Thursday, August 14, 2014

လက်မှတ်ထိုးပေးပါ...အဖေ

August 18, 2014
ရွှေမန်းတင်မောင်သား

ကျွန်တော်က မနက်မိုးလင်း အလုပ်သွား၊ မိုးချုပ်မှပြန်ဆိုတော့ အိမ်က မိသားစုတာဝန်၊ အိမ်မှုကိစ္စတာဝန်တွေကို အတော်လေး လစ်ဟင်းခဲ့ပါတယ်။

ကျွန်တော့်မှာ သားသမီး(၂)ဦးရှိပါတယ်။ သားအကြီးကောင်က (၂)တန်း၊ အငယ်မက နို့စို့အရွယ်ပါ။ သားကျောင်းတက်တုန်းက မူကြိုအရွယ် ဆရာမကသင်ပေးတဲ့ ဂုဏ်တော် ကိုးပါး၊ ဘုရားရှိခိုးကန်တော့၊ ကဗျာတွေ စာတွေကို သွက်လက်ချက်ချာစွာ ရွတ်ပြနိုင်လို့ ဆရာမက သိပ်သဘောကျတော့ ကျွန်တော်တို့ကို ပြောပါတယ်။ ဒီကလေးကို ကောင်းကောင်းပြုစု ပျိုးထောင်ပေးနိုင်လို့ရှိရင် ထူးချွန်ထက်မြက်မယ်လို့ ဆိုပါတယ်။

ဇနီးသည်ကလည်း သူ့အလုပ်နဲ့သူ၊ ကျွန်တော်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ ကလေးပညာရေးကို ကျောင်းကသင်ပြတာနဲ့ ကျူရှင်ဆရာမနဲ့သာ အချိန်ကုန်ခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ကလေးပညာရေးကို လှည့်မကြည့်နိုင်ခဲ့ဘူး။ ဒါပေမဲ့ သားက စာတော် ခဲ့ပါတယ်။ မူလန်းမှာလည်းဆုတွေရတယ်။ ပထမတန်းမှာလည်း ဆုတွေရတယ်။

ဒီနှစ် ဒုတိယတန်းတက်တော့ သားကစာတော်တော့ မျှော်လင့်ချက်ထားခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်တို့ သတိမမူလိုက်တဲ့အချက်က ကလေးမှာ ကြီးမားတဲ့ထိုးနှက်ချက် ရှိတယ် ဆိုတာပါဘဲ။ ပထမလပတ်စာမေးပွဲ လပို့ကတ်ယူလာတော့ အတန်းထဲမှာ အဆင့်(၈) ရပါတယ်။ ဒါကိုသူ့အမေက ရှက်တော့ လပို့ကတ်မှာ ကျွန်တော့်ကို "ရှင်ဘဲ လက်မှတ် ထိုးပေးလိုက်"လို့ ပြောပါတယ်။ ကျွန်တော်လည်း သာမန်ကာရှန်ကာ သဘောထားပြီး ကလေးလပို့ကတ်မှာ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ဒါပေမဲ့ သားကို ကြိုးစားချင်စိတ် ပေါ်လာအောင် "သား.. အဆင့်(၁)ရအောင်လုပ်၊ သားအဆင့်(၁)ရရင် အဖေ စက်ဘီး (၁)စီးဝယ်ပေးမယ်"လို့ ကလေးကို ပစ္စည်းနဲ့အပေါစားဆန်စွာ စည်းရုံးခဲ့ပါတယ်။

ဒုတိယလပတ်စာမေးပွဲမဖြေခင် သားက အပြင်းဖျားပြီး ဆေးခန်း(၃)ခေါက်လောက် ပြေးလိုက်ရပါတယ်။ စာမေးပွဲဖြေပြီး လပို့ကတ်ထွက်တော့ အဆင့်(၁၄)ကို ထိုးကျသွား ပါတယ်။ ဇနီးသည်က ကလေးကိုဆူပူကြိမ်းမောင်းပြီးတော့ "သွား..နင်လပို့ကတ်ကို ငါ့ ကိုလက်မှတ်လာမထိုးခိုင်းနဲ့၊ နင့်အဖေပြန်လာမှ ထိုးခိုင်း"လို့ ပြောလိုက်မိပါတယ်။

ကျောင်းမှာ ဆရာမက လပို့ကတ်ပေးလိုက်တော့ မှာလိုက်မယ်နဲ့တူပါတယ်။ မိဘကို သေချာပြရမယ်ဆိုတာ သူ့သိတယ်။ ဒါပေမဲ့ရလာဒ်ကလည်းမကောင်း အဆင့်(၁၄)ဆို တော့ နောက်ဆုံးလက်မှတ်ထိုးဖို့ မျှော်လင့်ချက်က ကျွန်တော့်ကို သားက အားကိုးခဲ့တာ ကိုး။

