Friday, August 1, 2014

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းတွင် တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၀ ဦး သေဆုံး

ဆင်ဟွာ, Aug 1, 2014
ဘီလူးကျွန်းသား

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ဇူလိုင်လ ၃၁ ရက်နေ့ညက ယူကရိန်းအစိုးရတပ်ဖွဲ့နှင့် ရုရှားလိုလားသည့် ယူကရိန်းခွဲထွက်ရေးအဖွဲ့တို့အကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွား ခဲ့သဖြင့် အရပ်သား ၆ ဦးအပါအဝင် အနည်းဆုံးလူပေါင်း ၂၀ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

တိုက်ပွဲမှာ ယူကရိန်းနိုင်ငံ အရှေ့ပိုင်း Shakhtarsk မြို့အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲအတွင်း လူပေါင်း ၁၄ ဦးသေဆုံးခဲ့ကြောင်း၊ ယင်းမြို့မှာ ယူကရိန်းအစိုးရတပ်ဖွဲ့ နှင့် ယူကရိန်းခွဲထွက်ရေးအဖွဲ့တို့အကြားတွင် ပြီးခဲ့သည့်ရက်ပိုင်းကတည်းက ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်နေသည့် နေရာဖြစ်ကြောင်း၊ သေဆုံးခဲ့သူ ၁၄ ဦးအနက် ၁၀ ဦးမှာ ယူကရိန်းအမှုထမ်းများဖြစ်ပြီး ကျန် ၄ ဦးအား တိတိကျကျ ခွဲခြားနိုင်ခြင်း မရှိသေး ကြောင်းဖြင့် ယူကရိန်းစစ်ဘက်စစ်ဆင်ရေး ပြောခွင့်ရပုဂ္ဂိုလ် အိုလက်စီ ဒီမီထရက်ရှ် ကီယက်ဗ်စကီ က သတင်းထောက်များအား ပြောကြားခဲ့သည်။

ဒိုနက်စ်မြို့တွင်မူ ဘတ်စ်ကားတစ်စီးပေါ်၌ ဗုံးပေါက်ကွဲခဲ့မှုကြောင့် လူ ၁ ဦးသေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဒိုနက်စ်မြို့အနီးရှိ လူဂန့်စ်မြို့တွင်မူ လူနေတိုက်ခန်းပါ ကုန်တိုက်တစ်ခုပေါ်သို့ အမြောက်ကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် အရပ်သား ၅ ဦး သေဆုံးခဲ့ပြီး ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံအရှေ့ပိုင်းတွင် ယင်းကဲ့သို့ တိုက်ပွဲများ ဖြစ်ပွားနေခဲ့သော်လည်း မလေးရှား လေကြောင်းလိုင်းပိုင် MH17 လေယာဉ်ပစ်ချခံခဲ့ရမှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးရန်အတွက် နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးသမားများက ယင်းနေရာသို့ ရောက်ရှိ၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

No comments:

Post a Comment