Tuesday, August 12, 2014
ချေ(ဂျီ)တစ်ဆယ်၊ ဒရယ်အစိတ်
ချေ(ဂျီ)တစ်ဆယ်
ယနေ့နံနက် ရာသီဥတုက သာယာလျက်ရှိပြီး ငှက်ကျေးတို့၏တေးဆိုသံကိုကြားနေရပြီ ... ``စိုးခိုင်ရေ .. အဆင်သင့်ဖြစ်ပြီလား ... ဖြစ်ရင်သွားကြမယ်လေကွာ... နောက်ကျနေပြီကွ..´´
``အေး ... အေး ... လာပြီ .... လာပြီ ..´´ဆိုတဲ့အသံနဲ့အတူ စိုးခိုင် ကျွန်တော့်အနားသို့ အပြေး ရောက်လာသည်။
``(၆)နာရီတောင်ထိုးတော့မယ် သုတ်သုတ်လျှောက်ကွာ´´
ကျွန်တော်တို့ ဒီနေ့ ပျဉ်းမပင်စခန်းရွာရှိ မိတ်ဆွေများနှင့်အတူ ချေ(ဂျီ)မောင်းရန် ချိန်းဆိုထားသည် မဟုတ်ပါလား။ ပျဉ်းမပင်စခန်းရွာသည် ကျွန်တော်တို့နေထိုင်ရာ တောင်ကလေးရွာနှင့်ဆိုလျှင် (၄)မိုင်ခန့် ဝေးကွာပါသည်။ အိမ်ခြေများပြီး အိမ်ကြီးအိမ်ကောင်းများပေါပါသည်။ တောင်ယာလယ်လုပ် ဓါးမခုတ်ဖြင့် အဓိကအသက်မွေးကြပြီး ကွမ်းရွက်စိုက်ပျိုးခြင်းဖြင့်လည်း ၀င်ငွေကောင်းပါသည်။ အများအားဖြင့် ကရင်နှင့် မြန်မာလူမျိုးအများစု နေထိုင်ကြပါသည်။
`` အင်း ..(၆)နာရီတောင်ခွဲပြီ ကိုစိန်သီးတို့တော့ မျှော်နေလောက်ပြီကွ ´´.... လက်ကနာရီကို ငုံ့ကြည့်ရင်းကဆိုလိုက်တော့ ... စိုးခိုင်က နဖူးထက်မှ ချွေးကိုလက်နှင့်သပ်ချရင်း ``အေးပါကွာ ... ငါလည်းလျှောက်နေပါတယ်ဟ´´
``ဒါနဲ့ ကိုရွှေဒေါင်းတို့ရောမပါဘူးလား... လူများမှကောင်းတာကွ .. ´´
``ဟ ... မပါဘဲနေပါ့မလားကွ ... သူတို့လာမှ ပိုက်တွေပါလာမှာလေ´´
``ခွေးလည်း ထပ်ခေါ်လာမယ် ပြောတာပဲ´´
နှစ်ယောက်သား စကားပြောရင်း လျှောက်လာလိုက်ကြတာ ... ခွေးဟောင်သံကြားမှပဲ ကိုစိန်သီးရဲ့ တဲနားကို နီးလာမှန်းသတိထားမိတော့တယ်။ ကိုစိန်သီး၏ တောင်ယာတဲသည် အခိုင်အမာဆောက်ထား သော ခြေတံရှည်အိမ်မြင့်ဖြစ်သည်။ ကိုစိန်သီးသည် ပျဉ်းမပင်စခန်းရွာထဲတွင် သိပ်နေလေ့မရှိဘဲ အလုပ်လုပ်သော တောင်ယာတဲတွင်သာ အနေအထိုင်များလေသည်။ ကိုစိန်သီး၏ အမဲလိုက်ခွေးများ အသံက ပို၍ကျယ်လောင်လာသည်။
``ကိုစိန်သီးရေ ... ခွေးတွေကြည့်ပါဦးဗျ ..´´
``လာ.. လာ.. ကိုမင်းနိုင်ရေ .. ဒီကောင်တွေ မကိုက်ပါဘူး´´
တဲအောက်တွင် ခွေးနှစ်ကောင်၊ တဲပေါ်တွင် ခွေးတစ်ကောင်တွေ့ရပြီး တဲပေါ်ရှိ ``အောင်နီ´´ အမည်ရခွေးထီးမှာ အုပ်စုခေါင်းဆောင်ဖြစ်သည်။
``လာ .. တဲပေါ်တက်´´