ည(၇)နာရီထိုးလောက် ကျွန်တော်ပြန်ရောက်တော့ လပို့ကတ်ကလေးကိုင်ပြီး မျက်နှာ က ငိုမဲ့မဲ့လေးဖြစ်ပြီး မျက်ရည်ကလေးတွေ ဝိုင်းနေတယ်။ ပြီးတော့ အသံတုန်တုန်ရီရီနဲ့ "အဖေ...သားကို လပို့ကတ်မှာ လက်မှတ်ထိုးပေးပါ"လို့ ဆို့နင့်စွာ ပြောလာပါတယ်။ ကျွန်တော်လည်း သာမန်ဘဲသဘောထားကာ "အေးအေး..စားပွဲပေါ်ထားခဲ့လိုက်"လို့ ပြန်ပြောလိုက်မိပါတယ်။

ရေးမိုးချိုး ထမင်းစားပြီးတော့ စားပွဲပေါ်တင်ထားတဲ့ လပို့ကတ်ကို ကျွန်တော်လက်မှတ် ထိုးဖို့ မေ့သွားပါတယ်။ အိပ်ရာဝင်တော့ စာအုပ်ကြားထဲမှာ ညှပ်ထားတဲ့ လပို့ကတ်ကို ကျွန်တော်လက်မှတ်ထိုးလား မထိုးလားဆိုတာ စိုးရိမ်စိတ်ကြီးစွာနဲ့ သားကဖွင့်ကြည့် လိုက်ပါတယ်။ လက်မှတ်မထိုးထားတော့ ကလေးရဲ့မျက်ဝန်းမှာ အားငယ်စိတ်၊ စိုးရိမ် စိတ်တွေ ဖုံးလွှမ်းပြီး မျက်ရည်လေး ဝေ့ဝဲလာတာကို ကျွန်တော်အမှတ်တမဲ့ တွေ့လိုက် ပေမဲ့ သားကဖခင်ကိုကြောက်ပြီး မပြောရဲဘဲ အိပ်ရာဝင်ခဲ့ပါတယ်။

အဲဒီညက သားကောင်းကောင်းတောင် အိပ်မပျော်ပါဘူး။ ဇနီးသည်က "ရှင့်သား.. အဆင့်(၁၄)တဲ့ ကျုပ်တော့လက်မှတ်မထိုးဘူး။ ရှင်ဘဲထိုးပေးလိုက်"လို့ ပြောပါတယ်။ သား စိုးရိမ်စိတ်တွေပြေပျောက်သွားအောင် လုပ်ပေးရုံမှတပါး အခြားဘာမှ ကျွန်တော် မစဉ်းစားနိုင်တော့ပါဘူး။ မနက်ကျတော့ သားစာအုပ်ကြားထဲမှာ ညှပ်ထားတဲ့ လပို့ကတ် ကို ကျွန်တော်ထုတ်ကြည့်လိုက်တော့ "ဟုတ်ပါတယ်ဗျာ..အဆင့်(၁၄)တဲ့" ကျွန်တော် လပို့ကတ်ကို စိတ်မကောင်းခြင်းများစွာနဲ့ သပ်ယပ်သေချာစွာ လက်မှတ်ထိုးပေးလိုက် ပါတယ်။

လပို့ကတ်နဲ့ပတ်သက်ပြီး ကျွန်တော်တို့ငယ်ငယ်တုန်းက အဖြစ်အပျက်မှာတော့ ကျောင်းကပေးလိုက်တဲ့ လပို့ကတ်ကို ဘာသာတွေကလည်းကျ၊ အမှတ်ကလည်းနည်း ဆိုတော့ မိဘကို မပြရဲဘူးလေ။ ဒါကြောင့် မိဘမသိရှိအောင် အဖေအမေ ထိုးရဲမဲ့အကွက်မှာ ဘောလ်ပင်ကို ဘယ်လက်ထိုး၊ ထိုးတာတောင်မှ တုန်တုန်ရင်ရင် ပုံစံလေးနဲ့ထိုး သဘောကတော့ စာမတတ်လို့ လက်မှတ်တောင် မထိုးတတ်တဲ့ပုံစံမျိုး ပေါ့။ ကျွန်တော့်တို့ မိဘအပေါ်လိမ်ခဲ့တာတွေကိုပါ။

ဒါတွေထက်စာရင် ကျွန်တော့်သားရဲ့အဖြစ်အပျက်လေးက အများကြီးတော်ပါတယ်လို့ တွေးရင်း မိဘအပေါ်လိမ်ညာခဲ့မိသောအဖြစ်များကို နောင်တကြီးစွာရမိပါတယ်။ ဒါကြောင့် ကျွန်တော်တို့လို ကလေးကို ပစ်မထားမိဘို့ ကလေးပညာရေးကောင်းအောင် မိဘဆရာသမားပူးပေါင်းမှသာ ဖြစ်နိုင်မယ်လို့ ပြောပါရစေတော့ဗျာ။

No comments:

Post a Comment