Tuesday, August 5, 2014

အရုပ်ဆိုးလှသော သတင်းအမှောင်ချမှု

Aug 6, 2014
ရွှေမန်းတင်မောင်သား

ခေတ်အဆက်ဆက် မြန်မာနိုင်ငံသည် ဖိနှိပ်ခံဘဝနှင့် နေလာရသော အခြေအနေ၊ သတင်းမှားကို သတင်းမှန်ဖြင့် တုံ့ပြန်ုခြင်းသာလျင် အကောင်းဆုံးနည်းလမ်း ဖြစ်ပါ လျက် သတင်းထိမ်ချန်မှု၊ ရိုးအီနေသော ဝါဒဖြန့်ထုတ်လွှင့်မှုများနှင့်သာ အချိန်ကုန်ပြီး တိုးတက်မှုမရှိ ဒုံရင်းဖြင့်သာ ခရီးဆက်နေတယ်။

ယခုပွင့်လင်းလာသော ယနေ့ခေတ်တွင်လည်း မှိုလိုပေါက်နေသော သတင်းစာ၊ ဂျာနယ်၊ လူမှုကွန်ယက်များတွင်လည်း တန်ဖိုးရှိသော သတင်းများကို ဦးစားပေး တင်သည်ကနည်းနည်း ဆူပူရှုတ်ထွေးအောင်၊ မိမိမီဒီယာ နာမည်ကြီးရေးသာ အဓိက ထား ဆောင်ရွက်နေကြသည်ကို ဝမ်းနည်းဖွယ်ရာ တွေ့မြင်နေကြရတယ်။

မတင်သင့်သော နိုင်ငံတော်၏ လက်နက်စက်ရုံအခြေအနေကို ခိုးကြောင်ခိုးဝှက် ဓါတ်ပုံ ရိုက်ယူပြီး ဖွလိုက်တာကိုက မိမိနိုင်ငံရဲ့ စစ်ရေးအခြေအနေကို အခြားနိုင်ငံတွေကို အသိ ပေးလိုက်တာနဲ့ အတူတူပါဘဲ။

ရန်ကုန် လှိုင်သာယာ စားသောက်ဆိုင်တစ်ခုမှာ 9-6-2014 ရက်နေ့ ည(၁၁၄၆)မိနစ်မှာ ဓားထိုးမှု လူမှုကွန်ယက်စာမျက်နှာတွေမှာ တက်လာလို့ ကြည့်လိုက်ရပါတယ်။ ဆိုင်ရဲ့ CCTV ကင်မရာကနေ ရိုက်ထားတဲ့ ဗွီဒီယိုဖိုင်လေးပါ။ တရားဥပဒေ စိုးမိုးမှုမရှိသလိုမျိုး လူမြင်ကွင်း ဓားကိုင်ပြီး လူတစ်ယောက်ကို စိတ်ကြိုက်ထိုးသတ်နိုင်လောက်အောင် ရဲတပ်ဖွဲ့က ဘယ်များနေပြီး ဘာများလုပ်နေသလဲလို့ ကျနော်မေးချင်ပါတယ်။

မြင်တဲ့သူတွေကတော့ သက်ဆိုင်ရာ ရဲစခန်းကို ဖုန်းမဆက်ဘဲနဲ့တော့ မနေပါဘူး။ ဆက်ကြမှာပါဘဲ။ ဓားကိုင်ပြီး လူတစ်ယောက်ကို စိတ်ကြိုက်ထိုးသွားတာဗျာ။

သက်ဆိုင်ရာ ဆိုင်ရှင်အနေနဲ့လည်း ဓားထိုးမှုဖြစ်ဖြစ်ခြင်း ရဲစခန်းကို အကြောင်းကြား သင့်သလို သက်သေခံပစ္စည်းဖြစ်တဲ့ ဗွီဒီယိုဖိုင်ကို သက်ဆိုင်ရာဆီ အပ်နှံသင့်ပါတယ်။ အခုတော့ ဒီလိုမဟုတ် 9-6-2014 ရက်နေ့က ဖြစ်တဲ့ကိစ္စကို အခုမှ ဗွီဒီယိုဖိုင်ကို ဘာကြောင့် လူမှုကွန်ရက် စာမျက်နှာပေါ်ကို တင်သလဲဆိုတာ စဉ်းစားစရာ ဖြစ်လာပါပြီ။ လူတစ်ယောက်ကို မင်းမဲ့စရိုက်ဆန်ဆန် ဓားနဲ့ထိုးသွားတဲ့ဖြစ်ရပ်ကို တာဝန်သိသူ တစ်ယောက်အနေနဲ့ အင်တာနက်ပေါ် မဖြန့်သင့်ဘူးလို့တော့ ကျနော် ထင်မြင်မိပါတယ်။