ကျွန်တော်တို့တဲပေါ်ရောက်တော့ ရေနွေးကြမ်း၊ ကောက်ညှင်းပေါင်းနဲ့ ငါးခြောက်ဖုတ်ဆီစမ်း ချကျွေးတယ်။ ကျွန်တော်တို့လည်း မနက်ကတည်းက ဘာမှမစားလာရလို့ ဆာဆာနဲ့စားလိုက်ကြတာ ကောင်းလိုက်တာဗျာ... အခုထိတောင် မမေ့သေးဘူး။
``ကိုစိန်သီး ... အောင်နီ က ပိန်သွားသလိုပဲ ´´
``ဟုတ်တယ် ကိုမင်းနိုင် အစာလျှော့ကျွေးထားတာ ... တအားဝမှာစိုးလို့´´
ကိုစိန်သီး၏ အမဲလိုက်ခွေးများမှာ သာမန်ဗမာခွေးများ၏အရွယ်အစားဖြစ်ပြီး သာမန်ခွေးများကဲ့သို့ ၀၀ဖြိုးဖြိုးမရှိဘဲ ပိန်ကပ်ကပ်များသာ။ ထိုအကြောင်းကို မသိ၍မေးကြည့်သည့်အခါ အမဲလိုက်ခွေးများမှာ သာမန်ခွေးများကဲ့သို့ မဟုတ်ဘဲ အမဲလိုက်ခွေးမျိုးရိုးရှိကြောင်း၊ သားကောင်အား အနံ့ခံနိုင်စွမ်းကောင်းပြီး သားကောင်၏ သဘောသဘာဝကို သိကြောင်း၊ တစ်တောဝင် တစ်တောင်တက် ပင်ပန်းကြမ်းတမ်းမှုကို ကောင်းစွာခံနိုင်ရည်ရှိကြောင်း၊ သခင့်အပေါ်တွင်လည်း လွန်စွာသစ္စာရှိကြောင်း၊ အစာအလွန်အကျွံ ကျွေးပါက အ၀လွန်ပြီး အမဲမလိုက်နိုင်တော့ကြောင်း၊ ချေ/ဒရယ်မောင်းပါက လူအင်အားဖြင့်သာ မောင်း၍ မလွယ်ကူကြောင်း၊ ခွေးများ၏ အကူအညီပါမှသာ အဆင်ပြေနိုင်ကြောင်း ရှင်းပြပါသည်။
``သြော်... ဒါနဲ့ ကိုရွှေဒေါင်းတို့လည်း မရောက်သေးပါလား...သူတို့လိုက်မယ် မဟုတ်လား´´
``ကျွန်တော် ရှေ့ကကြိုလွှတ်လိုက်ပြီဗျ .. ပိုက်သမားနှစ်ယောက်ရယ် ..ရွှေဒေါင်းရယ်´´
ကိုရွှေဒေါင်းဆိုသည်မှာ ကိုစိန်သီး၏ ညီအရင်းဖြစ်ပြီး ညီအစ်ကိုနှစ်ဦးစလုံး တောလိုက်ခြင်း၊ ကြက် တိုက်ခြင်း ၀ါသနာပါသူများဖြစ်ကြသည်။ ထိုအကြောင်းတရားသည်ပင်လျှင် ကျွန်တော်နှင့် ၄င်းတို့ညီအစ်ကို ရင်းနှီးစေသော အကြောင်းတရားဖြစ်ပါသည်။ သူတော်ချင်းချင်း သတင်းလွေ့လွေ့၊ ပုလင်းတူ ဘူးဆို့ ဆိုပါတော့ဗျာ။
``ဟော .. ပြောရင်းဆိုရင်း ဟိုမှာ ကိုသန်းဝေ လည်းလာပြီဆိုတော့ သွားကြရအောင်လား .. တော်ကြာနေမြင့်သွားမယ် .. နေမြင့်သွားရင် မလိုက်နိုင်တော့ဘူး.. ခွေးရောလူရောပင်ပန်းတယ်´´
``ဒါဆို သွားကြမယ်လေ´´
ကိုစိန်သီး ဦးဆောင်ပြီး စိုးခိုင်ရယ်၊ ကိုသန်းဝေရယ် ကျွန်တော်ရယ် လေးယောက်သား ကိုစိန်သီး တဲကထွက်လာခဲ့ကြတယ်။ ကျွန်တော်တို့ရှေ့မှာတော့ ကိုစိန်သီးလက်စွဲတော် ခွေးအောင်နီနဲ့ အပေါင်းအပါ နှစ်ကောင်က ခြေလှမ်းတွေသွက်လို့ ...
