဉ်အလာပါ။ သွားထားတဲ့ ရေခဲတိုက်ကလည်း ဘာမှမရှိဘူး။ သွေးယို စီးမှုဖြစ်နိုင်တဲ့ နေရာတွေ(နှာခေါင်း၊ ပါးစပ်၊ နား၊ စအို) စတာတွေကို လုံအောင် ပိတ်ဆို့မှုမရှိဘဲ ဒီအတိုင်းသွားထားတော့ နောက်နေ့ သဂြိုလ်မဲ့ အချိန်ရောက်တော့ ယင်တွေဥပြီး ရုပ်အလောင်းက အတော်လေးကို ရုပ်ပျက် ဆင်းပျက်ဖြစ်နေတာ။

နိုင်ငံတော်က ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဘဏ္ဍာငွေကြေး အမြောက် အမြားသုံးစွဲပြီး လုပ်ဆောင်နေချိန်မှာ ဒီလိုဝန်ထမ်းတွေရဲ့ အသုံးမကျမှုကြောင့် အသက်မဆုံးရှုံးသင့်သော လူတွေ အသက်ဆုံးရှုံးနေရာတာ လွန်စွာမှပင် နှမြောစရာ ကောင်းလှပေစွ။

Wednesday, August 27, 2014

သင်တန်းသူ မိန်းကလေးငယ်ရဲ့ အစ္စရေးလုပ် အူဇီစက်သေနတ်အစွမ်းကြောင့် ဆရာဖြစ်သူသေဆုံး


August 27, 2014
ရွှေမန်းတင်မောင်သား

အမေရိကန်မှာ (၉)နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးဟာ စွမ်းအားမြင့် အူဇီစက် သေနတ် ပစ်ခတ်မှုလေ့ကျင့်နေစဉ်အတွင်း သင်ကြားပြပေးသည့်ဆရာအား မတော် တဆ ပစ်သတ်မိခဲ့ပါတယ်။

ဆရာက ပစ်ခတ်မှုသင်ခန်းစာအမျိုးမျိုးကို သင်ကြားပြသပေးနေစဉ် မိန်းကလေးငယ် ဟာ ပထမဦးဆုံး (၁)ချက်ပစ်ခတ်မှုအပြီး သေနတ်မှဖြစ်ပေါ်လာသည့် နောက်ကန်အား ကြောင့် အူဇီသေနတ်အား ထိန်းချုပ်နိုင်ခြင်းမရှိဘဲ ဆရာအား ပစ်သတ်မိခဲ့ခြင်းဖြစ်ပါ တယ်။

အသက်(၃၉)နှစ်ရှိ သင်တန်းဆရာ ချားဗာကာ ဟာ ဦးခေါင်းကို သေနတ်ထိမှန်ခဲ့ခြင်း ဖြစ်ပြီး အဲဒီနောက်မှာတော့ လတ်ဗီးဂတ်မြို့ရှိ ဆေးရုံတစ်ရုံသို့ လေယာဉ်ဖြင့် သယ်ပို့ ပေးပြီးနောက် သေဆုံးသွားခဲ့ခြင်းဖြစ်တယ်။

မိန်းကလေးငယ်ဟာ မိဘများနဲ့အတူ စက်ပစ်ကွင်းတွင် ရှိနေခဲ့တယ်လို့ ရဲအရာရှိများက ပြောကြားခဲ့ပါတယ်။

အဲဒီဖြစ်စဉ်ဟာ သြဂုတ်လ ၂၅ ရက်နေ့မှာ အရီဇိုးနားပြည်နယ် White Hills မှာရှိတဲ့ Last Stop စက်ပစ်ကွင်းမှာ ဖြစ်ပွားခဲ့တာပါ။

သေနတ်ကို ကလေးတွေ ဘယ်လိုကိုင်တွယ် အသုံးပြုရမလဲဆိုတာကို အမေရိကန်နိုင်ငံ နေရာအတော်များများမှာ ပုံမှန်အားဖြင့် သင်ကြားပေးလေ့ရှိတယ်လို့ သတင်းထောက် များက ပြောကြားခဲ့ပါတယ်။

စက်ပစ်ကွင်းအများစုမှာ ကလေးတွေကို သင်ကြားရေးဆိုင်ရာ တင်းကြပ်တဲ့ ဘေးကင်း လုံခြုံမှု စည်းကမ်းချက်တွေ ရှိပါတယ်။ ဒါပေမဲ့လို့ စက်ပစ်ကွင်းတွေမှာ ဘယ်လောက် အသက်အရွယ်ရှိတဲ့ ကလေးတွေကို ကန့်သတ်ထားရှိတယ်ဆိုတဲ့ အချက်ကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

Tuesday, August 26, 2014

ဆီးရီးယားမှာရှိတဲ့ ISIS တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ဖို့ ဦးတည်


CNN, Aungst 27, 2014
ရွှေမန်းတင်မောင်သား

ဆီးရီးယားမှာရှိတဲ့ ISIS ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်မယ်၊ မပြုလုပ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို သမ္မတ အိုဘားမားက ခုချိန်ထိ မချမှတ်ရသေးဘူး လို့ အိမ်ဖြူတော်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။

သို့သော် အစိုးရနဲ့ စစ်ဘက်ဆိုင်ရာအကြံပြုချက်တွေက ဒီလိုတိုက်ခိုက်မှုတွေ ပြုလုပ် လာနိုင်ဖို့အတွက် ပိုပြီးတော့ သေချာလာနေပါတယ်။

အီရတ်နိုင်ငံ မြောက်ပိုင်းကိုဖြတ်ပြီးတော့ ဆွန်နီအကြမ်းဖက်သမားတွေအပေါ် အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးချဲ့ပြုလုပ်လာနိုင်တဲ့ လက္ခဏာတွေကို တွေ့နေရပါတယ်။

ဆီးရီးယားနိုင်ငံ ဝေဟင်ပိုင်နက်ထဲမှာ ထောက်လှမ်းပျံသန်းခြင်းတွေကို ပြုလုပ်ဖို့ အခွင့်အာဏာ သမ္မတ အိုဘားမားမှာ ရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ကိုယ် သူတို့ Islamic State လို့ အမည်ပေးထားတဲ့ ISIS အဖွဲ့တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တဲ့ ရှေ့ပြေးလက္ခဏာတစ်ရပ်လို့ ယူဆရပါတယ်။

တစ်ချိန်တည်းမှာဘဲ အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေဟာ ဆီးရီးယားမှာရှိတဲ့ ISIS ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ သတင်းအချက်အလက် တွေကို စုဆောင်းနေတယ်လို့ အမေရိကန်စစ်ဘက်အရာရှိကြီး နှစ်ဦးတို့ရဲ့ ပြောကြား ချက်အရ သိရပါတယ်။

မြေပြင်သတင်းအချက်အလက်တွေနဲ့ အခြေအနေတွေကို တတ်နိုင်သလောက် တိတိ ကျကျ သိရဖို့လိုတယ်လို့ ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ် ဂျွန်ကာဘီ က စီအင်န်အင်န်သတင်းဌာနကို သြဂုတ်လ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဆီးရီးယားမှာရှိတဲ့ ISIS အဖွဲ့ကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ဖို့ လိုအပ်တဲ့ အဓိကကျတဲ့ အကြောင်းပြချက်တွေကို ထိပ်တန်းစစ်ဘက်အရာရှိကြီးတစ်ဦးဖြစ်တဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မာတင် ဒမ့်ဆေးက ပြီးခဲ့တဲ့သီတင်းပတ် အတွင်းမှာ သမ္မတ အိုဘားမား ထံ တင်ပြခဲ့ပြီးဖြစ်ပါတယ်။

Monday, August 25, 2014

ချောမောလှပတဲ့ အစ္စရေးတပ်မတော်မှ အမျိုးသမီးများ


အစ္စရေးအမျိုးသမီးများရဲ့ ချောမောလှပတဲ့ ရုပ်သွင်နဲ့ စစ်မှုထမ်းဘဝကို အောက်ပါလင့်မှာ သွားကြည့်နိုင်ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်မတော်၏ အမျိုးသမီးစစ်မှုထမ်းအခန်းကဏ္ဍ

အစ္စရေးကာကွယ်ရေးတပ်မတော်ရဲ့ ပထမဆုံးသော အမျိုးသမီးအရာရှိကတော့ အီသီယိုးပီးယား-ဂျူးနွယ်ဖွား တစ်ဦးဖြစ်ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ထဲမှာရှိတဲ့ အမျိုးသမီးတွေဟာ အမျိုးသမီးစစ်မှုထမ်းအဖြစ် မဖြစ်မနေ တာဝန်ထမ်းဆောင်ကြရသူများ ဖြစ်ပါတယ်။

အစ္စရေးနိုင်ငံဟာ (နော်ဝေး၊ အီရစ်ထရီးယားနိုင်ငံများနည်းတူ) ကမ္ဘာမှာရှိတဲ့ အမျိုးသမီး တွေ မဖြစ်မနေစစ်မှုထမ်းရတဲ့ နိုင်ငံအနည်းငယ်ထဲက နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။

နိုင်ငံမတည်ထောင်မီနဲ့ ၁၉၄၈ခုနှစ် နိုင်ငံတည်ထောင်ပြီးနောက်ပိုင်း အမျိုးသမီးတွေဟာ အစ္စရေးတပ်မတော်ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့ပါတယ်။ ၂၀၁၁ခုနှစ် စစ်တမ်းအရ အစ္စရေးကာကွယ်ရေးအင်အားရဲ့ ၃၃ % ဟာ အမျိုးသမီးစစ်မှုထမ်းတွေဖြစ်ပြီး အရာရှိ အားလုံးရဲ့ ၅၁ % ဟာ အမျိုးသမီးတွေဖြစ်ကြပါတယ်။ အမျိုးသမီးတွေဟာ အစ္စရေး စစ်တပ်ရဲ့ (ကြည်း၊ ရေ၊ လေ)တပ်ဖွဲ့တွေထဲက မိမိနှစ်သက်ရာ မည်သည့်တပ်ဖွဲ့တွင်မဆို တာဝန်ထမ်းဆောင်နိုင်ပါတယ်။ ယောင်္ကျားများနှင့်ရင်ဘောင်တန်းကာ ကျရာအခန်း ကဏ္ဍမှာ တာဝန်ထမ်းဆောင်ခြင်းဟာ အမျိုးသမီးများရဲ့ အခွင့်အရေးအဖြစ် ၂၀၀၀ ပြည့်နှစ်မှာ နိုင်ငံတော်ရဲ့ စစ်မှုထမ်းဥပဒေမှာ ပြင်ဆင်ပေးရတဲ့အထိ ဖြစ်ခဲ့ဘူးပါတယ်။

အခုချိန်မှာဆိုရင် အစ္စရေးကာကွယ်ရေးတပ်မတော်ရဲ့ နယ်ပယ်အသီးသီးမှာ ၈၈ % ကနေ ၉၂ % အထိ အရွေးချယ်ခံပြီး တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် လမ်းဖွင့်ပေးထားတာကို တွေ့ကြရမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးရဲ့ နယ်ပယ်ကဏ္ဍစုံ အသီးသီးမှာ ၆၉ % အထိ အမျိုးသမီးများဟာ တာဝန်ထမ်းဆောင်နေကြတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။

ယခင်က အမျိုးသမီးတပ်ဖွဲ့အတွင်းရှိ အမျိုးသမီးတွေဟာ စစ်မှုမထမ်းမနေရ ဥပဒေအရ တာဝန်ထမ်းဆောင်ခဲ့ကြရသူများဖြစ်ပါတယ်။

(၅)ပတ်ကြာ အခြေခံစစ်သင်တန်းပြီးဆုံးပြီးတဲ့နောက်မှာတော့ တပ်မတော်တွင်းက ရုံးစာရေး၊ ထောက်ပံ့နှင့်ပို့ဆောင်ရေး၊ ရေဒီယိုအော်ပရေတာ၊ လေယာဉ်ပျံသန်းမှု ထိန်းချုပ်ရေး၊ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးနဲ့ သင်တန်းနည်းပြ စတဲ့နေရာတွေမှာ တာဝန်ထမ်းဆောင်ခဲ့ကြရပါတယ်။





Saturday, August 23, 2014

ဘိုးရင်း AH 64 အပါချီတိုက်ခိုက်ရေး ရဟတ်ယာဉ်


ရဟတ်ယာဉ်နဲ့ ပတ်သက်တဲ့ video လေးပါ။ ရဟတ်ယာဉ်နဲ့ပတ်သက်တဲ့ စာလည်း shwemantinmgson.blogspot.com မှာ သွားရောက်လေ့လာနိုင်ပါတယ်။

Friday, August 22, 2014

လုပ်ချလိုက်ပြန်ပြီ


(ဟာသ)
ရွှေမန်းတင်မောင်သား

တနေ့ ကျနော်တို့ရဲ့ ဘော်ဒါကြီး ဘီလူးကျွန်းသားကို ကျွန်တော်ဘာသာပြန်ထားတဲ့ သတင်းတစ်ပုဒ်ထဲက စာပိုဒ်လေး တစ်ပုဒ်ကို ကျွန်တော်ပြပြီး တည်းဖြတ်ခိုင်းတယ်။

AH 64 အပါချီတိုက်ခိုက်ရေး ရဟတ်ယာဉ် အကြောင်းလေးပါ။

မူရင်းစာပိုဒ်ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

The Boeing AH-64 Apache is a four-blade, twin-engine attack helicopter with a tailwheel-type landing gear arrangement, and a tandem cockpit for a two-man crew. It features a nose-mounted sensor suite for target acquisition and night vision systems.

