အတွေးစိတ်ကူးတစ်ခုကို
ပုံဖော်ခဲ့ခြင်းသာဖြစ်ပြီး
မည်သူ့ကိုမျှ ထိခိုက်စေလိုသည့် စေတနာမရှိပါ ကြောင်း စာဖတ်သူများအား ကြိုတင်အသိပေး တောင်းပန်အပ်ပါသည်။
July
29, 2014
ဘီလူးကျွန်းသား
ဗာလမျောက်နဲ့
သူညီမ မယ်အတ္တတို့ မြို့က ပြန်ရောက်လာပြီးနောက်တစ်နေ့စောစောမှာ ကျုပ်တို့ ရွာသူကြီးက
ကျုပ်ဆီ ပေါက်ချလာပါလေရောဗျာ။ ရွာသူကြီးက ကျုပ်ကိုတွေ့တော့ “ဟေ့ကောင်....... အနွတ္ထ....နေကောင်းရဲ့လား”လို့
မေးပါလေရော....အဲဒီလိုမေးတော့ ကျုပ်စိတ်ထဲမှာ သူကြီးတော့ ငါ့ဆီကို အကြောင်းမဲ့ မလာလောက်ဘူး....တစ်ခုခုတော့...တစ်ခုခုပဲလို့
တွေးမိတယ်ဗျ။
အဲဒါနဲ့
“သူကြီးခင်ဗျာ...ကျွန်တော့်ကို ဘာခိုင်းမလို့လဲဗျာ” ဆိုပြီး ပြန်မေးလိုက်တာပေါ့။ အဲဒီအခါကျမှ
သူကြီးက ဟိုကြည့် ဒီကြည့်လုပ်ပြီး လေသံတိုးတိုးနဲ့ “မင်းနဲ့တိုင်ပင်စရာရှိလို့ကွာ....
ပြီးတော့ .....မေးစရာလည်းရှိလို့ကွ”လို့ပြောတယ်။ ဒါကြောင့် ကျုပ်လည်း အိမ်ထဲမခေါ်တော့ပဲ....ခြံဝိုင်းထဲက
ကွပ်ပျစ်လေးဆီ ခေါ်သွားရတာပေါ့.....နှစ်ကောင်သား ကွပ်ပျစ်မှာ ထိုင်းရင်း “ကဲ...သူကြီး...ပြောပါ...
ဒါပီးရင်...ကျွန်တော် လယ်ထဲဆင်းရမယ်.....သူရင်းငှားတွေနဲ့လွှတ်ထားရတာ စိတ်မချဘူး”လို့
ပြောတော့.....သူကြီးက “အေးပါကွာ.....ဒါနဲ့ ဗာလတို့မောင်နှမ မြို့သူကြီးရုံးမှာ သွားတိုင်တဲ့ကိစ္စ
မင်းသိလား”လို့ ကျုပ်ကို တဲ့တိုးမေးချလိုက်တော့တာပဲ......ကျုပ်ကလည်း “သိပ်သိတာပေါ့....ညက
ဗာလက ကျုပ်ကို အကုန်လုံးပြန်ပြောပြတယ်လေ”လို့ ပြန်ဖြေလိုက်တာပေါ့....အဲဒီနောက် သူကြီးက
“ငါကွာ....မယ်အတ္တက ငါတို့ရွာမှာရတဲ့ ဆင်းကတ်ခွဲတမ်းကို မကျေနပ်လို့ သူတိုင်စာထဲမှာများ
ထည့် ထားလားလို့....အဲဒါသိချင်နေတာ”လို့ ကျုပ်ကို မသိမသာမေးမြန်းတော့တာပေါ့။ ကျုပ်ကလည်း
အမြင်ကပ်ကပ်နဲ့ “ပါတာပေါ့...သူကြီးရယ်....မယ်အတ္တက အဲဒီကိစ္စတင်မကဘူး မီးမလာဘဲနဲ့ မီတာခဆောင်ရတဲ့ကိစ္စ၊
လမ်းမပြင်ဘဲ ပိုက်ဆံကောက်ထားတဲ့ကိစ္စ၊ မျောက်အထက်တန်း ကျောင်းပြင်တဲ့ကိစ္စ၊ မျောက်ကျေးလက်ဆေးပေးခန်းအတွက်
အလှူငွေကောက်တဲ့ကိစ္စ၊ အမတော် ကြေး ပိုကောက်တဲ့ကိစ္စ၊ လယ်သမားတွေ စပါးလာသွင်းရင် စပါးဒိုင်က
ကတ္တားကို အလေးချိန် လျှော့ထားတဲ့ကိစ္စ၊ မျောက်အထက်တန်းကျောင်းက ဆရာမတွေ ကျောင်းမှာစာမသင်ဘဲ