``ကိုသန်းဝေ .. ခင်ဗျားပိုက် တစ်ဝက်ပေးလေ.... ကျွန်တော်လည်းဝိုင်းသယ်မှာပေါ့´´
``ရပါတယ် ကိုမင်းနိုင်ရာ.... ဒါတွေက ကျွန်တော်တို့လုပ်နေကျပါဗျာ...´´
ကိုသန်းဝေ၏ပုခုံးထက်တွင် ပိုက်ထောက်သောဒေါက် လေးငါးချောင်းကို စုစည်း၍ ပိုက်နှစ်ဖုံအား ရှေ့နောက်တွင်စွပ်ကာ တံပိုးကဲ့သို့ ထမ်းလာလေသည်။ ပိုက်ဒေါက်ဆိုသည်မှာ ချေထောင်သောပိုက်ကို တန်း၍ ထောက်ထားသော ဒေါက်ကိုဆိုခြင်းဖြစ်ပါသည်။ လုံးပတ် ကျပ်လုံးခန့်၊ အရှည်လေးပေ၊ လေးပေခွဲ ခန့်ရှိပြီး သားကောင် ရုတ်တရက်မမြင်နိုင်သော နေရာတွင် ထောက်ထားရပါသည်။ ချေထောင်သောပိုက် များသည် ခေါက်ဆွဲစားတူအလုံးခန့်ရှိ နိုင်လွန်ကြိုးများအား အလျားပေ(၃၀)၊ အနံ(၅)ပေခန့် ထိုးထားခြင်း ဖြစ်ပြီး ၄င်းအား ပိုက်တစ်ဖုံဟု ခေါ်ပါသည်။
အဆိုပါပိုက်များအား အကာအကွယ်ကောင်းသော သစ်ပင်ခြုံဖုတ်များ၏နောက်ကွယ်တွင် ပိုက်ဒေါက်များဖြင့် ထောက်ကာ ဆက်၍ထောင်ထားရပါသည်။ ၄င်းပိုက်ကိုစောင့်သော ပိုက်သမားများ သည် ခြုံပုတ်များအတွင်းခိုကာ စောင့်ရသည်။ တစ်ဖက်မှတောမောင်းသူများက သားကောင် ခိုအောင်း နေနိုင်သည့် တောအုပ်များအား အမဲလိုက်ခွေးများမောင်းထည့်ပြီး လူအများက ဘေးမှဝိုင်း၍အသံပေး ခြောက်လှန့်ကာ ထောင်ထားသည့် ပိုက်အတွင်းသို့ မ၀င် ၀င်အောင် မောင်းထည့်ကြရပါသည်။ ၄င်းပိုက် အတွင်းသို့ သားကောင်အရှိန်နှင့်ပြေးဝင်ပါက ပိုက်ထောက်ထားသော ဒေါက်သည်ပြုတ်၍ ပိုက်အတွင်း၌ သားကောင်လုံးထွေးနေလေသည်။ ထိုအခါ ခြုံပုတ်အတွင်း အသင့်စောင့်နေသော ပိုက်စောင့်သည် အလျင် အမြန်ထွက်၍ အသင့်ဆောင်ထားသောတုတ်ဖြင့် အတင်းဝင်ရိုက်ရပါသည်။ သားကောင်၏နောက်မှ ထပ်ချပ်လိုက်ပါလာသော ခွေးများကလည်း အတင်းဝင်ကိုက်ကြသဖြင့် သားကောင်မှာ လွတ်လမ်းမရှိပြီ ...
ဒီလိုနည်းနဲ့ ကိုစိန်သီးတို့ ချေ၊ဒရယ်မောင်းစားလာတာ အကောင်ပေါင်းမရေမတွက်နိုင်ပြီ...
ရှေ့မလှမ်းမကမ်းအပင်အောက်တွင် ထိုင်စောင့်နေသော ကိုရွှေဒေါင်းတို့အဖွဲ့အားတွေ့သဖြင့်...
``ဟော .. ရှေ့မှာ ကိုရွှေဒေါင်းတို့စောင့်နေတယ်..´´
``ရွှေဒေါင်းရေ .. အခြေအနေဘယ်လိုလဲ...´´
ကိုစိန်သီးက သူ့ညီကိုအခြေအနေမေးလိုက်တယ်။
``အခုလောလောဆယ်ဆယ်တွေ့တာက ညဦးကခြေရာပဲတွေ့တယ်.. အထီး၊အမတစ်စုံရယ် သားပေါက်တစ်ကောင်ရယ်´´
``နောက်ခြေရာတစ်ခုက ဒီဘက်ဖုန်းဆိုးတောထဲကဖြတ်ပြီး ဟိုတောင်ကြောပေါ် ဖြတ်တက် သွားတဲ့ အနေအထားမျိုးဘဲ ...´´
``အေး .. ဟုတ်ပြီ ... ငါလိုက်ကြည့်လိုက်ဦးမယ် ... မင်းတို့ပိုက်အဖွဲ့ ဒီဘက်က၀ိုက်ပြီး အောက်ဖက်လှည်းလမ်းကူးမှာ ထောင်ထားလိုက်ကွာ...´´
``မင်းတို့က လှည်းလမ်းကူးဟိုဘက်မှာနေနော်..´´
ကိုစိန်သီးရဲ့စကားအဆုံးမှာ အေး.. အေး... ဆိုပြီး ကိုရွှေဒေါင်းတို့အဖွဲ့ ထွက်သွားကြတယ်။ ကိုသန်းဝေလည်း ပိုက်သမား ဆိုတော့ ပိုက်ထမ်းပြီး နောက်ကလိုက်သွားလေရဲ့ ...
ကိုစိန်သီး၊ ကျွန်တော်၊ စိုးခိုင်၊ ကိုမြင့်အောင်၊ ကိုရွှေဒေါင်းရဲ့သားနဲ့ရွာသားနှစ်ယောက်ပဲကျန်ခဲ့ တယ်။
``ကိုမင်းနိုင်ရေ ... ကျွန်တော်တို့ ဒီဖုန်းဆိုးတောထဲ ခြေရာနည်းနည်းလိုက်ကောက်ရအောင်..´´
ပြောပြောဆိုဆို ကိုစိန်သီးက ရှေ့ကသွားနှင့်ချေပြီ.. ကိုစိန်သီး၏မျက်လုံးများက ဖုန်းဆိုးတော မြေပြင်ပေါ်မှာ ကျီးကန်းတောင်းမှောက် ... ကျွန်တော်လည်း အသေအချာကြည့်တာပါပဲ ... ဒါပေမယ့် ကျွန်တော်ကပဲ မျက်စိရှမ်းတာလား.....မကျွမ်းကျင်လို့လားမသိဘူး... မတွေ့ဘူး ... သိပ်မကြာခင်မှာပဲ ...