ဖြန့်တော့ ဘာကောင်းကျိုးဖြစ်လာလဲ၊ လူတွေ စိုးရိမ်ကြောင့်ကျမှုဖြစ်တာဘဲ အဖတ်တင် ပါတယ်။ တာဝန်ရှိသူတွေအနေနဲ့လည်း မကောင်းသလို ကာယကံရှင်တွေအနေနဲ့ လည်း မကောင်းပါဘူး။ ရဲတပ်ဖွဲ့အနေနဲ့ကရော မှုခင်းဖြစ်တဲ့ အချိန်မှာ မရောက်တာ ကတော့ ကျူးလွန်သူကို စိတ်ကြိုက်ကျူးလွန်လို့ရအောင် အခွင့်အရေး ပေးလိုက်သလို မျိုးဖြစ်နေတာတော့ မဖြစ်သင့်ဘူးလို့ထင်တယ်။ လူမှုကွန်ယက်မှာ ပွက်လောရိုက် ကုန်မှသာ ဖြေရှင်းချက် ထုတ်လာတာမျိုးတွေ့ရတယ်။ ကျူးလွန်သူတွေကို ဖမ်းဆီးရမိ ပြီဖြစ်ကြောင်း၊ နောင်ဒီလို ဗွီဒီယိုဖိုင်မျိုးတွေကို လူမှုကွန်ယက်ပေါ် မတင်ဖို့တားတယ်။ (၆)လပိုင်းကဖြစ်တဲ့ကိစ္စကို သက်သေခံပစ္စည်း ဗွီဒီယိုဖိုင်ကို မသိမ်းဆည်းဘူးလားလို့ မေးစရာရှိပါတယ်။

ဖြစ်ဖြစ်ချင်း ကြားလျင်ကြားခြင်း ရောက်လာခဲ့လျင် အခုကိစ္စမျိုးကို အကျယ်မဖြစ်အောင် တားဆီးနိုင်မှာ ဖြစ်သလို ထိရောက်စွာလည်း ဟန့်တားနိုင်မှာလည်း ဖြစ်ပါတယ်။

ဗွီဒီယိုဖိုင်က လူမှုကွန်ယက်မှာ ပျံ့သွားပါပြီ။ လိုက်ပိတ်လို့မရတော့ပါဘူး။ ဒါကို အကောင်းဆုံး တုံ့ပြန်နည်းကတော့ လူမှုကွန်ယက်မှာသိနေတဲ့ လူတွေအားလုံးကို တရားခံနဲ့ပတ်သက်တဲ့ တရားစီရင်မှုအခြေအနေအားလုံးကို စဉ်ဆက်မပြတ် ချပြသွား ရမှာဖြစ်တယ်။ ဒါမှသာ တရားခံကို ဖြစ်မှုထင်ရှားသဖြင့် ပြစ်ဒဏ်ဘယ်လောက် ချလိုက်ပြီဆိုတာကိုသိရမှ ရဲတပ်ဖွဲ့အပေါ်လည်း အမြင်ရှင်းနိုင်သလို လုံခြုံမှုအပြည့်အဝ ဆောင်ရွက်ပေးနေတယ်လို့လည်း ခံယူသွားမှာဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့အလားတူ MRTV က နိုင်ငံခြားသတင်းတစ်ခု လွှင့်သွားတာတွေ့ရတယ်။ နိုက်ဂျီးရီးယား ကျောင်းသူတစ်စုကို ပြန်ပေးဆွဲသွားတဲ့ ဘိုကိုဟာရမ်ဆိုတဲ့ အကြမ်း ဖက်အုပ်စုကို သိကြမှာပါ။ ကျောင်းသူတွေကို အတင်းအဓမ္မ အစ္စလာမ်ဘာသာထဲ သွတ်သွင်းသလို သိမ်းပိုက်၊ သတ်ပစ်တာလည်းရှိတဲ့ အကြမ်းဖက် အဖွဲ့စစ်စစ်ပါ။

ဘိုကိုဟာရမ် အကြမ်းဖက်အဖွဲ့ဝင်အချို့ကို နိုက်ဂျီးရီးယား အစိုးရက ဖမ်းမိပါတယ်။ နိုက်ဂျီးရီးယား အစိုးရကတော့ ခပ်ကြမ်းကြမ်းဘဲ တုံ့ပြန်ပါတယ်။ ဖမ်းမိတဲ့ အကြမ်းဖက် အဖွဲ့တွေကို လက်ပြန်ုကြိုးတုတ် တူးထားတဲ့ကျင်းဘေးမှာ တစောင်းပေးအိပ်ပြီး အရှင် လတ်လတ် လည်ချောင်းကို ဓားနဲ့လှီး ကျင်းထဲကန်ချလိုက်တဲ့ ဗွီဒီယိုဖိုင်ကို MRTV ကလွှင့်သွားတာ ခင်ဗျားတို့ရဲတပ်ဖွဲ့တွေ သတင်းထုတ်ပြန်ရာမှာ နမူနာယူသင့်တယ်လို့ ထင်မိပါတယ်။ နိုက်ဂျီးရီးယားအစိုးရရဲ့ တရားစီရင်ရေးကတော့ ဘယ်လိုရှိတယ် လို့တော့ မသိဘူး။ ဘိုကိုဟာရမ်လို အကြမ်းဖက်အဖွဲ့အစည်းမှန် သော်လည်း ဒီလို လည်ချောင်းလှီးသတ်တဲ့ဖြစ်ရပ်မျိုးကိုတော့ ကမ္ဘာ့နိုင်ငံအတော်များများက လက်မခံ ကြပါဘူး။ ဒါပေမဲ့ သတင်းကိုတော့ အရှိကို အရှိအတိုင်း တင်ပြနိုင်မှသာ သံသယရှင်း နိုင်ကြမှာပါ။

မည်သို့ပင်ဆိုစေ ကောင်းကျိုးလုပ်နေသူတွေရှိနေသလို၊ အဖျက်အမှောင့် လုပ်ဆောင် နေသူတွေလည်း ရှိနေမှာပါဘဲ။ အကျိုးရှိသော သတင်းများသာဖြစ်ပါစေလို့ ဆုတောင်း မိပါကြောင်း။

No comments:

Post a Comment