အိမ်ကျမှ ကျူရှင်ဖွင့်ပြီး သင်တဲ့ကိစ္စ၊ ကျေးလက်ဆေးပေးခန်းက သန့်ရှင်းရေးသမက သူနာပြုတက်လုပ်
နေတဲ့ကိစ္စ၊ သားဖွားဆရာမက ဆရာဝန်မဟုတ်ဘဲနဲ့ ရွာလှည့်ဆေးကုနေတဲ့ကိစ္စ၊ အဆိုးဆုံးကတော့
သူကြီးအကြောင်းပဲ..... သူကြီးက ဆင်းကတ်တွေကို သူကြီးအမျိုးတွေအကုန်လုံးပေးပြီးတဲ့အပြင်
လက်ထဲမှာ ၁၀ ကတ် လောက်ကိုင်ထားပြီး မြို့တက်၊ ကာရာအိုကေဆိုင်သွား၊ အဲဒီက ကောင်မတွေကို
ပေးတဲ့အကြောင်း အကုန်လုံးပါတယ်၊ မယ်အတ္တအကြောင်းလဲ သူကြီး သိသားပဲ....သူက မကျေနပ်ရင်
သေသေချာချာ လေ့လာမှတ်သားထားတာဗျာ၊ ခုတော့ သူ့အကိုကို မကျေနပ်သလိုလိုနဲ့ သူကြီးတို့ကို
တွယ်တာဗျ” လို့ ကျုပ်လဲ နောက်ဆုံးပိတ်ကလေးမှာ အချွန်နဲ့ မလိုက်ပါလေရော။ ဒါကလည်း ကျုပ်အကြံနဲ့
ကျုပ်ဗျ ....ဟဲ....ဟဲ။
အဲဒီမှာတင်
“သူကြီး မနေနိုင် မထိုင်နိုင်ဖြစ်ပြီ၊ ဟာ...ဒါဆိုရင်တော့ မြို့သူကြီးတော့ ငါ့ကို တွယ်
တော့မှာပဲ။ ဒုက္ခပဲကွာ....ဘယ်လိုလုပ်ရင်ကောင်းမလဲ အနွတ္ထရဲ့....ငါ့ကို အကြံလေး ဘာလေးပေး
အုံးကွာ” လို့ ဆိုတာပေါ့။ အဲဒီမှာ ကျုပ်အကွက်ဆိုက်ပြီပေါ့။ “ဟာ...သူကြီးကလည်း မြို့သူကြီးရုံးက မျောက်ရုံးအုပ်ကြီးဆီကို သွားပြီး
တီးကြည့်ခေါက်ကြည့်ပေါ့ဗျ...အခြေအနေလေးသိထားရင် ကြိုတင် ပြင်ဆင်လို့ ရတာပေါ့” လို့
ကျုပ်က ပြန်လဲပြောလိုက်ရော....သူကြီးက “ဟာ...ဟုတ်တယ်၊ ငါမြို့တက် မယ်၊ မင်းလဲ လိုက်ခဲ့၊
ဘာဖြစ်လို့လဲဆိုတော့ မျောက်ရုံးအုပ်ကြီးနဲ့ မင်းနဲ့က အရမ်းရင်းနှီးတယ်လေ” ....ဆိုပြီး
ပြောတော့တာပဲ။
အဲဒီမှာတင် ကျုပ်အကွက်ဝင်သွားပြီ။
“သူကြီး...မြို့တက်လိုက်ရမှာက
ပြဿနာမဟုတ်ဘူး၊ ကျုပ်မှာ မျောက်ပိုက်ဆံမရှိဘူး၊ စပါးမျိုးဖိုး၊ ဓာတ်မြေသြဇာဖိုး၊ မျောက်ကောက်စိုက်သမဖိုး၊
ဘာဖိုး ညာဖိုးနဲ့ ကျုပ်မှာ စုထားဆောင်းထားတာ လေးတွေ ပြောင်းသလင်းခါနေပြီ၊ ကုန်ကျစရိတ်ကို
သူကြီးစိုက်ရင် ကျုပ်လိုက်ပြီး ခိုင်းတာလုပ်ပေး ပါ့မယ်....ဒါပေမယ့် ညနေစောင်းရင်တော့.....ကျုပ်ကြိုက်တတ်တာလေးကိုတော့
သူကြီးလုပ်ပေး ရမယ်နော်.....”လို့လဲပြောရော......သူကြီးက “အေးပါကွာ...မင်းကုန်ကျစရိတ်အားလုံး
ငါတာဝန်ယူ မှာပါကွ”လို့ ပြန်ပြောတယ်။ ဒါနဲ့ အဲဒီနေ့မှာပဲ သူကြီးနဲ့ကျုပ် သဘောတူပြီး
မြို့တက်ကြတာပေါ့ဗျာ။
အပိုင်း(၃)မျှော်


No comments:
Post a Comment