``ကိုမင်းနိုင်ရေ ဒီမှာလာကြည့်ဗျ..´´
မုဆိုးဒူးထောက်ထိုင်ရင်းက ကိုစိန်သီး ကျွန်တော့်ကိုလှမ်းခေါ်တယ်... ကျွန်တော် အပြေးအလွှား ကြည့်လိုက်တော့ ဆိတ်ခြေရာလိုလို ခြေရာတွေတော်တော်များများ တွေ့ရတယ် ..
``ဒီမှာတွေ့လား ကိုမင်းနိုင် .. သုံးကောင်ဗျ .. ရွှေဒေါင်းပြောတာမှန်တယ် .. ´´
``ဒီခြေရာအကြီးဆုံးက ချေဖို(ဂျီထီး)ဖြစ်နိုင်တယ် .. ခြေရာအလတ်က ချေမ... အငယ်ဆုံးက ချေသားပေါက်လေးက .. သားခွဲနေပြီ ...´´
``ဒီခြေရာတွေက .. ဒီမနက်ပိုင်းကမှ နင်းထားတဲ့ခြေရာတွေဗျ ... ဒီမနက်အစောပိုင်း အစာဝလို့ ဆော့ရင်း နင်းထားတဲ့ခြေရာတွေ .. ဒီကောင်တွေ .. ဖုန်းဆိုးတောကိုပန်းပြီး ဟိုတောတန်းကနေ ကြောပေါ် ကိုပန်းတက်သွားတာ .... ကြောပေါ်က ခြုံကောင်းကောင်းမှာ ခိုနေလိမ့်မယ် ..´´
ကိုစိန်သီးက သူ့ရဲ့အတွေ့အကြုံနဲ့ ဖြစ်နိုင်ခြေရှိတဲ့ အနေအထားတစ်ခုကို ရှင်းပြတယ် ..
``ချေတို့ ဒရယ်တို့ရဲ့သဘောက တစ်မျိုးဗျ ... လူသိပ်မကြောက်တတ်ဘူး .. လူသံကြားနေပေ မယ့် ... သူခိုနေတဲ့နေရာက လုံခြုံတယ်ထင်ရင် လူအနားရောက်လာတာတောင် တော်ရုံထွက်မပြေးတတ် ဘူး .. ခွေးတို့ဘာတို့ပါလာရင်တော့ တစ်မျိုးပေါ့ .. ´´
``ကျွန်တော့်ခွေးတွေကတော့ စိတ်ချရတယ် .. ´´ ပြောပြောဆိုဆို ကိုစိန်သီးက သူ့ခွေးအောင်နီ ကို ``ရွှီး ... ရွှီး .... ရွှီး ´´နဲ့ လေချွန်ပြီး လှမ်းခေါ်လိုက်တယ် .. အောင်နီကလည်း မိမိတာဝန်ကို သိနေသည့်အလား သခင့်အနားကို တစ်ဟုန်ထိုးအပြေးရောက်လာတယ်။ ကိုစိန်သီးက ချေ(ဂျီ)ခြေရာကို လက်ညှိုးနှင့်ထောက်ကာ ``ဒီမှာ ဒီမှာ´´ဟုပြလိုက်ရာ အောင်နီသည် ခြေရာကိုတရှုံ့ရှုံ့အနံ့ခံရင်း တောထဲသို့ အတင်းပြေးဝင်သွားလေသည်။ ကျန် ခွေးလေးကောင်မှာလည်း အောင်နီနောက်သို့ ထပ်ချပ် လိုက်ကြပြီ ...