ဘီလူးကျွန်းသားဆိုတာက ကျွန်တော်တို့ blog မှာက ဆရာကြီး။ သူ့ဆီက ပညာ တွေ ယူနေရတာ။ နိုင်ငံခြားပြန်ကြီးပေါ့။

သူက ကျွန်တော်ပြန်ထားတာကို ကြည့်ပြီး

ဟ..ခင်ဗျားဟာက မဟုတ်သေးပါဘူး။ အဲဒီလိုမပြန်ရဘူးဗျ။

ဩော်..ဟုတ်လားအစ်ကိုရာ။ ဘယ်လိုပြန်ရမလဲ။ လုပ်စမ်းပါအုံး အစ်ကိုရ။

ဒီလိုပြန်ရတယ်ဗျ..မသိရင်မှတ်ထား

အမွှာအင်ဂျင်တပ်ထားသော ဘရိတ်ဓား လေးချောင်းပါ နှာခေါင်းတွင် အနံ့ခံ ကိရိယာပါရှိသည့်...ဟုဆိုပြီးပြန်ချလိုက်ရာ စာပိုဒ်တောင်မဆုံးသေးဘူး ကျွန်တော်တို့ အူတက်အောင် ရယ်ရပါလေတော့တယ်...

Thursday, August 21, 2014

ဘိုးရင်း AH-64 အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်

Internet, August 22, 2014
ရွှေမန်းတင်မောင်သား

AH-64 အပါချီတိုက်ခိုက်ရေး ရဟတ်ယာဉ်နှင့်သက်ဆိုင်သည့် အခြေခံအချက်အလက်

အီရတ်စစ်မြေပြင်၌ အမေရိကန် အမှတ်(၁၀၁)တပ်ရင်းမှ တိုက်ခိုက်ရေးရဟတ်ယာဉ် အဖြစ် စတင်သုံးစွဲခဲ့ပါတယ်။
မူလထုတ်လုပ်သည့်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု
ထုတ်လုပ်သည့်ကုမ္ပဏီ၊ Hughes Helicopter (၁၉၇၅-၁၉၈၄)ဘဲလ်အမျိုးအစား
AH-64 အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်အဖြစ် McDonnell Douglas ကုမ္ပဏီမှ (၁၉၇၄-၁၉၉၇)ထိ ထုတ်လုပ်ခဲ့ပါတယ်။
ဒီဇိုင်းရေးဆွဲခဲ့သည့်ကုမ္ပဏီ၊ Hughes Helicopters
စတင်ပျံသန်းသည့်နေ့၊ ၁၉၇၅ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက်
မူလသုံးစွဲသည့်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ အစ္စရေးလေတပ်၊ အီဂျစ်လေတပ်၊ နယ်သာလန်တော်ဝင်လေတပ်
ထုတ်လုပ်သည့်အရေအတွက်၊ ၂၀၁၃ခုနှစ်၊ မတ်လအထိ အစင်းရေ(၂၀၀၀)

ဘိုးရင်းကုမ္ပဏီက ထုတ်လုပ်တဲ့ AH-64 အပါချီတိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ လူနှစ်ယောက်လိုက်ပါစီးနှင်းနိုင်ပြီး အင်ဂျင်နှစ်လုံးတပ်၊ ပန်ကာဒလက်(၄)ခုပါရှိပါတယ်။ ရဟတ်ယာဉ်အမြီးမှာ မြေပြင်ဆင်းဖို့အတွက် ဘီးတပ်ဆင်ထားပါတယ်။ ညအချိန် ရန်သူရဲ့ပစ်မှတ်တွေကို ရှာဖွေဖို့အတွက် ရဟတ်ယာဉ်ရဲ့ ဦးခေါင်းပိုင်းမှာ ပစ်မှတ်ရှာ အာရုံခံကိရိယာကို တပ်ဆင်ထားပါတယ်။ ရှေ့ဘီးနှစ်ခုကြားမှာ ၃၀ မီလီမီတာ ( ၁.၁၈ လက်မ) M230 စက်သေနတ်ကို တပ်ဆင်အသုံးပြုထားပါတယ်။ ရဟတ်ယာဉ် တောင်ပံနှစ်ဘက်မှာ AGM-114 Hellfire missiles အမျိုးအစား ဒုံးကျည်အလုံးပေါင်း (၇၀)ပါရှိတဲ့ ဒုံးပစ်ပြွန်(၂)ခုကိုလည်း တပ်ဆင်အသုံးပြုထားပါတယ်။

အပါချီတိုက်ခိုက်ရေး ရဟတ်ယာဉ်ဟာ US Army ရဲ့ Hughes ရဟတ်ယာဉ်ကုမ္ပဏီက Model 77 အမျိုးအစားဖြင့်စတင်ထုတ်လုပ်ခဲ့ပြီး AH-1 Cobra အမျိုးအစား တိုက်ခိုက် ရေးရဟတ်ယာဉ်အဖြစ် ပြောင်းလဲထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ်ရဲ့ မူလပထမ အမျိုးအစားဖြစ်တဲ့ YAH-64 ဘဲလ်ကို ၁၉၇၅ စက်တင်ဘာလ ၃၀ ရက်နေ့မှာ စတင်ပျံသန်းခဲ့တယ်။ ဘဲလ် YAH-63 ရဲ့မျိုးဆက်သစ် YAH-64 ကိုတော့ အမေရိကန်စစ်တပ်က အသုံးပြုဖို့ ၁၉၇၆ခုနှစ်မှာ ရွေးချယ်ခဲ့တယ်။ အဲဒီနောက် ထုတ်လုပ်မှုကိုတော့ ၁၉၈၂ခုနှစ်မှာ ခွင့်ပြုခဲ့ပါတယ်။

၁၉၈၂ခုနှစ်မှစပြီး Hughes Helicopters ကုမ္ပဏီမှ စတင်ထုတ်လုပ်ခဲ့တဲ့ ဘဲလ် ရဟတ်ယာဉ်အမျိုးအစားကို မက်ဒေါနယ်ဒေါက်ကလပ် ကုမ္ပဏီက AH-64 အပါချီ တိုက်ခိုက်ရေးရဟတ်ယာဉ်အဖြစ် တိုးတက်ပြောင်းလဲ ထုတ်လုပ်နိုင်ခဲ့ပါတယ်။ AH-64 အပါချီ တိုက်ခိုက်ရေး ရဟတ်ယာဉ်ကို အမေရိကန်စစ်တပ်က ၁၉၈၆ခုနှစ်၊ အေပြီလမှာ စတင် အသုံးပြုနိုင်ခဲ့ပါတယ်။

AH-64 အပါချီတိုက်ခိုက်ရေးရဟတ်ယာဉ်ကို အမေရိကန်က ပထမဆုံးအဖြစ် စတင် သုံးစွဲခဲ့ပါတယ်။ ပြီးတဲ့နောက် မိတ်ဖက်နိုင်ငံများဖြစ်တဲ့ ဂရိ၊ ဂျပန်၊ အစ္စရေး၊ နယ်သာလန်နဲ့ စင်္ကာပူနိုင်ငံတို့လည်း သုံးစွဲခဲ့ကြပါတယ်။ အလားတူ AH-64 ရဲ့ မျိုးကွဲဖြစ်တဲ့ AH-64s ကို အမေရိကန်ထံမှ အင်္ဂလန်က နည်းပညာဝယ်ယူပြီးတော့ ထုတ်လုပ်ခဲ့ပါတယ်။ အင်္ဂလန်ထုတ်လုပ်တဲ့ AH64s အပါချီတိုက်ခိုက်ရေး ရဟတ်ယာဉ် မျိုးကွဲရဲ့ တိုက်ခိုက်ရေးစွမ်းအားကို ပနားမားတူးမြောင်းအရေးအခင်း၊ ပါရှန်ပင်လယ် ကွေ့စစ်ပွဲ၊ ကိုဆိုဗိုအရေးအခင်း၊ အာဖဂန်စစ်ပွဲနှင့် အီရတ်နိုင်ငံစစ်ပွဲတွေမှာ တွေ့မြင် ရမှာ ဖြစ်ပါတယ်။

အစ္စရေးကတော့ လဘနွန်စစ်၊ ဂါဇာကမ်းမြှောင်ဒေသတွေမှာ အသုံးပြုခဲ့တာဖြစ်ပါ တယ်။ ဗြိတိန်နဲ့ဒတ်ခ်ျ(နယ်သာလန်)တို့ကတော့ အာဖဂန်နဲ့အီရတ်စစ်ပွဲတွေမှာ အသုံး ပြုခဲ့ကြပါတယ်။

အဟီး..အချစ်လေးဘဲ သွားလိုက်တော

August 21, 2014
ရွှေမန်းတင်မောင်သား


ကိုတင်ခိုင်နဲ့ မငြိမ်းအေးခိုင်တို့ ချစ်သူသက်တမ်း ၂ နှစ် ပြည့်သော်လည်း တစ်ဦးအပေါ် တစ်ဦး ချစ်ခင်မြတ်နိုးဆဲ။ နှစ်စလုံးကလည်း ရုံးဝန်ထမ်းတွေမို့ ညနေရုံးဆင်းချိန်ဆို တင်ခိုင် က ငြိမ်းအေးခိုင်ကို ကားဂိတ်မှာ သွားကြိုမြဲ။ ပြီးလျင် အအေးဆိုင်တစ်ခုခုမှာ အအေးသောက် ရင်း ရှေးဟောင်းနှောင်းဖြစ်တွေပြောကြ ဆိုကြ၊ တိုင်ပင်ကြပေါ့။ ရုံးဖွင့်ရက်တိုင်း တင်ခိုင်က အေးငြိမ်းခိုင်ကို အကြိုမပျက်ခဲ့။

တနေ့...
အေးငြိမ်းခိုင်က ရုံးကအပြန် ဘတ်စ်စကားပေါ်က ဆင်းဆင်းခြင်း
အကို..ညီမတို့ ရှေးရေး တိုင်ပင်စရာရှိလို့ တနေရာရာ သွားရအောင်။
သွားလေ..အဝေးကြီးမသွားနဲ့တော့။
ဒီနားက..လက်ဖက်ရည်ဆိုင်မှာဘဲ ပြောကြရအောင် ဆိုပြီး နှစ်ဦးသား လက်ဖက်ရည်ဆိုင်ထိုင်ရင်း ရှေးရေးကို တိုင်ပင်ကြတာပေါ့။
၁နာရီခွဲ ၂နာရီလောက်ပြောဆိုကြပြီး ငြိမ်းအေးခိုင်က အကိုရေ..ပြန်ကြရအောင်။ အအေးဖိုး ရှင်းလိုက်လေ။
ဟိုက်..အဲဒါမှ ပြသနာဘဲ။ ညီမမှာ မပါဘူးလား။ အကိုက ဒီအတိုင်းဘဲ ထွက်လာတော့ ပိုက်ဆံမပါဘူး။
ညီမမှာလဲ မပါဘူးလေ။

အဲဒါမှဒုက္ခဘဲ..

တင်ခိုင် ငြီးတွားရင်း ဇောချွေးများပြန်လာပါတယ်။ ကောင်တာမှ ဆိုင်ရှင်ကလဲ တင်ခိုင်တို့ အတွဲကို ကွက်ကြည့်ကွက်ကြည့် လုပ်နေတယ်။

နောက်ဆုံး တင်ခိုင် ဆုံးဖြတ်ချက် ချလိုက်ရင်း ချစ်သူ ငြိမ်းအေးခိုင် ကို အောက်ပါအတိုင်း ပြောလိုက်ပါတယ်။

မျက်နှာက စပ်ဖြီးဖြီးလုပ်ရင်း

အကို့ကို..အပေါင်ထားပြီး..အချစ်ကလေးဘဲ အိမ်မှာပိုက်ဆံ သွားပြန်ယူလိုက်တော့။

ကမ္ဘာ့အကောင်းဆုံး ဓာတ်ပုံအဖြစ် ဘီဘီစီသတင်းဌာနထုတ်ပြန်

August 21, 2014
ရွှေမန်းတင်မောင်သား


၂၀၁၄ခုနှစ်၊ ဩဂုတ်လ ၂၀ ရက်နေ့အထိ ကမ္ဘာ့တစ်ဝှမ်း အကောင်းဆုံး ပုံရိပ်များအဖြစ် ဘီဘီစီ သတင်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ပုံမှာ ရန်ကုန်မြို့ ဘူတာခုံးကျော်တံတား တစ်ခုပေါ်မှာ လူတစ်ဦး ညအချိန်အိပ်စက်ရာတွင် ခြင်အန္တာရယ်မှ ကာကွယ်ရန် ပလပ်စတစ်အိတ်အတွင်း ဝင်ပြီးအိပ်စက်ခဲ့ပါတယ်။

သီဟ မဟုတ်ဘူး..ဆရာကြီး...ဘူးသီးဟင်း

(ဟာသ)
August 21, 2014
ရွှေမန်းတင်မောင်သား

စစ်ဆင်ရေးထွက်ရန် ပြင်ဆင်နေသော တပ်သား သီဟ Equiment အီကွေ့မင်တွင် တပ်ဆင်ရန် ဟန်းကော(ရှေ့တန်းစစ်ဆင်ရေးတွင် ထမင်း၊ ဟင်းချက်ပြုတ်ရာတွင် သုံးသည့် သတ္တုခွက်)ပျောက်သဖြင့် တပ်ခွဲဘားတိုက်တွင် ဟန်းကောလိုက်ရှာရင်း သောင်းကျန်းနေပါတယ်။

