(ဟာသ)
August 21, 2014
ရွှေမန်းတင်မောင်သား
စစ်ဆင်ရေးထွက်ရန် ပြင်ဆင်နေသော တပ်သား သီဟ Equiment အီကွေ့မင်တွင် တပ်ဆင်ရန် ဟန်းကော(ရှေ့တန်းစစ်ဆင်ရေးတွင် ထမင်း၊ ဟင်းချက်ပြုတ်ရာတွင် သုံးသည့် သတ္တုခွက်)ပျောက်သဖြင့် တပ်ခွဲဘားတိုက်တွင် ဟန်းကောလိုက်ရှာရင်း သောင်းကျန်းနေပါတယ်။
" ဟေ့...ဘယ်ကောင်၊ ငါ့အီကွေ့မင်းက ဟန်းကော ယူသွားတာလဲကွ" ပြောဆိုရင်း လိုက်ရှာချိန် တပ်သား ခင်မောင်မြင့် တွင်တွေ့ရှိသဖြင့်
တပ်သား သီဟ "ဟေ့ကောင်၊ မင်းဘာဖြစ်လို့ ငါ့ဟန်းကော ယူသွားတာလဲကွ.. ဟေ"
တပ်သား ခင်မောင်မြင့် "ဘယ်မှာယူလို့လဲကွ၊ ဒါငါ့ဟန်းကောဘဲ"
တပ်သား သီဟ "ဒါငါ့ ဟန်းကောကွ"
တပ်သား ခင်မောင်မြင့် "မဟုတ်ဘူး၊ ငါ့ဟန်းကော"ငြင်းခုံ လုံးထွေးသတ်ပုတ်ကြတယ်။
ထိုအချိန် တပ်ခွဲတပ်ကြပ်ကြီး မြသန်း ရောက်ရှိလာပြီး
"ဟေ့ကောင်တွေ၊ မင်းတို့ကောင်တွေ ဘာဖြစ်လို့ ရန်ဖြစ်နေကြတာလဲကွ.."
တပ်သား သီဟ "ဆရာကြီး..ဒီကောင် ကျွန်တော့် ဟန်းကောယူထားတယ်"
တပ်သား ခင်မောင်မြင့် "မဟုတ်ဘူး ဆရာကြီး ဒါကျွန်တော့် ဟန်းကောဘဲ"
တပ်ခွဲတပ်ကြပ်ကြီးက
"နေဦး.. သီဟ.. မင်းဟန်းကောမှာ ဘာအမှတ်အသား လုပ်ထားလဲကွ"
"ဆရာကြီး.. ဟန်းကောဘေးမှာ သီဟ လို့ အမည်ရေးထားတယ်"
" ခင်မောင်မြင့် ...မင်းကရော ဘာအမှတ်အသား လုပ်ထားလဲ"
ခင်မောင်မြင့် ဖြေလိုက်ပုံကတော့
" ဆရာကြီး...ဟိုတစ်နေ့က တပ်ခွဲမှာ ဘူးသီးဟင်းကို ဒီဟန်းကောနဲ့ ချက်စားခဲ့လို့ အမှတ်တရဖြစ်အောင် ကျွန်တော်က ဟန်းကောမှာ ဘူးသီးဟင်းလို့ ရေးထားတယ် ခင်ဗျ"
ထိုအခါ တပ်ခွဲတပ်ကြပ်ကြီးက "အေး...ခင်မောင်မြင့်ဖြေတဲ့ အဖြေက နည်းလမ်း ကျတယ်။ ဒါကြောင့် ဟန်းကောက ခင်မောင်မြင့် ဟန်းကောလို့" မှတ်ချက် ပေးလိုက်ပါကြောင်း။

No comments:
Post a Comment