`` ကိုမင်းနိုင် ဒီအောက်ခြေကနေ လူခွဲပြီး အဲ့ဒီကြောပေါ်ကိုဖြန့်တက်မယ် .. ကိုမင်းနိုင်က ဒီဘက် ထိပ်မှာနေလိုက်၊ ကိုမင်းနိုင် ဟိုဘက်က ရွှေဒေါင်းသားဝင်၊ ရွှေဒေါင်းသားဘေးက ကိုစိုးခိုင်ဝင်လိုက်၊ ပြီးရင် ကိုမြင့်အောင်၊ စောလုနဲ့သံခဲက ကျွန်တော်နဲ့ကိုမြင့်အောင်ကြားမှာ၊ ဟိုဘက်ထိပ်ဆုံးကိုတော့ ကျွန်တော် သွားလိုက်မယ် .. ကျွန်တော်အသံမပြုမချင်း ဘာအသံမှမထွက်ကြနဲ့နော် .. ဟိုဘက်ထိပ်ရောက်ရင် ကျွန်တော် လက်ခေါက်သံပေးလိုက်မယ် .. အဲ့ဒီအသံကြားတာနဲ့ တစ်ပြိုင်နက် ပါလာတဲ့တုတ်နဲ့ ခြုံပုတ် တွေကိုရိုက်ပြီး ဟေး .. ဟေး .. ဟေး .. နဲ့ခြောက်ထုတ်ဗျာ ..´´
``ကိုမင်းနိုင်တို့ရှေ့မှာ ခွေးတွေလိုက်နေတယ် ... ပိုက်ဆီမတိုးခင် ခွေးနဲ့လုံးနေရင် သတိထား ပြီးဝင်.. ခွေးလည်း မှားရိုက်မိမယ်နော် ..*ချေစွယ်နဲ့နဲ့ ကျားပေါင်ပဲ့တဲ့* ချေစွယ်က ကုပ်ကုပ်လေးဆိုတော့ ကြောက်ကန်ကန်ပြီး ပြန်ခဲရင် မလွယ်ဘူးဗျ ... ကျားလိုအကောင်တောင် ပေါင်ပဲ့သတဲ့ ..´´
``ဟုတ်ကဲ့ .. ဟုတ်ကဲ့ ကျွန်တော်သတိထားပါ့မယ် .. စိုးခိုင်ရေ မင်းလည်းသတိထားဦးနော်..´´
``အေးအေး´´
``ကဲ .. ကဲ .. ဒါဆိုရင် ကိုယ့်နေရာကိုယ် ဖြန့်ကြတော့..´´
ကိုယ်ဖြန့်တက်ရမယ့်နေရာတွေကို အသီးသီးနေရာယူပြီး သိပ်မကြာလိုက် ... ကိုစိန်သီး ထံမှ လက်ခေါက်မှုတ်သံ ထွက်လာပြီ ... `` ရွှီး ´´
`` ဝေး .. ဝေး ´´ ``ဟား ... ၀ုန်း .. ဒုန်း ..´´ ``ဟေး ... ဟေး....´´
အသံတွေ ဆူညံပွက်လောရိုက်သွားလိုက်တာ ... ကျွန်တော့်ရှေ့ခြုံအောက်က တောကြက်တစ်စုံ
ဖလူး...ဖလူး..နဲ့ လန့်ပြီးပြန်ထွက်သွားတယ် .. ``စိုးခိုင်ရေ .. တောကြက်ကွ ..တောကြက် ..
မင်းဘက်ကို ပျံလာတယ်ဟေ့ .... မင်း ရှေ့နားကိုဆင်းပြီ .. ဆင်းပြီး ´´
လေထဲပျံနေတဲ့ တောကြက်ဖကြီးမြင်လိုက်ရတာ အရောင်အသွေးအစုံအလင်နဲ့ တော်တော့ကိုလှပါသည်။ တောထဲ ပြေးရင်းလွှားရင်း ခြုံပုတ်တွေရိုက်လိုက် ဟေး .. ၀ါး အော်လိုက်နဲ့ ... လူတွေလည်း ချွေးတွေရွှဲ နေပြီ .. ခါချဉ်တွေ၊ ပုရွက်ဆိတ်တွေကိုက် ဆူးတွေကခြစ် ... တော်တော် ပင်ပန်းတယ်ဗျ ... ဒါပေမယ့် ၀ါသနာကြောင့်ထင်ပါရဲ့ .. ပင်ပန်းတယ်ကို မထင်ပါဘူး ...
တတောလုံးကိုလည်း ဆူညံပွက်လောရိုက်နေတာပဲ၊ တချို့ခွေးတွေကလည်း တ၀ုန်းဝုန်းနဲ့ စူးစူးဝါးဝါးဟောင်လို့ ... တစ်ချို့ခွေးတွေကတော့ မဟောင်ဘူး တအီအီနဲ့လုပ်နေတယ် ... သူတို့ သားကောင်အနံ့ရရင် ဒါမှမဟုတ် တွေ့တဲ့အခါ တအီအီလုပ်တတ်ကြတယ်....
``တိုးထားဟေ့ ... လိုက်ထားဟေ့ ..´´
ကျွန်တော့်ရှေ့ကိုက်(၅၀)လောက်က ၀ရုန်းသုန်းကား တောတိုးသံကြားလိုက်ရတယ် ...
ခွေးလား သားကောင်လားတော့ ရေရေရာရာမသိရ..
``ဟ .. ဟ ... ရှေ့ကိုပြေးပြီ ...လိုက်ဟေ့ လိုက်လိုက် .. လှည်းလမ်းကူးဘက်ကို ပြေးတာဗျို့´´
``လိုက်ဟေ့ .. လိုက်ဟ နီးလာပြီ...ကိုမြင့်အောင် ရှေ့ကိုမြန်မြန်တိုး .... မြန်မြန်တိုး ..ခင်ဗျား ရှေ့နားမှာ ချေမတွေ့တယ်´´
ကိုစိန်သီး၏ သတိပေးအသံကိုကြားလိုက်ရတယ် ...
``ဟာ ... ဒီဘက်မှာတိုးပြီဟေ့ .. တိုးပြီ .. ကိုသန်းဝေပိုက်ထဲတိုးသွားပြီ´´
ကိုရွှေဒေါင်းအသံ ကြားလိုက်ရတယ်။ တစ်ဆက်တည်းမှာပဲ ...
``ရပြီဟေ့ .. ရပြီဟ ..´´ဆိုတဲ့ ပျော်မြူးသွားတဲ့ ကိုသန်းဝေအသံ....