" ဟေ့...ဘယ်ကောင်၊ ငါ့အီကွေ့မင်းက ဟန်းကော ယူသွားတာလဲကွ" ပြောဆိုရင်း လိုက်ရှာချိန် တပ်သား ခင်မောင်မြင့် တွင်တွေ့ရှိသဖြင့်
တပ်သား သီဟ "ဟေ့ကောင်၊ မင်းဘာဖြစ်လို့ ငါ့ဟန်းကော ယူသွားတာလဲကွ.. ဟေ"
တပ်သား ခင်မောင်မြင့် "ဘယ်မှာယူလို့လဲကွ၊ ဒါငါ့ဟန်းကောဘဲ"
တပ်သား သီဟ "ဒါငါ့ ဟန်းကောကွ"
တပ်သား ခင်မောင်မြင့် "မဟုတ်ဘူး၊ ငါ့ဟန်းကော"ငြင်းခုံ လုံးထွေးသတ်ပုတ်ကြတယ်။

ထိုအချိန် တပ်ခွဲတပ်ကြပ်ကြီး မြသန်း ရောက်ရှိလာပြီး
"ဟေ့ကောင်တွေ၊ မင်းတို့ကောင်တွေ ဘာဖြစ်လို့ ရန်ဖြစ်နေကြတာလဲကွ.."
တပ်သား သီဟ "ဆရာကြီး..ဒီကောင် ကျွန်တော့် ဟန်းကောယူထားတယ်"
တပ်သား ခင်မောင်မြင့် "မဟုတ်ဘူး ဆရာကြီး ဒါကျွန်တော့် ဟန်းကောဘဲ"
တပ်ခွဲတပ်ကြပ်ကြီးက
"နေဦး.. သီဟ.. မင်းဟန်းကောမှာ ဘာအမှတ်အသား လုပ်ထားလဲကွ"
"ဆရာကြီး.. ဟန်းကောဘေးမှာ သီဟ လို့ အမည်ရေးထားတယ်"
" ခင်မောင်မြင့် ...မင်းကရော ဘာအမှတ်အသား လုပ်ထားလဲ"
ခင်မောင်မြင့် ဖြေလိုက်ပုံကတော့
" ဆရာကြီး...ဟိုတစ်နေ့က တပ်ခွဲမှာ ဘူးသီးဟင်းကို ဒီဟန်းကောနဲ့ ချက်စားခဲ့လို့ အမှတ်တရဖြစ်အောင် ကျွန်တော်က ဟန်းကောမှာ ဘူးသီးဟင်းလို့ ရေးထားတယ် ခင်ဗျ"
ထိုအခါ တပ်ခွဲတပ်ကြပ်ကြီးက "အေး...ခင်မောင်မြင့်ဖြေတဲ့ အဖြေက နည်းလမ်း ကျတယ်။ ဒါကြောင့် ဟန်းကောက ခင်မောင်မြင့် ဟန်းကောလို့" မှတ်ချက် ပေးလိုက်ပါကြောင်း။

Thursday, August 14, 2014

လက်မှတ်ထိုးပေးပါ...အဖေ

August 18, 2014
ရွှေမန်းတင်မောင်သား

ကျွန်တော်က မနက်မိုးလင်း အလုပ်သွား၊ မိုးချုပ်မှပြန်ဆိုတော့ အိမ်က မိသားစုတာဝန်၊ အိမ်မှုကိစ္စတာဝန်တွေကို အတော်လေး လစ်ဟင်းခဲ့ပါတယ်။

ကျွန်တော့်မှာ သားသမီး(၂)ဦးရှိပါတယ်။ သားအကြီးကောင်က (၂)တန်း၊ အငယ်မက နို့စို့အရွယ်ပါ။ သားကျောင်းတက်တုန်းက မူကြိုအရွယ် ဆရာမကသင်ပေးတဲ့ ဂုဏ်တော် ကိုးပါး၊ ဘုရားရှိခိုးကန်တော့၊ ကဗျာတွေ စာတွေကို သွက်လက်ချက်ချာစွာ ရွတ်ပြနိုင်လို့ ဆရာမက သိပ်သဘောကျတော့ ကျွန်တော်တို့ကို ပြောပါတယ်။ ဒီကလေးကို ကောင်းကောင်းပြုစု ပျိုးထောင်ပေးနိုင်လို့ရှိရင် ထူးချွန်ထက်မြက်မယ်လို့ ဆိုပါတယ်။

ဇနီးသည်ကလည်း သူ့အလုပ်နဲ့သူ၊ ကျွန်တော်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ကလေးပညာရေးကို ကျောင်းကသင်ပြတာနဲ့ ကျူရှင်ဆရာမနဲ့သာ အချိန်ကုန်ခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ကလေးပညာရေးကို လှည့်မကြည့်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သားက စာတော် ခဲ့ပါတယ်။ မူလန်းမှာလည်းဆုတွေရတယ်။ ပထမတန်းမှာလည်း ဆုတွေရတယ်။

ဒီနှစ် ဒုတိယတန်းတက်တော့ သားကစာတော်တော့ မျှော်လင့်ချက်ထားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိမမူလိုက်တဲ့အချက်က ကလေးမှာ ကြီးမားတဲ့ထိုးနှက်ချက် ရှိတယ် ဆိုတာပါဘဲ။ ပထမလပတ်စာမေးပွဲ လပို့ကတ်ယူလာတော့ အတန်းထဲမှာ အဆင့်(၈) ရပါတယ်။ ဒါကိုသူ့အမေက ရှက်တော့ လပို့ကတ်မှာ ကျွန်တော့်ကို "ရှင်ဘဲ လက်မှတ် ထိုးပေးလိုက်"လို့ ပြောပါတယ်။ ကျွန်တော်လည်း သာမန်ကာရှန်ကာ သဘောထားပြီး ကလေးလပို့ကတ်မှာ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ဒါပေမဲ့ သားကို ကြိုးစားချင်စိတ် ပေါ်လာအောင် "သား.. အဆင့်(၁)ရအောင်လုပ်၊ သားအဆင့်(၁)ရရင် အဖေ စက်ဘီး (၁)စီးဝယ်ပေးမယ်"လို့ ကလေးကို ပစ္စည်းနဲ့အပေါစားဆန်စွာ စည်းရုံးခဲ့ပါတယ်။

ဒုတိယလပတ်စာမေးပွဲမဖြေခင် သားက အပြင်းဖျားပြီး ဆေးခန်း(၃)ခေါက်လောက် ပြေးလိုက်ရပါတယ်။ စာမေးပွဲဖြေပြီး လပို့ကတ်ထွက်တော့ အဆင့်(၁၄)ကို ထိုးကျသွား ပါတယ်။ ဇနီးသည်က ကလေးကိုဆူပူကြိမ်းမောင်းပြီးတော့ "သွား..နင်လပို့ကတ်ကို ငါ့ ကိုလက်မှတ်လာမထိုးခိုင်းနဲ့၊ နင့်အဖေပြန်လာမှ ထိုးခိုင်း"လို့ ပြောလိုက်မိပါတယ်။

ကျောင်းမှာ ဆရာမက လပို့ကတ်ပေးလိုက်တော့ မှာလိုက်မယ်နဲ့တူပါတယ်။ မိဘကို သေချာပြရမယ်ဆိုတာ သူ့သိတယ်။ ဒါပေမဲ့ရလာဒ်ကလည်းမကောင်း အဆင့်(၁၄)ဆို တော့ နောက်ဆုံးလက်မှတ်ထိုးဖို့ မျှော်လင့်ချက်က ကျွန်တော့်ကို သားက အားကိုးခဲ့တာ ကိုး။

ည(၇)နာရီထိုးလောက် ကျွန်တော်ပြန်ရောက်တော့ လပို့ကတ်ကလေးကိုင်ပြီး မျက်နှာ က ငိုမဲ့မဲ့လေးဖြစ်ပြီး မျက်ရည်ကလေးတွေ ဝိုင်းနေတယ်။ ပြီးတော့ အသံတုန်တုန်ရီရီနဲ့ "အဖေ...သားကို လပို့ကတ်မှာ လက်မှတ်ထိုးပေးပါ"လို့ ဆို့နင့်စွာ ပြောလာပါတယ်။ ကျွန်တော်လည်း သာမန်ဘဲသဘောထားကာ "အေးအေး..စားပွဲပေါ်ထားခဲ့လိုက်"လို့ ပြန်ပြောလိုက်မိပါတယ်။

ရေးမိုးချိုး ထမင်းစားပြီးတော့ စားပွဲပေါ်တင်ထားတဲ့ လပို့ကတ်ကို ကျွန်တော်လက်မှတ် ထိုးဖို့ မေ့သွားပါတယ်။ အိပ်ရာဝင်တော့ စာအုပ်ကြားထဲမှာ ညှပ်ထားတဲ့ လပို့ကတ်ကို ကျွန်တော်လက်မှတ်ထိုးလား မထိုးလားဆိုတာ စိုးရိမ်စိတ်ကြီးစွာနဲ့ သားကဖွင့်ကြည့် လိုက်ပါတယ်။ လက်မှတ်မထိုးထားတော့ ကလေးရဲ့မျက်ဝန်းမှာ အားငယ်စိတ်၊ စိုးရိမ် စိတ်တွေ ဖုံးလွှမ်းပြီး မျက်ရည်လေး ဝေ့ဝဲလာတာကို ကျွန်တော်အမှတ်တမဲ့ တွေ့လိုက် ပေမဲ့ သားကဖခင်ကိုကြောက်ပြီး မပြောရဲဘဲ အိပ်ရာဝင်ခဲ့ပါတယ်။

အဲဒီညက သားကောင်းကောင်းတောင် အိပ်မပျော်ပါဘူး။ ဇနီးသည်က "ရှင့်သား.. အဆင့်(၁၄)တဲ့ ကျုပ်တော့လက်မှတ်မထိုးဘူး။ ရှင်ဘဲထိုးပေးလိုက်"လို့ ပြောပါတယ်။ သား စိုးရိမ်စိတ်တွေပြေပျောက်သွားအောင် လုပ်ပေးရုံမှတပါး အခြားဘာမှ ကျွန်တော် မစဉ်းစားနိုင်တော့ပါဘူး။ မနက်ကျတော့ သားစာအုပ်ကြားထဲမှာ ညှပ်ထားတဲ့ လပို့ကတ် ကို ကျွန်တော်ထုတ်ကြည့်လိုက်တော့ "ဟုတ်ပါတယ်ဗျာ..အဆင့်(၁၄)တဲ့" ကျွန်တော် လပို့ကတ်ကို စိတ်မကောင်းခြင်းများစွာနဲ့ သပ်ယပ်သေချာစွာ လက်မှတ်ထိုးပေးလိုက် ပါတယ်။

လပို့ကတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းက အဖြစ်အပျက်မှာတော့ ကျောင်းကပေးလိုက်တဲ့ လပို့ကတ်ကို ဘာသာတွေကလည်းကျ၊ အမှတ်ကလည်းနည်း ဆိုတော့ မိဘကို မပြရဲဘူးလေ။ ဒါကြောင့် မိဘမသိရှိအောင် အဖေအမေ ထိုးရဲမဲ့အကွက်မှာ ဘောလ်ပင်ကို ဘယ်လက်ထိုး၊ ထိုးတာတောင်မှ တုန်တုန်ရင်ရင် ပုံစံလေးနဲ့ထိုး သဘောကတော့ စာမတတ်လို့ လက်မှတ်တောင် မထိုးတတ်တဲ့ပုံစံမျိုး ပေါ့။ ကျွန်တော့်တို့ မိဘအပေါ်လိမ်ခဲ့တာတွေကိုပါ။

ဒါတွေထက်စာရင် ကျွန်တော့်သားရဲ့အဖြစ်အပျက်လေးက အများကြီးတော်ပါတယ်လို့ တွေးရင်း မိဘအပေါ်လိမ်ညာခဲ့မိသောအဖြစ်များကို နောင်တကြီးစွာရမိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လို ကလေးကို ပစ်မထားမိဘို့ ကလေးပညာရေးကောင်းအောင် မိဘဆရာသမားပူးပေါင်းမှသာ ဖြစ်နိုင်မယ်လို့ ပြောပါရစေတော့ဗျာ။

Wednesday, August 13, 2014

မြောက်ကိုးရီးယားနှင့် တောင်ကိုးရီးယား စစ်ရေးအင်အား နှိုင်းယှဉ်ချက်


မြောက်ကိုးရီးယား
လူဦးရေ ၂၅ သန်း
စစ်မှုထမ်းနိုင်တဲ့အင်အား ၁၃ သန်း
တန်းပြည့်စစ်မှုထမ်းနိုင်သည့်လူ ၁၀ သန်း
အရွယ်ရောက်စစ်မှုထမ်းနိုင်တဲ့လူ ၄ သိန်း
လက်ရှိစစ်မှုထမ်း ၁ သန်း
အရန်စစ်မှုထမ်း ၈ သန်း
လေယာဉ် ၁၆၆၇ စင်း
ရဟတ်ယာဉ် ၂၃၇ စင်း
လေယာဉ်ကွင်း ၈၁ ကွင်း
တင့်ကား ၅၄၀၀
AFG ၂၅၈၀
SPG ၁၆၀၀
ယာဉ်တင်အမြောက် ၃၅၀၀
အတွဲလိုက်ဒုံးပစ်စင် ၁၆၀၀
အမြောက် ၂၀၀၀
စစ်သုံးယာဉ် ၃၈၀၀၀
ကုန်တင်သင်္ဘော ၁၅၈
ဆိပ်ကမ်း ၁၅၈
စစ်ရေယာဉ် ၇၀၈
လေယာဉ်တင်သင်္ဘော မရှိ
ရေငုပ်သင်္ဘော ၇၀
ဖရီးဂိတ် ၃
ဖျက်သင်္ဘော မရှိ
Corvette မရှိ
မိုင်းရှင်းသင်္ဘော ၂၃
ကမ်းခြေစောင့်ဒုံး ၄၇၁

