Thursday, August 28, 2014

ဘလော့သမား Thaton Kaunglay သေဆုံးမှု နောက်ဆက်တွဲသတင်း

August 28, 2014
ရွှေမန်းတင်မောင်သား

အသက်က(၄၀)နှစ်၊ အရပ်မြင့်မြင့်၊ အသားဖြူဖြူ၊ မျက်နှာမှာ မြင်တာနဲ့ မှတ်မိတဲ့ အချက်ကတော့ ညာမျက်ခုံးအောက်နားမှာ မှဲ့တစ်လုံးက ထင်ထင်ရှားရှား၊ သဘော ကောင်းပြီး အပေါင်းအသင်း မိတ်ဆွေကို ခင်မင်တတ်သူတစ်ယောက်။ အခုတော့ ဩဂုတ်လ ၂၅ ရက်နေ့ ညနေ ၀၅၃၀ အချိန် နှလုံးသွေးကြောကျဉ်းသည့် ရောဂါကြောင့် ဘဝတစ်ပါးသို့ ပြောင်းသွားပါပြီ။ ဇနီးသည်နဲ့ လူမမယ် သားကလေး တစ်ဦး ကျန်ရှိခဲ့ပါတယ်။

မသေဆုံးမီ(၁)ပတ်အလိုက အလုပ်ကိစ္စ တစ်ခုနဲ့မော်လမြိုင်ရောက်လာတုန်းက ကျွန်တော်နဲ့အတူ နေ့လည်စာ ထမင်းအတူတူစားရင်း ဘလော့အကြောင်း ဆွေးနွေး တိုင်ပင်ကြ၊ အသိပညာတွေ ဖလှယ်ဖြစ်ကြပါတယ်။

(၂၅)ရက်နေ့ နေ့လည်(၁)နာရီခွဲထိ အလုပ်လုပ်နေတာအကောင်းပါ။ ပြီးစီးလို့ အိမ်ပြန် သွားတော့မှ အမောဖောက်လာကြောင်း ဇနီးသည်ကို ပြောပြတော့ ဇနီးသည်က သွေးပေါင်ချိန်တိုင်း(ဇနီးသည်က ကျန်းမာရေးဝန်ထမ်းတစ်ဦး)၊ လိုအပ်တဲ့ အားဆေး တွေချိတ် လုပ်ပေးခဲ့ပါတယ်။

မသက်သာတော့ ကားငှားပြီးဆေးရုံကို ညနေ(၃)နာခွဲလောက်မှာ ပို့ပါတယ်။ ဆေးရုံရောက်တော့ လူနာကိုယ်တိုင် ကားပေါ်ကဆင်းပြီး ဆေးရုံထဲကို လမ်းလျှောက် ဝင်သွားခဲ့ပါတယ်။ ညနေ(၅)နာရီခွဲလောက်ကျတော့ ဆုံးပြီတဲ့ဗျာ။

ဒီနေရာမှာ ကျွန်တော်ပြောချင်တာက ဆေးရုံတက်လာတဲ့လူနာက နှလုံးရောဂါသည်၊ နှလုံးခုန်ရပ်တော့ ဆရာဝန်က ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ၊ ဆရာဝန်က ပြောင်းလာ တာလည်းမကြာသေး။ မြို့နယ်အဆင့် ဆေးရုံတွေက အထောက်အကူပြုကုသတဲ့ စက်ကိရိယာတွေကလည်း မစုံလင်။ ဆရာဝန်က ပြောင်းလာတာမကြာသေးလို့သာဆို တယ် သထုံမြို့ရဲ့ နာမည်ကြီး"ပန်းစပယ်ဖြူ အထူးကုဆေးခန်း"မှာ အချိန်ပိုင်း ဆရာဝန် သွားလုပ်သေးတယ်ဆိုဘဲ။ လူနာရဲ့ဇနီးသည်က သထုံမြို့ဆေးရုံမှာလည်း အချိန်ပိုင်း သူနာပြုအဖြစ် လုပ်ကိုင်ခဲ့ဘူးပါတယ်။ ဒါကိုလည်း အသိအမှတ်မပြုဘဲ လူနာကို ဆေးပုလင်းချိတ်လာတာတောင် အပြစ်ကပြောချင်သေး။ ဆရာဝန်က ကျွမ်းကျင်မှုမရှိ၊ ကိရိယာကလည်း မစုံလင်ဆိုတော့ မသေသင့်တဲ့ လူနာကတော့ သေသွားရပြီပေါ့။

သေသွားတော့လည်း လုပ်သင့်လုပ်ထိုက်တာကို မလုပ်ဘဲ အလောင်းကို ဒီအတိုင်း သေတိုက်မှာ သွားထားလိုက်တယ်။ လူနာက သာမန်အရပ်သားမဟုတ်ဘူး၊ ဝန်ထမ်း တစ်ဦး။ သေဆုံးပြီးလူနာတစ်ဦးကို ရင်ခွဲစစ်ဆေးချက်ယူရတာ ဆရာဝန်တွေရဲ့ ထုံးတမ်းအစဉ်အလာပါ။ သွားထားတဲ့ ရေခဲတိုက်ကလည်း ဘာမှမရှိဘူး။ သွေးယို စီးမှုဖြစ်နိုင်တဲ့ နေရာတွေ(နှာခေါင်း၊ ပါးစပ်၊ နား၊ စအို) စတာတွေကို လုံအောင် ပိတ်ဆို့မှုမရှိဘဲ ဒီအတိုင်းသွားထားတော့ နောက်နေ့ သဂြိုလ်မဲ့ အချိန်ရောက်တော့ ယင်တွေဥပြီး ရုပ်အလောင်းက အတော်လေးကို ရုပ်ပျက် ဆင်းပျက်ဖြစ်နေတာ။

နိုင်ငံတော်က ပြည်သူတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို ဘဏ္ဍာငွေကြေး အမြောက် အမြားသုံးစွဲပြီး လုပ်ဆောင်နေချိန်မှာ ဒီလိုဝန်ထမ်းတွေရဲ့ အသုံးမကျမှုကြောင့် အသက်မဆုံးရှုံးသင့်သော လူတွေ အသက်ဆုံးရှုံးနေရာတာ လွန်စွာမှပင် နှမြောစရာ ကောင်းလှပေစွ။

No comments:

Post a Comment