ကျွန်တော်တို့လည်း ဇောနဲ့တိုးလာလိုက်ကြတာ.. ရှေ့မှာတွေ့ပါပြီ ..ပိုက်ထဲမှာ တိုးမိပြီးလဲနေတဲ့ ချေဖိုတစ်ကောင် ... ချေဖိုရဲ့ဘေးမှာတော့ ချေဖိုကကျတဲ့သွေးတွေကို စိန်ပြေနပြေလျက်နေတဲ့ ခွေးမုဆိုး အောင်နီ ... ချေဖိုနောက်က ထပ်ချပ်လိုက်လာတဲ့အောင်နီ .. ပိုက်ထဲတိုးတာနဲ့ နှုတ်မြန်မြန်နဲ့ဝင်ခဲပြီး လုံးတဲ့အချိန် ကိုသန်းဝေရဲ့တုတ်စာနဲ့ပွဲသိမ်းသွားခဲ့ပြီ .. ကျွန်တော်လည်း ချေကို အနီးကပ်မမြင်ဘူးတာနဲ့ အနားကပ်ကြည့်မယ်အကြံနဲ့ ရှေ့လည်းတိုးလိုက်ရော ...
``ဂီး´´ ဆိုတဲ့အသံနဲ့ အောင်နီရဲ့ သွားစွယ်ဖွေးဖွေးကို မြင်လိုက်ရတယ်။
``ကိုမင်းနိုင် .. အနားသွားမကပ်နဲ့.. ကိုစိန်သီးလာအောင် ခဏစောင့်လိုက်... အောင်နီက သူ့သခင်မဟုတ်ရင် သူရထားတဲ့သားကောင်နား ဘယ်သူ့မှပေးမကပ်ဘူးဗျ..´´
ဟုတ်ပဗျာ ... ကိုစိန်သီးရောက်လာတော့မှပဲ ပိုက်ထဲကချေဖိုကို အပြင်ဆွဲထုတ်လို့ရတော့တယ်...
တော်သေးတာပေါ့ ... ကိုသန်းဝေ လှမ်းသတိပေးတာမြန်ပေလို့ ..နို့မဟုတ်ရင် ကျွန်တော့်ခြေသလုံး ပဲ့နေ လောက်ပြီ ...
ကိုစိန်သီးက...``ကိုမင်းနိုင်ရေ... ကျွန်တော်မှန်းတဲ့အတိုင်းပဲ ကိုးပိဿာခွဲလောက်တော့ရှိမယ်.. သုံးကောင်ထဲက အကြီးဆုံးကောင်ကို ခွေးအုပ်ခွဲထုတ်လိုက်လို့ ဒီကောင်ဒီဘက်ကို ထွက်လာတာ... ဟို သားအမိနှစ်ကောင်ကတော့ ကျွန်တော်တို့ ညာဘက်ကနေ ထွက်သွားတာ မြင်လိုက်တယ်.. လိုက်ဝိုင်းတာ မရတော့ဘူးဗျ ... မြန်လိုက်တာဗျာ...´´
ခွေးအုပ်မှာလည်း အရိပ်ရှိတဲ့ဟိုနား ဒီနားမှာလှဲရင်း ပါးစပ်ကလည်း လျှာတန်းလန်းထွက် အမောဖြေ နေကြတယ်..
``ကဲ ..ခဏ နားကြဦးဗျာ .. ´´
``ရွှေဒေါင်း.... မင်း ၀ါးလုံးတစ်လုံးခုတ်ကွာ ...´´ ``ရကတည်းက ခုတ်ပြီးပြီဟေ့´´
ကိုစိန်သီးက သူ့ဓားနဲ့ ချေရဲ့နားရွက်အဖျား ၊ လျှာအဖျား၊ ခွာအဖျား၊ အမြီးဖျားတို့ကိုဖြတ်ပြီး ထုံးစံအတိုင်း တောပိုင်တောင်ပိုင်တွေ ပသနေတယ်။ ခဏနေတော့ ကျွန်တော့်ဘေးနားလာထိုင်ရင်း...