တောင်ကိုးရီးယား
လူဦးရေ ၅၀ သန်း
စစ်မှုထမ်းနိုင်သည့်လူဦးရေ ၂၅ သန်း
တန်းပြည့်စစ်မှုထမ်းနိုင်သည့်လူ ၂၁ သန်း
အရွယ်ရောက်စစ်မှုထမ်း ၇ သိန်း
လက်ရှိစစ်မှုထမ်း ၆ သိန်း ၅ သောင်း
အရန်စစ်မှုထမ်း ၃ သန်းကျော်
လေယာဉ် ၈၇၁
ရဟတ်ယာဉ် ၉၇
လေယာဉ်ကွင်း ၁၁၄
တင့်ကား ၂၄၆၆
AFV ၂၄၂၀
SPG ၂၃၃၀
ယာဉ်တင်အမြောက် ၄၉၀၄
အတွဲလိုက်ဒုံးပစ်စင် ၂၁၄
အမြောက် ၂၀၀၀
တင့်ဖျက် ၂၅၇၆
စစ်သုံးယာဉ် ၅၀၇၇၁
ကုန်တင်သင်္ဘော ၇၈၆
ဆိပ်ကမ်း ၅
စစ်သင်္ဘော ၁၉၀
လေယာဉ်တင် မရှိ
ရေငုပ်သင်္ဘော ၁၄
ဖရီးဂိတ် မရှိ
ဖျက်သင်္ဘော ၁၂
Corvette မရှိ
မိုင်းရှင်းသင်္ဘော ၁၀
ကမ်းခြေစောင့်ဒုံး ၁၁၄

စစ်ရေးအင်အားနှိုင်းယှဉ်ချက် video ကို အောက်ပါလင့်မှာ သွားရောက် ကြည့်ရှုနိုင်ပါတယ်။

ရွှေမန်းတင်မောင်သား

ရင်သပ်ရှုမောဖွယ်ကောင်းတဲ့ ဂျပန်နိုင်ငံ ရဲ့စစ်ရေးပြမြင်ကွင်း


စည်းကမ်းသေဝပ်ပြီး အမိန့်နာခံတပ်တဲ့ ဂျပန်နိုင်ငံတပ်ဖွဲ့ရဲ့ စစ်ရေးပြပါ။

မတွေ့မြင်ဘူးတဲ့ တင်ဆက်ပြသမှုတွေနဲ့ ပြသသွားတာ ချီျးကျူးလောက်ပါတယ်။

အောက်ပါလင့်မှာ video သွားကြည့်လို့ ရပါတယ်။

ဂျာမဏီ၏ ၂၀၁၄ စစ်ရေးလေ့ကျင့်မှု


ဒုတိယကမ္ဘာစစ်ကြီးပြီးသည့် နောက်ပိုင်း စစ်ရှုံးနိုင်ငံဖြစ်တဲ့ ဂျာမဏီကို မဟာမိတ်တို့ စစ်ရေးအင်အား ကန့်သတ်ခဲ့ပါတယ်။

ဂျာမဏီဖယ်ဒရယ်ပြည်ထောင်စု အမည်ဖြင့် ၁၉၅၅ ခုနှစ်တွင် တပ်မတော်ကို တည်ထောင်ခဲ့ပါတယ်။

နှစ်ပတ်လည် စစ်ရေးပြအခမိးအနားနေ့ကို ၁၉၅၅ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ကျင်းပပါတယ်။

ဘာလင်တံတိုင်း ဖြိုချပြီး ဂျာမဏီနှစ်နိုင်ငံ ပေါင်းစည်းပြီးသည့်နောက် ယနေ့လက်ရှိ စစ်သည်အင်အား ၆၂၇၅၆ ဖြင့် ဖွဲ့စည်းထားရှိပါတယ်။

ပါဝင်ခဲ့တဲ့ စစ်ဆင်ရေးများအနေဖြင့် ကုလသမဂ္ဂငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့အနေဖြင့် ဆိုမာလီအရေးအခင်း၊ ဘောလကန်စစ်၊ ကိုဆိုဗိုအရေးအခင်း၊ အာဖဂန်နစ္စတန်၊ ကိုဆိုဗိုမြောက်ပိုင်းတို့ ဖြစ်ပါတယ်။

လက်ရှိ commander အနေနဲ့ကတော့ General Werner Freers ဖြစ်ပါတယ်။ အရည်အချင်း ပြည့်ဝတဲ့ ဂျာမဏီစစ်တပ်ရဲ့ ၂၀၁၄ စစ်ရေးလေ့ကျင့်မှုကို အောက်ပါလင့်မှာ video သွားရောက်ကြည့်ရှုနိုင်ပါတယ်။

