Tuesday, August 26, 2014

ဆီးရီးယားမှာရှိတဲ့ ISIS တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ဖို့ ဦးတည်


CNN, Aungst 27, 2014
ရွှေမန်းတင်မောင်သား

ဆီးရီးယားမှာရှိတဲ့ ISIS ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်မယ်၊ မပြုလုပ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို သမ္မတ အိုဘားမားက ခုချိန်ထိ မချမှတ်ရသေးဘူး လို့ အိမ်ဖြူတော်က အခိုင်အမာ ပြောကြားခဲ့ပါတယ်။

သို့သော် အစိုးရနဲ့ စစ်ဘက်ဆိုင်ရာအကြံပြုချက်တွေက ဒီလိုတိုက်ခိုက်မှုတွေ ပြုလုပ် လာနိုင်ဖို့အတွက် ပိုပြီးတော့ သေချာလာနေပါတယ်။

အီရတ်နိုင်ငံ မြောက်ပိုင်းကိုဖြတ်ပြီးတော့ ဆွန်နီအကြမ်းဖက်သမားတွေအပေါ် အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ တိုးချဲ့ပြုလုပ်လာနိုင်တဲ့ လက္ခဏာတွေကို တွေ့နေရပါတယ်။

ဆီးရီးယားနိုင်ငံ ဝေဟင်ပိုင်နက်ထဲမှာ ထောက်လှမ်းပျံသန်းခြင်းတွေကို ပြုလုပ်ဖို့ အခွင့်အာဏာ သမ္မတ အိုဘားမားမှာ ရှိပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် သူတို့ကိုယ် သူတို့ Islamic State လို့ အမည်ပေးထားတဲ့ ISIS အဖွဲ့တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာနိုင်တဲ့ ရှေ့ပြေးလက္ခဏာတစ်ရပ်လို့ ယူဆရပါတယ်။

တစ်ချိန်တည်းမှာဘဲ အမေရိကန်စစ်တပ်နဲ့ ထောက်လှမ်းရေးအဖွဲ့အစည်းတွေဟာ ဆီးရီးယားမှာရှိတဲ့ ISIS ခေါင်းဆောင်ပိုင်းနဲ့ တပ်ဖွဲ့ဝင်တွေရဲ့ သတင်းအချက်အလက် တွေကို စုဆောင်းနေတယ်လို့ အမေရိကန်စစ်ဘက်အရာရှိကြီး နှစ်ဦးတို့ရဲ့ ပြောကြား ချက်အရ သိရပါတယ်။

မြေပြင်သတင်းအချက်အလက်တွေနဲ့ အခြေအနေတွေကို တတ်နိုင်သလောက် တိတိ ကျကျ သိရဖို့လိုတယ်လို့ ပင်တဂွန်ပြောခွင့်ရပုဂ္ဂိုလ် ရေတပ်ဗိုလ်ချုပ် ဂျွန်ကာဘီ က စီအင်န်အင်န်သတင်းဌာနကို သြဂုတ်လ ၂၅ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

ဆီးရီးယားမှာရှိတဲ့ ISIS အဖွဲ့ကို လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်ဖို့ လိုအပ်တဲ့ အဓိကကျတဲ့ အကြောင်းပြချက်တွေကို ထိပ်တန်းစစ်ဘက်အရာရှိကြီးတစ်ဦးဖြစ်တဲ့ ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်ကြီး မာတင် ဒမ့်ဆေးက ပြီးခဲ့တဲ့သီတင်းပတ် အတွင်းမှာ သမ္မတ အိုဘားမား ထံ တင်ပြခဲ့ပြီးဖြစ်ပါတယ်။

No comments:

Post a Comment