``ကျွန်တော်တို့လည်း ချေ(ဂျီ) မလိုက်ဖြစ်တာ ကြာပြီ ... ဟိုတစ်ပတ်က ကိုမင်းနိုင်က လိုက်ချင် တယ်ဆိုလို့သာ ချိန်းလိုက်တာဗျ ၊ တောင်ယာဘက်လှည့်လိုက် ကွမ်းခြံဘက်လှည့်လိုက်နဲ့ အားရတယ်သိပ်မရှိပါဘူး၊ ဒါပေမယ့် တောသားလေးလည်း မစားရတာကြာတာကတစ်ကြောင်း၊ ကိုမင်းနိုင်က ၀ါသနာပါတယ်၊ လိုက်ချင်တယ်ဆိုလို့ လိုက်ဖြစ်သွားတာ ..´´
``သြော်..ဒါနဲ့ကိုစိန်သီးကိုမသိလို့မေးဦးမယ်.. ဒီကောင်တွေကအချိန်ဘယ်လောက်ထိ ကြီးလဲ..´´
``မုဆိုးစကားနဲ့ပြောရင်တော့ *ချေ(ဂျီ)တစ်ဆယ်၊ ဒရယ် အစိတ်*လို့ဆိုတယ်ဗျ၊ ဆိုလိုတာက ချေကြီးရင် အချိန်တစ်ဆယ်၊ ဒရယ်ကြီးရင် အချိန်အစိတ်ပေါ့ဗျာ ... ဒါပေမယ့် အချိန်တစ်ဆယ် ကျော်တဲ့ ချေလည်းရဘူးတယ်.. ´´
ကျွန်တော်လည်း ကိုစိန်သီးရှေ့က ချေကိုသေသေချာချာကိုင်ကြည့်လိုက်တော့ နူးညံ့တဲ့အမွှေး၊ လှပ၀င်းဝါတဲ့အရောင်အသွေးရှိတယ်ဗျ .. တခြားအကောင်တွေလို အထီးဆိုပြီး အနံ့နံတာမရှိဘူး။ ပါးစပ်ဖြဲ ကြည့်တော့ ညီညာပြီး ထက်မြက်တဲ့သွားတွေ၊ အစွယ်ကတော့ ခပ်ကွေးကွေး..။
``ကျွန်တော် စောစောက အဲ့ဒါပြောတာပေါ့.. ချေစွယ်နဲ့နဲ့ ကျားပေါင်ပဲ့ဆိုတာလေ.. ဒီကောင်တွေက ကျားလိုအကောင်ကိုတောင် ကြောက်ကန်ကန်ပြီး ပြန်ကိုက်ရင် ကျားပေါင်တောင်ပဲ့တယ် တဲ့´´ ကိုစိန်သီးက ၀င်ရှင်းပြတယ်။ တစ်ဆက်ထဲ ..
``ရွှေဒေါင်းရေ .. ပိုက်တွေဖြုတ်ပြီးပြီလား ..´´
``အကုန်ဖြုတ်ပြီးပြီ .. ၀ါးလုံးလဲအဆင်သင့် .. ငါ့သားကို နွယ်ကြိုးခုတ်ခိုင်းထားတယ်´´
``အေး ... ပြီးရင် သွားမယ်ဟေ့ ..နောက်ကျသွားမယ်..´´
ကိုရွှေဒေါင်းသားနဲ့ကိုသန်းဝေတို့ ချေကိုဝက်တုပ်တုပ်ပြီး ၀ါးလုံးနဲ့လျှိုထမ်းခဲ့ကြတယ်။ အပြန်လမ်း တစ်လျှောက် စကားတပြောပြောနဲ့ သွက်သွက်ပဲလျှောက်လာကြတယ်။
``ကိုစိန်သီးရဲ့အောင်နီကြီး နောက်မှာကျန်ခဲ့လား မသိဘူး..မတွေ့ဘူး´´
``ကိုမင်းနိုင် ပူမနေနဲ့ဗျ ... ခုလောက်ဆို သူ့သခင်မကို သတင်းသွားပို့ပြီ ´´
ကိုမြင့်အောင်က ကြားထဲက၀င်ပြောလိုက်တယ်..
``ဒီကောင်က သားကောင်ရပြီဆိုရင် အပြန်လမ်းမှာ ရှေ့ကနေ သူ့သခင်မ(ကိုစိန်သီး၏ဇနီး)ကို ကြိုသတင်းပို့ ထားတယ်လေ.. အင်မတန် သိတတ်တဲ့ကောင်ကြီးဗျ..´´
အလာတုန်းကတော့ ဇောကြောင့်လားမသိဘူး .. သိပ်မကြာသလိုဘဲ ..
အပြန်ကျတော့ ပင်ပန်းထားလို့ထင်တယ် .. တော်တော်လျှောက်ရတယ်.. ချေ/ဒရယ်လိုက်တယ် ဆိုတာလည်း အနည်းဆုံး ဆယ့်ငါးမိုင်၊ မိုင်နှစ်ဆယ်လောက်လျှောက်လိုက်၊ ပြေးလိုက်၊တောတိုးလိုက် လုပ်ရတာလေ ..
တဲရောက်တော့ ကိုစိန်သီးကိုယ်တိုင်ပဲ သားကောင်ဖျက်တယ် .. အဲ့ဒီမှာတွေ့ရတာတစ်ခုက သားကောင်ဖျက်ရင်း ဗိုက်ခွဲ နှလုံးကိုထုတ်ပြီး ငါးစိတ် စိတ်ပြီး ခွေးငါးကောင်ကို ပစ်ကျွေးလိုက်တယ်။ ခွေးတွေကလည်း တော်လိုက်တာဗျာ .. လေထဲမြောက်ပြီး ပစ်ကျွေးတဲ့အစာကို ဘယ်တော့မှအောက်မကျ စေရဘူး၊ လေထဲမှာတင် ခုန်ဟပ်ပြီးစားပစ်လိုက်တာ ... ကျွန်တော်မေးကြည့်တော့ .. ဒါလုပ်နေကျတဲ့ ..
သားကောင်ရလို့ဝေစုခွဲတဲ့အခါ လူအတွက်တစ်ပုံဆိုရင် ခွေးအတွက်လည်း တစ်ပုံ ပေးရပါသည်။ ပိုက်အတွက်လည်း တစ်ပုံပေးရပါသည်။ ကျွန်တော်နှင့်စိုးခိုင်အတွက် ခွဲပုံနေတာမြင်ရလို့ ကျွန်တော်က ..