Tuesday, August 12, 2014

ချေ(ဂျီ)တစ်ဆယ်၊ ဒရယ်အစိတ်


ချေ(ဂျီ)တစ်ဆယ်
ယနေ့နံနက် ရာသီဥတုက သာယာလျက်ရှိပြီး ငှက်ကျေးတို့၏တေးဆိုသံကိုကြားနေရပြီ ... ``စိုးခိုင်ရေ .. အဆင်သင့်ဖြစ်ပြီလား ... ဖြစ်ရင်သွားကြမယ်လေကွာ... နောက်ကျနေပြီကွ..´´
 ``အေး ... အေး ... လာပြီ .... လာပြီ ..´´ဆိုတဲ့အသံနဲ့အတူ စိုးခိုင် ကျွန်တော့်အနားသို့ အပြေး ရောက်လာသည်။
 ``(၆)နာရီတောင်ထိုးတော့မယ် သုတ်သုတ်လျှောက်ကွာ´´
 ကျွန်တော်တို့ ဒီနေ့ ပျဉ်းမပင်စခန်းရွာရှိ မိတ်ဆွေများနှင့်အတူ ချေ(ဂျီ)မောင်းရန် ချိန်းဆိုထားသည် မဟုတ်ပါလား။ ပျဉ်းမပင်စခန်းရွာသည် ကျွန်တော်တို့နေထိုင်ရာ တောင်ကလေးရွာနှင့်ဆိုလျှင် (၄)မိုင်ခန့် ဝေးကွာပါသည်။ အိမ်ခြေများပြီး အိမ်ကြီးအိမ်ကောင်းများပေါပါသည်။ တောင်ယာလယ်လုပ် ဓါးမခုတ်ဖြင့် အဓိကအသက်မွေးကြပြီး ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့်လည်း ၀င်ငွေကောင်းပါသည်။ အများအားဖြင့် ကရင်နှင့် မြန်မာလူမျိုးအများစု နေထိုင်ကြပါသည်။
 `` အင်း ..(၆)နာရီတောင်ခွဲပြီ ကိုစိန်သီးတို့တော့ မျှော်နေလောက်ပြီကွ ´´.... လက်ကနာရီကို ငုံ့ကြည့်ရင်းကဆိုလိုက်တော့ ... စိုးခိုင်က နဖူးထက်မှ ချွေးကိုလက်နှင့်သပ်ချရင်း ``အေးပါကွာ ... ငါလည်းလျှောက်နေပါတယ်ဟ´´
``ဒါနဲ့ ကိုရွှေဒေါင်းတို့ရောမပါဘူးလား... လူများမှကောင်းတာကွ .. ´´
``ဟ ... မပါဘဲနေပါ့မလားကွ ... သူတို့လာမှ ပိုက်တွေပါလာမှာလေ´´
``ခွေးလည်း ထပ်ခေါ်လာမယ် ပြောတာပဲ´´
နှစ်ယောက်သား စကားပြောရင်း လျှောက်လာလိုက်ကြတာ ... ခွေးဟောင်သံကြားမှပဲ ကိုစိန်သီးရဲ့ တဲနားကို နီးလာမှန်းသတိထားမိတော့တယ်။ ကိုစိန်သီး၏ တောင်ယာတဲသည် အခိုင်အမာဆောက်ထား သော ခြေတံရှည်အိမ်မြင့်ဖြစ်သည်။ ကိုစိန်သီးသည် ပျဉ်းမပင်စခန်းရွာထဲတွင် သိပ်နေလေ့မရှိဘဲ အလုပ်လုပ်သော တောင်ယာတဲတွင်သာ အနေအထိုင်များလေသည်။ ကိုစိန်သီး၏ အမဲလိုက်ခွေးများ အသံက ပို၍ကျယ်လောင်လာသည်။
``ကိုစိန်သီးရေ ... ခွေးတွေကြည့်ပါဦးဗျ ..´´
``လာ.. လာ.. ကိုမင်းနိုင်ရေ .. ဒီကောင်တွေ မကိုက်ပါဘူး´´
တဲအောက်တွင် ခွေးနှစ်ကောင်၊ တဲပေါ်တွင် ခွေးတစ်ကောင်တွေ့ရပြီး တဲပေါ်ရှိ ``အောင်နီ´´ အမည်ရခွေးထီးမှာ အုပ်စုခေါင်းဆောင်ဖြစ်သည်။
``လာ .. တဲပေါ်တက်´´
ကျွန်တော်တို့တဲပေါ်ရောက်တော့ ရေနွေးကြမ်း၊ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ဖုတ်ဆီစမ်း ချကျွေးတယ်။ ကျွန်တော်တို့လည်း မနက်ကတည်းက ဘာမှမစားလာရလို့ ဆာဆာနဲ့စားလိုက်ကြတာ ကောင်းလိုက်တာဗျာ... အခုထိတောင် မမေ့သေးဘူး။
``ကိုစိန်သီး ... အောင်နီ က ပိန်သွားသလိုပဲ ´´
``ဟုတ်တယ် ကိုမင်းနိုင် အစာလျှော့ကျွေးထားတာ ... တအားဝမှာစိုးလို့´´
ကိုစိန်သီး၏ အမဲလိုက်ခွေးများမှာ သာမန်ဗမာခွေးများ၏အရွယ်အစားဖြစ်ပြီး သာမန်ခွေးများကဲ့သို့ ၀၀ဖြိုးဖြိုးမရှိဘဲ ပိန်ကပ်ကပ်များသာ။ ထိုအကြောင်းကို မသိ၍မေးကြည့်သည့်အခါ အမဲလိုက်ခွေးများမှာ သာမန်ခွေးများကဲ့သို့ မဟုတ်ဘဲ အမဲလိုက်ခွေးမျိုးရိုးရှိကြောင်း၊ သားကောင်အား အနံ့ခံနိုင်စွမ်းကောင်းပြီး သားကောင်၏ သဘောသဘာဝကို သိကြောင်း၊ တစ်တောဝင် တစ်တောင်တက် ပင်ပန်းကြမ်းတမ်းမှုကို ကောင်းစွာခံနိုင်ရည်ရှိကြောင်း၊ သခင့်အပေါ်တွင်လည်း လွန်စွာသစ္စာရှိကြောင်း၊ အစာအလွန်အကျွံ ကျွေးပါက အ၀လွန်ပြီး အမဲမလိုက်နိုင်တော့ကြောင်း၊ ချေ/ဒရယ်မောင်းပါက လူအင်အားဖြင့်သာ မောင်း၍ မလွယ်ကူကြောင်း၊ ခွေးများ၏ အကူအညီပါမှသာ အဆင်ပြေနိုင်ကြောင်း ရှင်းပြပါသည်။
``သြော်... ဒါနဲ့ ကိုရွှေဒေါင်းတို့လည်း မရောက်သေးပါလား...သူတို့လိုက်မယ် မဟုတ်လား´´
``ကျွန်တော် ရှေ့ကကြိုလွှတ်လိုက်ပြီဗျ .. ပိုက်သမားနှစ်ယောက်ရယ် ..ရွှေဒေါင်းရယ်´´
ကိုရွှေဒေါင်းဆိုသည်မှာ ကိုစိန်သီး၏ ညီအရင်းဖြစ်ပြီး ညီအစ်ကိုနှစ်ဦးစလုံး တောလိုက်ခြင်း၊ ကြက် တိုက်ခြင်း ၀ါသနာပါသူများဖြစ်ကြသည်။ ထိုအကြောင်းတရားသည်ပင်လျှင် ကျွန်တော်နှင့် ၄င်းတို့ညီအစ်ကို ရင်းနှီးစေသော အကြောင်းတရားဖြစ်ပါသည်။ သူတော်ချင်းချင်း သတင်းလွေ့လွေ့၊ ပုလင်းတူ ဘူးဆို့ ဆိုပါတော့ဗျာ။
``ဟော .. ပြောရင်းဆိုရင်း ဟိုမှာ ကိုသန်းဝေ လည်းလာပြီဆိုတော့ သွားကြရအောင်လား .. တော်ကြာနေမြင့်သွားမယ် .. နေမြင့်သွားရင် မလိုက်နိုင်တော့ဘူး.. ခွေးရောလူရောပင်ပန်းတယ်´´
``ဒါဆို သွားကြမယ်လေ´´
ကိုစိန်သီး ဦးဆောင်ပြီး စိုးခိုင်ရယ်၊ ကိုသန်းဝေရယ် ကျွန်တော်ရယ် လေးယောက်သား ကိုစိန်သီး တဲကထွက်လာခဲ့ကြတယ်။ ကျွန်တော်တို့ရှေ့မှာတော့ ကိုစိန်သီးလက်စွဲတော် ခွေးအောင်နီနဲ့ အပေါင်းအပါ နှစ်ကောင်က ခြေလှမ်းတွေသွက်လို့ ...
``ကိုသန်းဝေ .. ခင်ဗျားပိုက် တစ်ဝက်ပေးလေ.... ကျွန်တော်လည်းဝိုင်းသယ်မှာပေါ့´´
``ရပါတယ် ကိုမင်းနိုင်ရာ.... ဒါတွေက ကျွန်တော်တို့လုပ်နေကျပါဗျာ...´´
ကိုသန်းဝေ၏ပုခုံးထက်တွင် ပိုက်ထောက်သောဒေါက် လေးငါးချောင်းကို စုစည်း၍ ပိုက်နှစ်ဖုံအား ရှေ့နောက်တွင်စွပ်ကာ တံပိုးကဲ့သို့ ထမ်းလာလေသည်။ ပိုက်ဒေါက်ဆိုသည်မှာ ချေထောင်သောပိုက်ကို တန်း၍ ထောက်ထားသော ဒေါက်ကိုဆိုခြင်းဖြစ်ပါသည်။ လုံးပတ် ကျပ်လုံးခန့်၊ အရှည်လေးပေ၊ လေးပေခွဲ ခန့်ရှိပြီး သားကောင် ရုတ်တရက်မမြင်နိုင်သော နေရာတွင် ထောက်ထားရပါသည်။ ချေထောင်သောပိုက် များသည် ခေါက်ဆွဲစားတူအလုံးခန့်ရှိ နိုင်လွန်ကြိုးများအား အလျားပေ(၃၀)၊ အနံ(၅)ပေခန့် ထိုးထားခြင်း ဖြစ်ပြီး ၄င်းအား ပိုက်တစ်ဖုံဟု ခေါ်ပါသည်။
အဆိုပါပိုက်များအား အကာအကွယ်ကောင်းသော သစ်ပင်ခြုံဖုတ်များ၏နောက်ကွယ်တွင် ပိုက်ဒေါက်များဖြင့် ထောက်ကာ ဆက်၍ထောင်ထားရပါသည်။ ၄င်းပိုက်ကိုစောင့်သော ပိုက်သမားများ သည် ခြုံပုတ်များအတွင်းခိုကာ စောင့်ရသည်။ တစ်ဖက်မှတောမောင်းသူများက သားကောင် ခိုအောင်း နေနိုင်သည့် တောအုပ်များအား အမဲလိုက်ခွေးများမောင်းထည့်ပြီး လူအများက ဘေးမှဝိုင်း၍အသံပေး ခြောက်လှန့်ကာ ထောင်ထားသည့် ပိုက်အတွင်းသို့ မ၀င် ၀င်အောင် မောင်းထည့်ကြရပါသည်။ ၄င်းပိုက် အတွင်းသို့ သားကောင်အရှိန်နှင့်ပြေးဝင်ပါက ပိုက်ထောက်ထားသော ဒေါက်သည်ပြုတ်၍ ပိုက်အတွင်း၌ သားကောင်လုံးထွေးနေလေသည်။ ထိုအခါ ခြုံပုတ်အတွင်း အသင့်စောင့်နေသော ပိုက်စောင့်သည် အလျင် အမြန်ထွက်၍ အသင့်ဆောင်ထားသောတုတ်ဖြင့် အတင်းဝင်ရိုက်ရပါသည်။ သားကောင်၏နောက်မှ ထပ်ချပ်လိုက်ပါလာသော ခွေးများကလည်း အတင်းဝင်ကိုက်ကြသဖြင့် သားကောင်မှာ လွတ်လမ်းမရှိပြီ ...
ဒီလိုနည်းနဲ့ ကိုစိန်သီးတို့ ချေ၊ဒရယ်မောင်းစားလာတာ အကောင်ပေါင်းမရေမတွက်နိုင်ပြီ...
ရှေ့မလှမ်းမကမ်းအပင်အောက်တွင် ထိုင်စောင့်နေသော ကိုရွှေဒေါင်းတို့အဖွဲ့အားတွေ့သဖြင့်...
``ဟော .. ရှေ့မှာ ကိုရွှေဒေါင်းတို့စောင့်နေတယ်..´´
``ရွှေဒေါင်းရေ .. အခြေအနေဘယ်လိုလဲ...´´
ကိုစိန်သီးက သူ့ညီကိုအခြေအနေမေးလိုက်တယ်။
``အခုလောလောဆယ်ဆယ်တွေ့တာက ညဦးကခြေရာပဲတွေ့တယ်.. အထီး၊အမတစ်စုံရယ် သားပေါက်တစ်ကောင်ရယ်´´
``နောက်ခြေရာတစ်ခုက ဒီဘက်ဖုန်းဆိုးတောထဲကဖြတ်ပြီး ဟိုတောင်ကြောပေါ် ဖြတ်တက် သွားတဲ့ အနေအထားမျိုးဘဲ ...´´
``အေး .. ဟုတ်ပြီ ... ငါလိုက်ကြည့်လိုက်ဦးမယ် ... မင်းတို့ပိုက်အဖွဲ့ ဒီဘက်က၀ိုက်ပြီး အောက်ဖက်လှည်းလမ်းကူးမှာ ထောင်ထားလိုက်ကွာ...´´
``မင်းတို့က လှည်းလမ်းကူးဟိုဘက်မှာနေနော်..´´
ကိုစိန်သီးရဲ့စကားအဆုံးမှာ အေး.. အေး... ဆိုပြီး ကိုရွှေဒေါင်းတို့အဖွဲ့ ထွက်သွားကြတယ်။ ကိုသန်းဝေလည်း ပိုက်သမား ဆိုတော့ ပိုက်ထမ်းပြီး နောက်ကလိုက်သွားလေရဲ့ ...
ကိုစိန်သီး၊ ကျွန်တော်၊ စိုးခိုင်၊ ကိုမြင့်အောင်၊ ကိုရွှေဒေါင်းရဲ့သားနဲ့ရွာသားနှစ်ယောက်ပဲကျန်ခဲ့ တယ်။
``ကိုမင်းနိုင်ရေ ... ကျွန်တော်တို့ ဒီဖုန်းဆိုးတောထဲ ခြေရာနည်းနည်းလိုက်ကောက်ရအောင်..´´
ပြောပြောဆိုဆို ကိုစိန်သီးက ရှေ့ကသွားနှင့်ချေပြီ.. ကိုစိန်သီး၏မျက်လုံးများက ဖုန်းဆိုးတော မြေပြင်ပေါ်မှာ ကျီးကန်းတောင်းမှောက် ... ကျွန်တော်လည်း အသေအချာကြည့်တာပါပဲ ... ဒါပေမယ့် ကျွန်တော်ကပဲ မျက်စိရှမ်းတာလား.....မကျွမ်းကျင်လို့လားမသိဘူး... မတွေ့ဘူး ... သိပ်မကြာခင်မှာပဲ ...
``ကိုမင်းနိုင်ရေ ဒီမှာလာကြည့်ဗျ..´´
မုဆိုးဒူးထောက်ထိုင်ရင်းက ကိုစိန်သီး ကျွန်တော့်ကိုလှမ်းခေါ်တယ်... ကျွန်တော် အပြေးအလွှား ကြည့်လိုက်တော့ ဆိတ်ခြေရာလိုလို ခြေရာတွေတော်တော်များများ တွေ့ရတယ် ..
``ဒီမှာတွေ့လား ကိုမင်းနိုင် .. သုံးကောင်ဗျ .. ရွှေဒေါင်းပြောတာမှန်တယ် .. ´´
``ဒီခြေရာအကြီးဆုံးက ချေဖို(ဂျီထီး)ဖြစ်နိုင်တယ် .. ခြေရာအလတ်က ချေမ... အငယ်ဆုံးက ချေသားပေါက်လေးက .. သားခွဲနေပြီ ...´´
``ဒီခြေရာတွေက .. ဒီမနက်ပိုင်းကမှ နင်းထားတဲ့ခြေရာတွေဗျ ... ဒီမနက်အစောပိုင်း အစာဝလို့ ဆော့ရင်း နင်းထားတဲ့ခြေရာတွေ .. ဒီကောင်တွေ .. ဖုန်းဆိုးတောကိုပန်းပြီး ဟိုတောတန်းကနေ ကြောပေါ် ကိုပန်းတက်သွားတာ .... ကြောပေါ်က ခြုံကောင်းကောင်းမှာ ခိုနေလိမ့်မယ် ..´´
ကိုစိန်သီးက သူ့ရဲ့အတွေ့အကြုံနဲ့ ဖြစ်နိုင်ခြေရှိတဲ့ အနေအထားတစ်ခုကို ရှင်းပြတယ် ..
``ချေတို့ ဒရယ်တို့ရဲ့သဘောက တစ်မျိုးဗျ ... လူသိပ်မကြောက်တတ်ဘူး .. လူသံကြားနေပေ မယ့် ... သူခိုနေတဲ့နေရာက လုံခြုံတယ်ထင်ရင် လူအနားရောက်လာတာတောင် တော်ရုံထွက်မပြေးတတ် ဘူး .. ခွေးတို့ဘာတို့ပါလာရင်တော့ တစ်မျိုးပေါ့ .. ´´
``ကျွန်တော့်ခွေးတွေကတော့ စိတ်ချရတယ် .. ´´ ပြောပြောဆိုဆို ကိုစိန်သီးက သူ့ခွေးအောင်နီ ကို ``ရွှီး ... ရွှီး .... ရွှီး ´´နဲ့ လေချွန်ပြီး လှမ်းခေါ်လိုက်တယ် .. အောင်နီကလည်း မိမိတာဝန်ကို သိနေသည့်အလား သခင့်အနားကို တစ်ဟုန်ထိုးအပြေးရောက်လာတယ်။ ကိုစိန်သီးက ချေ(ဂျီ)ခြေရာကို လက်ညှိုးနှင့်ထောက်ကာ ``ဒီမှာ ဒီမှာ´´ဟုပြလိုက်ရာ အောင်နီသည် ခြေရာကိုတရှုံ့ရှုံ့အနံ့ခံရင်း တောထဲသို့ အတင်းပြေးဝင်သွားလေသည်။ ကျန် ခွေးလေးကောင်မှာလည်း အောင်နီနောက်သို့ ထပ်ချပ် လိုက်ကြပြီ ...
`` ကိုမင်းနိုင် ဒီအောက်ခြေကနေ လူခွဲပြီး အဲ့ဒီကြောပေါ်ကိုဖြန့်တက်မယ် .. ကိုမင်းနိုင်က ဒီဘက် ထိပ်မှာနေလိုက်၊ ကိုမင်းနိုင် ဟိုဘက်က ရွှေဒေါင်းသားဝင်၊ ရွှေဒေါင်းသားဘေးက ကိုစိုးခိုင်ဝင်လိုက်၊ ပြီးရင် ကိုမြင့်အောင်၊ စောလုနဲ့သံခဲက ကျွန်တော်နဲ့ကိုမြင့်အောင်ကြားမှာ၊ ဟိုဘက်ထိပ်ဆုံးကိုတော့ ကျွန်တော် သွားလိုက်မယ် .. ကျွန်တော်အသံမပြုမချင်း ဘာအသံမှမထွက်ကြနဲ့နော် .. ဟိုဘက်ထိပ်ရောက်ရင် ကျွန်တော် လက်ခေါက်သံပေးလိုက်မယ် .. အဲ့ဒီအသံကြားတာနဲ့ တစ်ပြိုင်နက် ပါလာတဲ့တုတ်နဲ့ ခြုံပုတ် တွေကိုရိုက်ပြီး ဟေး .. ဟေး .. ဟေး .. နဲ့ခြောက်ထုတ်ဗျာ ..´´
``ကိုမင်းနိုင်တို့ရှေ့မှာ ခွေးတွေလိုက်နေတယ် ... ပိုက်ဆီမတိုးခင် ခွေးနဲ့လုံးနေရင် သတိထား ပြီးဝင်.. ခွေးလည်း မှားရိုက်မိမယ်နော် ..*ချေစွယ်နဲ့နဲ့ ကျားပေါင်ပဲ့တဲ့* ချေစွယ်က ကုပ်ကုပ်လေးဆိုတော့ ကြောက်ကန်ကန်ပြီး ပြန်ခဲရင် မလွယ်ဘူးဗျ ... ကျားလိုအကောင်တောင် ပေါင်ပဲ့သတဲ့ ..´´
``ဟုတ်ကဲ့ .. ဟုတ်ကဲ့ ကျွန်တော်သတိထားပါ့မယ် .. စိုးခိုင်ရေ မင်းလည်းသတိထားဦးနော်..´´
``အေးအေး´´
``ကဲ .. ကဲ .. ဒါဆိုရင် ကိုယ့်နေရာကိုယ် ဖြန့်ကြတော့..´´
ကိုယ်ဖြန့်တက်ရမယ့်နေရာတွေကို အသီးသီးနေရာယူပြီး သိပ်မကြာလိုက် ... ကိုစိန်သီး ထံမှ လက်ခေါက်မှုတ်သံ ထွက်လာပြီ ... `` ရွှီး ´´
`` ဝေး .. ဝေး ´´ ``ဟား ... ၀ုန်း .. ဒုန်း ..´´ ``ဟေး ... ဟေး....´´
အသံတွေ ဆူညံပွက်လောရိုက်သွားလိုက်တာ ... ကျွန်တော့်ရှေ့ခြုံအောက်က တောကြက်တစ်စုံ
ဖလူး...ဖလူး..နဲ့ လန့်ပြီးပြန်ထွက်သွားတယ် .. ``စိုးခိုင်ရေ .. တောကြက်ကွ ..တောကြက် ..
မင်းဘက်ကို ပျံလာတယ်ဟေ့ .... မင်း ရှေ့နားကိုဆင်းပြီ .. ဆင်းပြီး ´´
လေထဲပျံနေတဲ့ တောကြက်ဖကြီးမြင်လိုက်ရတာ အရောင်အသွေးအစုံအလင်နဲ့ တော်တော့ကိုလှပါသည်။ တောထဲ ပြေးရင်းလွှားရင်း ခြုံပုတ်တွေရိုက်လိုက် ဟေး .. ၀ါး အော်လိုက်နဲ့ ... လူတွေလည်း ချွေးတွေရွှဲ နေပြီ .. ခါချဉ်တွေ၊ ပုရွက်ဆိတ်တွေကိုက် ဆူးတွေကခြစ် ... တော်တော် ပင်ပန်းတယ်ဗျ ... ဒါပေမယ့် ၀ါသနာကြောင့်ထင်ပါရဲ့ .. ပင်ပန်းတယ်ကို မထင်ပါဘူး ...
 တတောလုံးကိုလည်း ဆူညံပွက်လောရိုက်နေတာပဲ၊ တချို့ခွေးတွေကလည်း တ၀ုန်းဝုန်းနဲ့ စူးစူးဝါးဝါးဟောင်လို့ ... တစ်ချို့ခွေးတွေကတော့ မဟောင်ဘူး တအီအီနဲ့လုပ်နေတယ် ... သူတို့ သားကောင်အနံ့ရရင် ဒါမှမဟုတ် တွေ့တဲ့အခါ တအီအီလုပ်တတ်ကြတယ်....
 ``တိုးထားဟေ့ ... လိုက်ထားဟေ့ ..´´
 ကျွန်တော့်ရှေ့ကိုက်(၅၀)လောက်က ၀ရုန်းသုန်းကား တောတိုးသံကြားလိုက်ရတယ် ...
 ခွေးလား သားကောင်လားတော့ ရေရေရာရာမသိရ..
 ``ဟ .. ဟ ... ရှေ့ကိုပြေးပြီ ...လိုက်ဟေ့ လိုက်လိုက် .. လှည်းလမ်းကူးဘက်ကို ပြေးတာဗျို့´´
 ``လိုက်ဟေ့ .. လိုက်ဟ နီးလာပြီ...ကိုမြင့်အောင် ရှေ့ကိုမြန်မြန်တိုး .... မြန်မြန်တိုး ..ခင်ဗျား ရှေ့နားမှာ ချေမတွေ့တယ်´´
 ကိုစိန်သီး၏ သတိပေးအသံကိုကြားလိုက်ရတယ် ...
 ``ဟာ ... ဒီဘက်မှာတိုးပြီဟေ့ .. တိုးပြီ .. ကိုသန်းဝေပိုက်ထဲတိုးသွားပြီ´´
ကိုရွှေဒေါင်းအသံ ကြားလိုက်ရတယ်။ တစ်ဆက်တည်းမှာပဲ ...
 ``ရပြီဟေ့ .. ရပြီဟ ..´´ဆိုတဲ့ ပျော်မြူးသွားတဲ့ ကိုသန်းဝေအသံ....
 ကျွန်တော်တို့လည်း ဇောနဲ့တိုးလာလိုက်ကြတာ.. ရှေ့မှာတွေ့ပါပြီ ..ပိုက်ထဲမှာ တိုးမိပြီးလဲနေတဲ့ ချေဖိုတစ်ကောင် ... ချေဖိုရဲ့ဘေးမှာတော့ ချေဖိုကကျတဲ့သွေးတွေကို စိန်ပြေနပြေလျက်နေတဲ့ ခွေးမုဆိုး အောင်နီ ... ချေဖိုနောက်က ထပ်ချပ်လိုက်လာတဲ့အောင်နီ .. ပိုက်ထဲတိုးတာနဲ့ နှုတ်မြန်မြန်နဲ့ဝင်ခဲပြီး လုံးတဲ့အချိန် ကိုသန်းဝေရဲ့တုတ်စာနဲ့ပွဲသိမ်းသွားခဲ့ပြီ .. ကျွန်တော်လည်း ချေကို အနီးကပ်မမြင်ဘူးတာနဲ့ အနားကပ်ကြည့်မယ်အကြံနဲ့ ရှေ့လည်းတိုးလိုက်ရော ...
 ``ဂီး´´ ဆိုတဲ့အသံနဲ့ အောင်နီရဲ့ သွားစွယ်ဖွေးဖွေးကို မြင်လိုက်ရတယ်။
 ``ကိုမင်းနိုင် .. အနားသွားမကပ်နဲ့.. ကိုစိန်သီးလာအောင် ခဏစောင့်လိုက်... အောင်နီက သူ့သခင်မဟုတ်ရင် သူရထားတဲ့သားကောင်နား ဘယ်သူ့မှပေးမကပ်ဘူးဗျ..´´
 ဟုတ်ပဗျာ ... ကိုစိန်သီးရောက်လာတော့မှပဲ ပိုက်ထဲကချေဖိုကို အပြင်ဆွဲထုတ်လို့ရတော့တယ်...
တော်သေးတာပေါ့ ... ကိုသန်းဝေ လှမ်းသတိပေးတာမြန်ပေလို့ ..နို့မဟုတ်ရင် ကျွန်တော့်ခြေသလုံး ပဲ့နေ လောက်ပြီ ...
 ကိုစိန်သီးက...``ကိုမင်းနိုင်ရေ... ကျွန်တော်မှန်းတဲ့အတိုင်းပဲ ကိုးပိဿာခွဲလောက်တော့ရှိမယ်.. သုံးကောင်ထဲက အကြီးဆုံးကောင်ကို ခွေးအုပ်ခွဲထုတ်လိုက်လို့ ဒီကောင်ဒီဘက်ကို ထွက်လာတာ... ဟို သားအမိနှစ်ကောင်ကတော့ ကျွန်တော်တို့ ညာဘက်ကနေ ထွက်သွားတာ မြင်လိုက်တယ်.. လိုက်ဝိုင်းတာ မရတော့ဘူးဗျ ... မြန်လိုက်တာဗျာ...´´
 ခွေးအုပ်မှာလည်း အရိပ်ရှိတဲ့ဟိုနား ဒီနားမှာလှဲရင်း ပါးစပ်ကလည်း လျှာတန်းလန်းထွက် အမောဖြေ နေကြတယ်..
 ``ကဲ ..ခဏ နားကြဦးဗျာ .. ´´
``ရွှေဒေါင်း.... မင်း ၀ါးလုံးတစ်လုံးခုတ်ကွာ ...´´ ``ရကတည်းက ခုတ်ပြီးပြီဟေ့´´
ကိုစိန်သီးက သူ့ဓားနဲ့ ချေရဲ့နားရွက်အဖျား ၊ လျှာအဖျား၊ ခွာအဖျား၊ အမြီးဖျားတို့ကိုဖြတ်ပြီး ထုံးစံအတိုင်း တောပိုင်တောင်ပိုင်တွေ ပသနေတယ်။ ခဏနေတော့ ကျွန်တော့်ဘေးနားလာထိုင်ရင်း...
``ကျွန်တော်တို့လည်း ချေ(ဂျီ) မလိုက်ဖြစ်တာ ကြာပြီ ... ဟိုတစ်ပတ်က ကိုမင်းနိုင်က လိုက်ချင် တယ်ဆိုလို့သာ ချိန်းလိုက်တာဗျ ၊ တောင်ယာဘက်လှည့်လိုက် ကွမ်းခြံဘက်လှည့်လိုက်နဲ့ အားရတယ်သိပ်မရှိပါဘူး၊ ဒါပေမယ့် တောသားလေးလည်း မစားရတာကြာတာကတစ်ကြောင်း၊ ကိုမင်းနိုင်က ၀ါသနာပါတယ်၊ လိုက်ချင်တယ်ဆိုလို့ လိုက်ဖြစ်သွားတာ ..´´
``သြော်..ဒါနဲ့ကိုစိန်သီးကိုမသိလို့မေးဦးမယ်.. ဒီကောင်တွေကအချိန်ဘယ်လောက်ထိ ကြီးလဲ..´´
``မုဆိုးစကားနဲ့ပြောရင်တော့ *ချေ(ဂျီ)တစ်ဆယ်၊ ဒရယ် အစိတ်*လို့ဆိုတယ်ဗျ၊ ဆိုလိုတာက ချေကြီးရင် အချိန်တစ်ဆယ်၊ ဒရယ်ကြီးရင် အချိန်အစိတ်ပေါ့ဗျာ ... ဒါပေမယ့် အချိန်တစ်ဆယ် ကျော်တဲ့ ချေလည်းရဘူးတယ်.. ´´
ကျွန်တော်လည်း ကိုစိန်သီးရှေ့က ချေကိုသေသေချာချာကိုင်ကြည့်လိုက်တော့ နူးညံ့တဲ့အမွှေး၊ လှပ၀င်းဝါတဲ့အရောင်အသွေးရှိတယ်ဗျ .. တခြားအကောင်တွေလို အထီးဆိုပြီး အနံ့နံတာမရှိဘူး။ ပါးစပ်ဖြဲ ကြည့်တော့ ညီညာပြီး ထက်မြက်တဲ့သွားတွေ၊ အစွယ်ကတော့ ခပ်ကွေးကွေး..။
``ကျွန်တော် စောစောက အဲ့ဒါပြောတာပေါ့.. ချေစွယ်နဲ့နဲ့ ကျားပေါင်ပဲ့ဆိုတာလေ.. ဒီကောင်တွေက ကျားလိုအကောင်ကိုတောင် ကြောက်ကန်ကန်ပြီး ပြန်ကိုက်ရင် ကျားပေါင်တောင်ပဲ့တယ် တဲ့´´ ကိုစိန်သီးက ၀င်ရှင်းပြတယ်။ တစ်ဆက်ထဲ ..
``ရွှေဒေါင်းရေ .. ပိုက်တွေဖြုတ်ပြီးပြီလား ..´´
``အကုန်ဖြုတ်ပြီးပြီ .. ၀ါးလုံးလဲအဆင်သင့် .. ငါ့သားကို နွယ်ကြိုးခုတ်ခိုင်းထားတယ်´´
``အေး ... ပြီးရင် သွားမယ်ဟေ့ ..နောက်ကျသွားမယ်..´´
ကိုရွှေဒေါင်းသားနဲ့ကိုသန်းဝေတို့ ချေကိုဝက်တုပ်တုပ်ပြီး ၀ါးလုံးနဲ့လျှိုထမ်းခဲ့ကြတယ်။ အပြန်လမ်း တစ်လျှောက် စကားတပြောပြောနဲ့ သွက်သွက်ပဲလျှောက်လာကြတယ်။
``ကိုစိန်သီးရဲ့အောင်နီကြီး နောက်မှာကျန်ခဲ့လား မသိဘူး..မတွေ့ဘူး´´
``ကိုမင်းနိုင် ပူမနေနဲ့ဗျ ... ခုလောက်ဆို သူ့သခင်မကို သတင်းသွားပို့ပြီ ´´
ကိုမြင့်အောင်က ကြားထဲက၀င်ပြောလိုက်တယ်..
``ဒီကောင်က သားကောင်ရပြီဆိုရင် အပြန်လမ်းမှာ ရှေ့ကနေ သူ့သခင်မ(ကိုစိန်သီး၏ဇနီး)ကို ကြိုသတင်းပို့ ထားတယ်လေ.. အင်မတန် သိတတ်တဲ့ကောင်ကြီးဗျ..´´
အလာတုန်းကတော့ ဇောကြောင့်လားမသိဘူး .. သိပ်မကြာသလိုဘဲ ..
အပြန်ကျတော့ ပင်ပန်းထားလို့ထင်တယ် .. တော်တော်လျှောက်ရတယ်.. ချေ/ဒရယ်လိုက်တယ် ဆိုတာလည်း အနည်းဆုံး ဆယ့်ငါးမိုင်၊ မိုင်နှစ်ဆယ်လောက်လျှောက်လိုက်၊ ပြေးလိုက်၊တောတိုးလိုက် လုပ်ရတာလေ ..
တဲရောက်တော့ ကိုစိန်သီးကိုယ်တိုင်ပဲ သားကောင်ဖျက်တယ် .. အဲ့ဒီမှာတွေ့ရတာတစ်ခုက သားကောင်ဖျက်ရင်း ဗိုက်ခွဲ နှလုံးကိုထုတ်ပြီး ငါးစိတ် စိတ်ပြီး ခွေးငါးကောင်ကို ပစ်ကျွေးလိုက်တယ်။ ခွေးတွေကလည်း တော်လိုက်တာဗျာ .. လေထဲမြောက်ပြီး ပစ်ကျွေးတဲ့အစာကို ဘယ်တော့မှအောက်မကျ စေရဘူး၊ လေထဲမှာတင် ခုန်ဟပ်ပြီးစားပစ်လိုက်တာ ... ကျွန်တော်မေးကြည့်တော့ .. ဒါလုပ်နေကျတဲ့ ..
သားကောင်ရလို့ဝေစုခွဲတဲ့အခါ လူအတွက်တစ်ပုံဆိုရင် ခွေးအတွက်လည်း တစ်ပုံ ပေးရပါသည်။ ပိုက်အတွက်လည်း တစ်ပုံပေးရပါသည်။ ကျွန်တော်နှင့်စိုးခိုင်အတွက် ခွဲပုံနေတာမြင်ရလို့ ကျွန်တော်က ..
``ကိုစိန်သီး .. ကျွန်တော်နဲ့စိုးခိုင်အတွက် မခွဲနဲ့နော်... ကျွန်တော်တို့ ယူမသွားဘူး.. ဒီမှာပဲစား မယ်..´´
``ဟာ ..ဒါတော့ မရဘူးဗျ...ဒီမှာချက်တာလည်းစား .. ယူလည်းယူသွား.. ချေသားက အဝေခံ တယ်ဗျ...´´ သူပြောတာလည်း ဟုတ်ပါသည်။ ကိုးပိဿာခွဲရှိချေမှာ ကျွန်တော်တို့အုပ်ကို ဝေလို့လောက်ပါ သည်။ သူ့မှာက အသားချည်းပဲလေ.. ပစ်စရာလည်း ဘာမှမရှိဘူးမဟုတ်လား...
ကိုစိန်သီးမိန်းမ မစိန်ထွေးချက်ထားသော တောင်ယာဆန်ထမင်း၊ ချေသားဟင်း လတ်လတ် ဆတ်ဆတ်၊ ကိုယ်တိုင်သိပ်ထားသော ငါးပိရည်ကျိုကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းထောင်းထည့်၊ ငါးရံ့မီး ဖုတ်လေးခပ်ထားတာ မွှေးလိုက်တာဗျာ၊ တို့စရာက လယ်ပတူရယ်၊ သရက်ကင်း(သရက်ကင်းအနံ့မွှေးပြီး နနွင်းပင်ကဲ့သို့အပင်မှရသော သရက်ကင်းဥ)ရယ်.... ဗိုက်ထဲမှာ တကြုတ်ကြုတ်နဲ့ ...
``ကိုမင်းနိုင် ... ခဏလေးစောင့် ...ကိုသန်းဝေ ကို ရွာထဲခဏလွှတ်ထားလို့ ´´
ဒီလောက်ဆို ကျွန်တော်သဘောပေါက်လိုက်ပြီ .. ပုလင်းတူဘူးဆို့သမားမဟုတ်လား ...
သိပ်မကြာလိုက်ပါဘူး ... ကိုသန်းဝေပြန်ရောက်လာတယ်... လက်ထဲမှာ ပုလင်းနှစ်လုံး ပါလာတယ် ဆန်ကိုချက်ထားတဲ့ ဒေသထွက်ဆန်အရက်စစ်စစ် ...
ကိုစိန်သီးက ကိုသန်းဝေလက်ထဲမှ ပုလင်းနှစ်လုံးကိုလှမ်းယူလိုက်ပြီး အနောက်ဘက်ကို ၀င်သွား တယ် ..
ခဏနေတော့ ပုလင်းနှစ်လုံးကိုလှုပ်ရှင်း ပြန်ထွက်လာတယ်... ပုလင်းထဲမှာလည်း အမှိုက်တွေလို အမှုံအမွှားတွေ အနည်ထနေတယ်...
``ကိုစိန်သီး ... ဘာတွေတုန်းဗျ ...´´ ကျွန်တော့်အမေးကို ကိုသန်းဝေကဘဲ ....
``ဖြူ အစာအိမ်ထည့်ထားတာလေ ... ဆေးဘက်ဝင်တယ်..´´
``ဟုတ်တယ် ကိုမင်းနိုင် ... ဖြူကောင်ရဲ့အစာအိမ်ကိုထုတ်ပြီး ကြပ်ခိုးစင်မှာချိတ်ထားတာလေ.. ဒီကောင်ထည့်လိုက်ရင် ..အရက်ကခါးသက်သက်ဖြစ်သွားတယ်... မနက်မိုးလင်းလာရင် ခေါင်းမကိုက်ဘူး.. ကိုယ်လက်ပေါ့ပါးလန်းဆန်းနေတာပဲ.. ဒါပေမယ့် ဒီကောင်က ရခဲတယ်.. ဆေးဘက်ဝင်တယ်လို့ ရှေးလူကြီးတွေပြောတာပဲ..´´
ကိုစိန်သီးပြောတာဟုတ်ပါသည်... အရက်အရသာမှာ ခါးသက်သက်ဖြစ်နေပါသည်။ ဒေသထွက် ဆန်အရက်နှစ်လုံးကုန်တော့ လူတွေလည်း ဝေတေတေနဲ့ပေါ့ ... ပြီးတော့ ချေသားဟင်း၊ ငါးပိရည်၊တို့စရာ နဲ့ စားလိုက်ကြတာ ဝေသာလီပြည် ဘီလူးကျတာကမှ သက်သာလိမ့်မယ်ထင်တယ် ...
အပြန်လမ်းမှာ ကျွန်တော့်စိတ်ထဲ ဒီလိုပွဲမျိုး နောက်တစ်ခေါက် ထပ်နွှဲချင်သေးတယ်လို့ .....