``ကိုစိန်သီး .. ကျွန်တော်နဲ့စိုးခိုင်အတွက် မခွဲနဲ့နော်... ကျွန်တော်တို့ ယူမသွားဘူး.. ဒီမှာပဲစား မယ်..´´
``ဟာ ..ဒါတော့ မရဘူးဗျ...ဒီမှာချက်တာလည်းစား .. ယူလည်းယူသွား.. ချေသားက အဝေခံ တယ်ဗျ...´´ သူပြောတာလည်း ဟုတ်ပါသည်။ ကိုးပိဿာခွဲရှိချေမှာ ကျွန်တော်တို့အုပ်ကို ဝေလို့လောက်ပါ သည်။ သူ့မှာက အသားချည်းပဲလေ.. ပစ်စရာလည်း ဘာမှမရှိဘူးမဟုတ်လား...
ကိုစိန်သီးမိန်းမ မစိန်ထွေးချက်ထားသော တောင်ယာဆန်ထမင်း၊ ချေသားဟင်း လတ်လတ် ဆတ်ဆတ်၊ ကိုယ်တိုင်သိပ်ထားသော ငါးပိရည်ကျိုကို ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းထောင်းထည့်၊ ငါးရံ့မီး ဖုတ်လေးခပ်ထားတာ မွှေးလိုက်တာဗျာ၊ တို့စရာက လယ်ပတူရယ်၊ သရက်ကင်း(သရက်ကင်းအနံ့မွှေးပြီး နနွင်းပင်ကဲ့သို့အပင်မှရသော သရက်ကင်းဥ)ရယ်.... ဗိုက်ထဲမှာ တကြုတ်ကြုတ်နဲ့ ...
``ကိုမင်းနိုင် ... ခဏလေးစောင့် ...ကိုသန်းဝေ ကို ရွာထဲခဏလွှတ်ထားလို့ ´´
ဒီလောက်ဆို ကျွန်တော်သဘောပေါက်လိုက်ပြီ .. ပုလင်းတူဘူးဆို့သမားမဟုတ်လား ...
သိပ်မကြာလိုက်ပါဘူး ... ကိုသန်းဝေပြန်ရောက်လာတယ်... လက်ထဲမှာ ပုလင်းနှစ်လုံး ပါလာတယ် ဆန်ကိုချက်ထားတဲ့ ဒေသထွက်ဆန်အရက်စစ်စစ် ...
ကိုစိန်သီးက ကိုသန်းဝေလက်ထဲမှ ပုလင်းနှစ်လုံးကိုလှမ်းယူလိုက်ပြီး အနောက်ဘက်ကို ၀င်သွား တယ် ..
ခဏနေတော့ ပုလင်းနှစ်လုံးကိုလှုပ်ရှင်း ပြန်ထွက်လာတယ်... ပုလင်းထဲမှာလည်း အမှိုက်တွေလို အမှုံအမွှားတွေ အနည်ထနေတယ်...
``ကိုစိန်သီး ... ဘာတွေတုန်းဗျ ...´´ ကျွန်တော့်အမေးကို ကိုသန်းဝေကဘဲ ....
``ဖြူ အစာအိမ်ထည့်ထားတာလေ ... ဆေးဘက်ဝင်တယ်..´´
``ဟုတ်တယ် ကိုမင်းနိုင် ... ဖြူကောင်ရဲ့အစာအိမ်ကိုထုတ်ပြီး ကြပ်ခိုးစင်မှာချိတ်ထားတာလေ.. ဒီကောင်ထည့်လိုက်ရင် ..အရက်ကခါးသက်သက်ဖြစ်သွားတယ်... မနက်မိုးလင်းလာရင် ခေါင်းမကိုက်ဘူး.. ကိုယ်လက်ပေါ့ပါးလန်းဆန်းနေတာပဲ.. ဒါပေမယ့် ဒီကောင်က ရခဲတယ်.. ဆေးဘက်ဝင်တယ်လို့ ရှေးလူကြီးတွေပြောတာပဲ..´´
ကိုစိန်သီးပြောတာဟုတ်ပါသည်... အရက်အရသာမှာ ခါးသက်သက်ဖြစ်နေပါသည်။ ဒေသထွက် ဆန်အရက်နှစ်လုံးကုန်တော့ လူတွေလည်း ဝေတေတေနဲ့ပေါ့ ... ပြီးတော့ ချေသားဟင်း၊ ငါးပိရည်၊တို့စရာ နဲ့ စားလိုက်ကြတာ ဝေသာလီပြည် ဘီလူးကျတာကမှ သက်သာလိမ့်မယ်ထင်တယ် ...
အပြန်လမ်းမှာ ကျွန်တော့်စိတ်ထဲ ဒီလိုပွဲမျိုး နောက်တစ်ခေါက် ထပ်နွှဲချင်သေးတယ်လို့ .....
ကျေးဇူးတင်စွာဖြင့်
ရှမ်းလေး
၁၂-၈-၂၀၁၄ (အင်္ဂါနေ့) ၂၃း၅၀
Subscribe to:
Post Comments (Atom)
No comments:
Post a Comment