 ကျေးဇူးတင်စွာဖြင့်

        ရှမ်းလေး
      ၁၂-၈-၂၀၁၄ (အင်္ဂါနေ့) ၂၃း၅၀

ကလပ်စတာဗုံး


Missile နဲ့ပစ်ထုတ်လိုက်တဲ့ ဗုံးဟာ ပစ်မှတ်ကို မရောက်မီ အသေးစားဗုံ့း များစွာခွဲထွက်ပြီး ပစ်မှတ်ဧရိယာအတွင်းကို အစိတ်စိတ် အမွှာမွှာဖောက်ခွဲ ပျက်စီးစေပါတယ်။

ရုရှားနိုင်ငံက ထုတ်လုပ်ပါတယ်။

ရုရှားထောက်လှမ်းရေးလေယာဉ်


Monday, August 11, 2014

လျှို့ဝှက်လှတဲ့ မြောက်ကိုးရီးယား


လက်ရှိမြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန် ဟာ ဖခင် ကင်ဂျုံအီလက်ထက် စစ်ရေးပြအခမ်းအနား တစ်ခုမှာ မြင်တွေ့ရစဉ်။

ဒီ video ဖိုင်ဟာ youtube မှာ ကြည့်ရှုသူပေါင်း ၉ သန်းကျော်ရှိပါတယ်။
ကမ္ဘာ့အန္တာရယ်အရှိဆုံး နေရာတစ်ခုအဖြစ် မြောက်ကိုးရီးယားကို နိုင်ငံတကာက စိတ်ဝင်တစား စောင့်ကြည့်နေတာဖြစ်ပါတယ်။

Friday, August 8, 2014

ရှဲဒိုးလိုက်သူများ သိစေရန်အိတ်ဖွင့်ပေးစာ


August 9, 2014
ရွှေမန်းတင်မောင်သား



ကျွန်တော်တို့ လူမျိုးတွေ ဒီလို သူများမကောင်းကြောင်းတွေဘဲ လိုက်ပြီး ရှဲဒိုးလုပ်နေသမျှကတော့ နိုင်ငံ သားတွေ မျက်စေ့ပိတ်၊ နားပိတ်ဖြစ်ပြီး ဘယ်တော့မှ တိုးတက်မှာ မဟုတ်ဘူး။

ကျွန်တော်သည် ယူနတီဂျာနယ် သတင်း ထောက်လို ကိုယ့်နိုင်ငံအပေါ် ဘယ်တော့မှ သစ္စာဖောက်မှာမဟုတ်။ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရထားပြီး ကမ္ဘာ့နိုင်ငံများရဲ့ နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးအခြေအနေတွေကို ကိုယ့်လူမျိုး တွေ သိထားစေလိုတဲ့ ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံ တွေဖြစ်တဲ့ အမေရိကန်၊ ရုရှား၊ တရုတ်၊ နေတိုးစစ်အုပ်စုနဲ့ အိမ်နီးချင်းနိုင်ငံတွေ စစ်ရေးလှုပ်ရှားမှု အခြေအနေတွေရဲ့ Videos ဖိုင်တွေကို post လုပ်ခဲ့ပါတယ်။

Menber များအနေဖြင့် ကျွန်တော့်ကို လူတတ်ကြီးတစ်ယောက်လို့ မထင်မှတ် စေလိုပါ။ ဒီကောင် သိလှချည်လား၊ တတ်လှချည်လားလို့ ထင်ရင်မှားပါလိမ့် မယ်။ လွတ်လပ်ရေးရပြီးကတည်းက ဆူပူသောင်းမှုဖြင့် စတင်ခဲ့သော ကျွန်တော်တို့နိုင်ငံသည် ကမ္ဘာ့ဖွံ့ဖြိုးမှု အနိမ့်ကျဆုံးနိုင်ငံအဖြစ်မှ ရုန်းထွက်နိုင်ဖို့ ကျွန်တော်တို့နိုင်ငံသားတွေ နုံအနေ၍ မဖြစ်ပါ။ သူများကိုမှီအောင် အမြန်ပြေးမှ ရပါမယ်။

သူများကိုမှီအောင် ပြေးလိုက်နေသော အချိန်မှာ ခြေထိုးမခံရအောင် ထိုးမဲ့ခြေ ကို ဝါးရင်းတုတ်နဲ့ဖြတ်ရိုက်နိုင်အောင် ခုန်ကျော်နည်း၊ ရှောင်နည်းတွေကို သင်ယူထားရပါမယ်။ ခေတ်သစ် ကိုလိုနီ နယ်ချဲ့တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ စော်ကားမှုမခံရအောင် ကိုယ့်နိုင်ငံဟာ စစ်ရေးအင်အား တောင့်တင်းမှသာ ဖြစ်ပါမယ်။

ယခုလက်ရှိအချိန်မှာဖြစ်နေတဲ့ အစ္စရေး နဲ့ ပါလက်စတိုင်းကိစ္စမှာ အစ္စရေးကို နမူနာယူသင့်တယ်။ နိုင်ငံသေးငယ်ပေမဲ့ စစ်ရေးအင်အားသာလွန်ကောင်းမွန်ကာ နိုင်ငံသားအချင်းချင်းလည်း စည်းလုံးညီညွတ်သည့်အတွက် ရန်သူတွေ ပတ်လည်ဝိုင်းနေသော်လည်း ယနေ့အချိန်ထိ လက်မထောင်၊ ခေါင်းမော့နေနိုင်တဲ့ နိုင်ငံဖြစ်ပါတယ်။

ကျွန်တော်ပြောချင်တာက တင်ခဲ့တဲ့ post တွေသည် youtube မှာ အချိန်မရွေး download လုပ်လို့ရ ပါတယ်။ တင်တဲ့ post အကြောင်းအရာတွေသည်လည်း file name မှာရေးထားတာ တွေ့ရပါလိမ့်မယ်။ နိုင်ငံသားတွေရဲ့ စိတ်က နူးညံ့တဲ့အတွက် သူတစ်ပါး ပြောတာဆိုတာကို ယုံလွယ်တတ်ကြပါတယ်။ သာဓကအားဖြင့် ရှစ်လေးလုံး အရေးအခင်းကာလ၊ ရခိုင်ဒေသဖြစ်စဉ် နဲ့ မန္တလေးဖြစ်စဉ်တို့မှာ တွေ့ရမှာပါ။

အခုအွန်လိုင်းပေါ်မှာလည်း မဖြစ်နိုင်တာတွေကို ယုံနေတဲ့သူတွေကိုလည်း တွေ့နေရပါတယ်။ ဥပမာ ရေသူမတွေ့တာမျိုး၊ ရဟန္တာဈာန်နဲ့ကြွ တာမျိုးနဲ့ နဂါးပျံနေတာမျိုးတွေပါ။

အချို့လူတွေကျတော့ အွန်လိုင်းကို အဖျက်အမှောင့်အတွက် အသုံးချကြ သလို၊ မမှန်သတင်းကို ပုံကြီးချဲ့ တင်ပြကြတယ်။ အချို့သတင်းတွေဆို လျင် ကိုယ့်နိုင်ငံသားတွေအတွက် အလွန်အန္တာရယ်ကြီးတဲ့ သတင်းတွေ ဖြစ်တယ်။ ဥပမာ ယူနတီဂျာနယ် သတင်းထောက်လို ကိုယ့်နိုင်ငံရဲ့ လက်နက်စက်ရုံကို ခိုးကြောင် ခိုးဝှက် ဓာတ်ပုံရိုက်ပြီး ဓာတုစက်ရုံလို့ ပြောဆိုရေးသားတာမျိုး၊ ရခိုင်က ကလေးငယ် အီဘိုလာရောဂါ ကူးစက်နေပြီဆိုတဲ့ သတင်းတွေပါ။

အထက်ပါဆိုခဲ့တဲ့အတိုင်း youtube မှာ အလွယ်တကူဒေါင်းလို့ ကြည့်လို့ ရနေသော ကမ္ဘာ့နိုင်ငံများရဲ့ စစ်ရေးအခြေအနေကို ချပြခြင်းသာ ဖြစ်ပါတယ်။ ကျွန်တော့်ကို ရှဲဒိုးလိုက်သောသူများ သိစေရန်မှာ ကျွန်တော်သည် ယူနတီဂျာနယ် သတင်း ထောက်လိုမျိုး ကိုယ့်နိုင်ငံကို ဘယ်တော့ မှ သစ္စာမဖောက်ဘူးဆိုတာရယ်၊ တိုင်းရင်းသားတွေနဲ့ စစ်တပ်အကြား အထင်အမြင်လွဲမှားစေမဲ့ ကိုယ့်နိုင်ငံရဲ့ စစ်အင်အားကို မည်သည့်အခါမှ တင်ပြ မှာမဟုတ်။ ရှဲဒိုးလိုက်သူသည် ကျွန်တော့်ပုံ၊ ကျွန်တော့်တို့ဇနီးမောင်နှံဓာတ်ပုံနဲ့ ကျွန်တော့်သမီးလေးဓာတ်ပုံတို့ကို ယူဆောင်ထား တာတွေ့ရတယ်။

ကိုယ့်ပိုင်ဘလော့မှာလည်း အစွမ်းထက် စစ်လက်နက်တွေအကြောင်း တင်ထားပါတယ်။ ကူးချထားတာမဟုတ် သူငယ်ချင်းတွေ စုပေါင်းရေးသားထားသော ကိုယ့်ပိုင် post များသာဖြစ်ပါတယ်။ ဘလော့လိပ်စာကတော့ shwemantinmgson.blogspot.com ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ သားတွေ တိုးတက်နေသော နိုင်ငံများကို နမူနာယူကာ မိမိနိုင်ငံကို ချစ်မြတ်နိုးတတ်အောင်၊ ကာကွယ်တတ်အောင် ရည်ရွယ် တင်ပြခြင်းသာဖြစ်ပါကြောင်း။

Tuesday, August 5, 2014

အရုပ်ဆိုးလှသော သတင်းအမှောင်ချမှု

Aug 6, 2014
ရွှေမန်းတင်မောင်သား

ခေတ်အဆက်ဆက် မြန်မာနိုင်ငံသည် ဖိနှိပ်ခံဘဝနှင့် နေလာရသော အခြေအနေ၊ သတင်းမှားကို သတင်းမှန်ဖြင့် တုံ့ပြန်ုခြင်းသာလျင် အကောင်းဆုံးနည်းလမ်း ဖြစ်ပါ လျက် သတင်းထိမ်ချန်မှု၊ ရိုးအီနေသော ဝါဒဖြန့်ထုတ်လွှင့်မှုများနှင့်သာ အချိန်ကုန်ပြီး တိုးတက်မှုမရှိ ဒုံရင်းဖြင့်သာ ခရီးဆက်နေတယ်။

ယခုပွင့်လင်းလာသော ယနေ့ခေတ်တွင်လည်း မှိုလိုပေါက်နေသော သတင်းစာ၊ ဂျာနယ်၊ လူမှုကွန်ယက်များတွင်လည်း တန်ဖိုးရှိသော သတင်းများကို ဦးစားပေး တင်သည်ကနည်းနည်း ဆူပူရှုတ်ထွေးအောင်၊ မိမိမီဒီယာ နာမည်ကြီးရေးသာ အဓိက ထား ဆောင်ရွက်နေကြသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေကြရတယ်။

မတင်သင့်သော နိုင်ငံတော်၏ လက်နက်စက်ရုံအခြေအနေကို ခိုးကြောင်ခိုးဝှက် ဓါတ်ပုံ ရိုက်ယူပြီး ဖွလိုက်တာကိုက မိမိနိုင်ငံရဲ့ စစ်ရေးအခြေအနေကို အခြားနိုင်ငံတွေကို အသိ ပေးလိုက်တာနဲ့ အတူတူပါဘဲ။

ရန်ကုန် လှိုင်သာယာ စားသောက်ဆိုင်တစ်ခုမှာ 9-6-2014 ရက်နေ့ ည(၁၁၄၆)မိနစ်မှာ ဓားထိုးမှု လူမှုကွန်ယက်စာမျက်နှာတွေမှာ တက်လာလို့ ကြည့်လိုက်ရပါတယ်။ ဆိုင်ရဲ့ CCTV ကင်မရာကနေ ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်လေးပါ။ တရားဥပဒေ စိုးမိုးမှုမရှိသလိုမျိုး လူမြင်ကွင်း ဓားကိုင်ပြီး လူတစ်ယောက်ကို စိတ်ကြိုက်ထိုးသတ်နိုင်လောက်အောင် ရဲတပ်ဖွဲ့က ဘယ်များနေပြီး ဘာများလုပ်နေသလဲလို့ ကျနော်မေးချင်ပါတယ်။

မြင်တဲ့သူတွေကတော့ သက်ဆိုင်ရာ ရဲစခန်းကို ဖုန်းမဆက်ဘဲနဲ့တော့ မနေပါဘူး။ ဆက်ကြမှာပါဘဲ။ ဓားကိုင်ပြီး လူတစ်ယောက်ကို စိတ်ကြိုက်ထိုးသွားတာဗျာ။

သက်ဆိုင်ရာ ဆိုင်ရှင်အနေနဲ့လည်း ဓားထိုးမှုဖြစ်ဖြစ်ခြင်း ရဲစခန်းကို အကြောင်းကြား သင့်သလို သက်သေခံပစ္စည်းဖြစ်တဲ့ ဗွီဒီယိုဖိုင်ကို သက်ဆိုင်ရာဆီ အပ်နှံသင့်ပါတယ်။ အခုတော့ ဒီလိုမဟုတ် 9-6-2014 ရက်နေ့က ဖြစ်တဲ့ကိစ္စကို အခုမှ ဗွီဒီယိုဖိုင်ကို ဘာကြောင့် လူမှုကွန်ရက် စာမျက်နှာပေါ်ကို တင်သလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ။ လူတစ်ယောက်ကို မင်းမဲ့စရိုက်ဆန်ဆန် ဓားနဲ့ထိုးသွားတဲ့ဖြစ်ရပ်ကို တာဝန်သိသူ တစ်ယောက်အနေနဲ့ အင်တာနက်ပေါ် မဖြန့်သင့်ဘူးလို့တော့ ကျနော် ထင်မြင်မိပါတယ်။

ဖြန့်တော့ ဘာကောင်းကျိုးဖြစ်လာလဲ၊ လူတွေ စိုးရိမ်ကြောင့်ကျမှုဖြစ်တာဘဲ အဖတ်တင် ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့လည်း မကောင်းသလို ကာယကံရှင်တွေအနေနဲ့ လည်း မကောင်းပါဘူး။ ရဲတပ်ဖွဲ့အနေနဲ့ကရော မှုခင်းဖြစ်တဲ့ အချိန်မှာ မရောက်တာ ကတော့ ကျူးလွန်သူကို စိတ်ကြိုက်ကျူးလွန်လို့ရအောင် အခွင့်အရေး ပေးလိုက်သလို မျိုးဖြစ်နေတာတော့ မဖြစ်သင့်ဘူးလို့ထင်တယ်။ လူမှုကွန်ယက်မှာ ပွက်လောရိုက် ကုန်မှသာ ဖြေရှင်းချက် ထုတ်လာတာမျိုးတွေ့ရတယ်။ ကျူးလွန်သူတွေကို ဖမ်းဆီးရမိ ပြီဖြစ်ကြောင်း၊ နောင်ဒီလို ဗွီဒီယိုဖိုင်မျိုးတွေကို လူမှုကွန်ယက်ပေါ် မတင်ဖို့တားတယ်။ (၆)လပိုင်းကဖြစ်တဲ့ကိစ္စကို သက်သေခံပစ္စည်း ဗွီဒီယိုဖိုင်ကို မသိမ်းဆည်းဘူးလားလို့ မေးစရာရှိပါတယ်။

ဖြစ်ဖြစ်ချင်း ကြားလျင်ကြားခြင်း ရောက်လာခဲ့လျင် အခုကိစ္စမျိုးကို အကျယ်မဖြစ်အောင် တားဆီးနိုင်မှာ ဖြစ်သလို ထိရောက်စွာလည်း ဟန့်တားနိုင်မှာလည်း ဖြစ်ပါတယ်။

ဗွီဒီယိုဖိုင်က လူမှုကွန်ယက်မှာ ပျံ့သွားပါပြီ။ လိုက်ပိတ်လို့မရတော့ပါဘူး။ ဒါကို အကောင်းဆုံး တုံ့ပြန်နည်းကတော့ လူမှုကွန်ယက်မှာသိနေတဲ့ လူတွေအားလုံးကို တရားခံနဲ့ပတ်သက်တဲ့ တရားစီရင်မှုအခြေအနေအားလုံးကို စဉ်ဆက်မပြတ် ချပြသွား ရမှာဖြစ်တယ်။ ဒါမှသာ တရားခံကို ဖြစ်မှုထင်ရှားသဖြင့် ပြစ်ဒဏ်ဘယ်လောက် ချလိုက်ပြီဆိုတာကိုသိရမှ ရဲတပ်ဖွဲ့အပေါ်လည်း အမြင်ရှင်းနိုင်သလို လုံခြုံမှုအပြည့်အဝ ဆောင်ရွက်ပေးနေတယ်လို့လည်း ခံယူသွားမှာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့အလားတူ MRTV က နိုင်ငံခြားသတင်းတစ်ခု လွှင့်သွားတာတွေ့ရတယ်။ နိုက်ဂျီးရီးယား ကျောင်းသူတစ်စုကို ပြန်ပေးဆွဲသွားတဲ့ ဘိုကိုဟာရမ်ဆိုတဲ့ အကြမ်း ဖက်အုပ်စုကို သိကြမှာပါ။ ကျောင်းသူတွေကို အတင်းအဓမ္မ အစ္စလာမ်ဘာသာထဲ သွတ်သွင်းသလို သိမ်းပိုက်၊ သတ်ပစ်တာလည်းရှိတဲ့ အကြမ်းဖက် အဖွဲ့စစ်စစ်ပါ။

ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ဝင်အချို့ကို နိုက်ဂျီးရီးယား အစိုးရက ဖမ်းမိပါတယ်။ နိုက်ဂျီးရီးယား အစိုးရကတော့ ခပ်ကြမ်းကြမ်းဘဲ တုံ့ပြန်ပါတယ်။ ဖမ်းမိတဲ့ အကြမ်းဖက် အဖွဲ့တွေကို လက်ပြန်ုကြိုးတုတ် တူးထားတဲ့ကျင်းဘေးမှာ တစောင်းပေးအိပ်ပြီး အရှင် လတ်လတ် လည်ချောင်းကို ဓားနဲ့လှီး ကျင်းထဲကန်ချလိုက်တဲ့ ဗွီဒီယိုဖိုင်ကို MRTV ကလွှင့်သွားတာ ခင်ဗျားတို့ရဲတပ်ဖွဲ့တွေ သတင်းထုတ်ပြန်ရာမှာ နမူနာယူသင့်တယ်လို့ ထင်မိပါတယ်။ နိုက်ဂျီးရီးယားအစိုးရရဲ့ တရားစီရင်ရေးကတော့ ဘယ်လိုရှိတယ် လို့တော့ မသိဘူး။ ဘိုကိုဟာရမ်လို အကြမ်းဖက်အဖွဲ့အစည်းမှန် သော်လည်း ဒီလို လည်ချောင်းလှီးသတ်တဲ့ဖြစ်ရပ်မျိုးကိုတော့ ကမ္ဘာ့နိုင်ငံအတော်များများက လက်မခံ ကြပါဘူး။ ဒါပေမဲ့ သတင်းကိုတော့ အရှိကို အရှိအတိုင်း တင်ပြနိုင်မှသာ သံသယရှင်း နိုင်ကြမှာပါ။

မည်သို့ပင်ဆိုစေ ကောင်းကျိုးလုပ်နေသူတွေရှိနေသလို၊ အဖျက်အမှောင့် လုပ်ဆောင် နေသူတွေလည်း ရှိနေမှာပါဘဲ။ အကျိုးရှိသော သတင်းများသာဖြစ်ပါစေလို့ ဆုတောင်း မိပါကြောင်း။

Sunday, August 3, 2014

အစ္စရေးတို့ရဲ့ လျှို့ဝှက်ချက်

အာရပ်ကမ္ဘာမှာ အစ္စရေးတို့ ဘာကြောင့် အသက်ရှင်နေထိုင်နိုင်ရခြင်းရဲ့ အဓိက အကြောင်းမှာ ရန်သူကို လက်ဦးမှုနဲ့ အနိုင်ရရှိအောင် တိုက်ခိုက်နိုင်ခြင်း ကြောင့်ဖြစ်တယ်။

လက်ဦးမှုနဲ့ အနိုင်ရရှိအောင်တိုက်ခိုက် နိုင်ဖို့က သတင်းဟာ အရေးကြီးပါတယ်။ အမေရိကန်ရဲ့ စီအိုင်အေနဲ့အပြိုင် ကမ္ဘာမှာနာမည်ကြီးတဲ့ အစ္စရေးရဲ့ မော့ဆက်ထောက်လှမ်းရေးအဖွဲ့ဟာ အစ္စရေးအသက်ဆက်နိုင်ဖို့အတွက် သတင်းရဲ့ ရေသောက်မြစ်ဖြစ်ခဲ့ပါတယ်။

နည်းပညာ တိုးတက်လာတာနဲ့အမျှ အစ္စရေးတို့ဟာ လူအစား မောင်းသူမဲ့ Drone လေယာဉ်တွေကိုသုံးပြီး၊ သတင်းထောက်လှမ်းခြင်းနဲ့ တိုက်ပွဲဝင်ခြင်းတို့ကို အသုံးပြုခဲ့ကြပါတယ်။

Drone လေယာဉ်တွေရဲ့ အခန်းကဏ္ဍ ကိုမြင်တွေ့ကြရမှာပါ။

ရွှေမန်းတင်မောင်သား

Friday, August 1, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၀ ဦး သေဆုံး

ဆင်ဟွာ, Aug 1, 2014
ဘီလူးကျွန်းသား

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ဇူလိုင်လ ၃၁ ရက်နေ့ညက ယူကရိန်းအစိုးရတပ်ဖွဲ့နှင့် ရုရှားလိုလားသည့် ယူကရိန်းခွဲထွက်ရေးအဖွဲ့တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွား ခဲ့သဖြင့် အရပ်သား ၆ ဦးအပါအဝင် အနည်းဆုံးလူပေါင်း ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Shakhtarsk မြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း လူပေါင်း ၁၄ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းမြို့မှာ ယူကရိန်းအစိုးရတပ်ဖွဲ့ နှင့် ယူကရိန်းခွဲထွက်ရေးအဖွဲ့တို့အကြားတွင် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နေသည့် နေရာဖြစ်ကြောင်း၊ သေဆုံးခဲ့သူ ၁၄ ဦးအနက် ၁၀ ဦးမှာ ယူကရိန်းအမှုထမ်းများဖြစ်ပြီး ကျန် ၄ ဦးအား တိတိကျကျ ခွဲခြားနိုင်ခြင်း မရှိသေး ကြောင်းဖြင့် ယူကရိန်းစစ်ဘက်စစ်ဆင်ရေး ပြောခွင့်ရပုဂ္ဂိုလ် အိုလက်စီ ဒီမီထရက်ရှ် ကီယက်ဗ်စကီ က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဒိုနက်စ်မြို့တွင်မူ ဘတ်စ်ကားတစ်စီးပေါ်၌ ဗုံးပေါက်ကွဲခဲ့မှုကြောင့် လူ ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒိုနက်စ်မြို့အနီးရှိ လူဂန့်စ်မြို့တွင်မူ လူနေတိုက်ခန်းပါ ကုန်တိုက်တစ်ခုပေါ်သို့ အမြောက်ကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ယင်းကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေခဲ့သော်လည်း မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်ပစ်ချခံခဲ့ရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်အတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးသမားများက ယင်းနေရာသို့ ရောက်ရှိ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။