အတွေးစိတ်ကူးတစ်ခုကို
ပုံဖော်ခဲ့ခြင်းသာဖြစ်ပြီး
မည်သူ့ကိုမျှ ထိခိုက်စေလိုသည့် စေတနာမရှိပါ ကြောင်း စာဖတ်သူများအား ကြိုတင်အသိပေး တောင်းပန်အပ်ပါသည်။
July
26, 2014
ဘီလူးကျွန်းသား
တစ်ကယ်တော့ ကျုပ်ဟာ သေခါနီးမျောက်တစ်ကောင်ပါဗျာ...ခင်ဗျားတို့သိအောင် ကျုပ်သိထားတဲ့ အကြောင်းလေးကိုတော့
ပြန်ပြီးပြောပြခွင့်ပြုကြပါဗျာ။ တစ်ချို့လည်း
သိချင် သိကြမှာပါ။ ဘာပဲ ဖြစ်ဖြစ်။ နားထောင်ချင်ချင် မထောင်ချင်ချင် ကျုပ်ပြောတာလေးကိုတော့
သည်းခံခွင့်လွှတ်ပြီး နားထောင်ပေးကြပါဗျာ....နော်........။
တစ်ခါတုန်းကပေါ့ဗျာ...စင်္ကြာဝဠာကြီးအတွင်းက ဂြိုဟ်ကြီးတစ်လုံးပေါ်မှာ
မျောက်များကြီးစိုးတဲ့
မျောက်တိုင်းပြည်ကြီးတစ်ခုရှိခဲ့သတဲ့။
သယံဇာတတွေပေါကြွယ်ဝပြီး
ရေမြေ ရာသီဥတုကလည်း မျှတတော့ ပြည်သူပြည်သားမျောက်များဟာ
ဆင်းရဲပေမယ့် အတော့်ကို စိတ်ချမ်းသာစွာနဲ့ မျောက် တိုင်းပြည်ကြီးထဲမှာ
ပျော်မွေ့နေကြလေသတဲ့။
မျောက်တိုင်းပြည်ကြီးဟာ
မျောက်ပြည်နယ် ပေါင်း(၁၀)ပြည်နယ်နဲ့ ဖွဲ့စည်းထားတာဗျ။ ရွာကြီး(၁၀)ရွာပေါင်းပြီး မျောက်မြို့နယ်တစ်ခု၊ မျောက် မြို့နယ်(၁၀)မြို့နယ်ပေါင်းပြီး မျောက်ခရိုင်တစ်ခု၊ မျောက်ခရိုင်(၁၀)ခရိုင်ပေါင်းပြီး မျောက်ပြည်နယ် တစ်ခု စသည်ဖြင့် ဒီလိုဖွဲ့ထားတာဗျ။
ဒါပေမယ့် တစ်နေ့ မျောက်တိုင်းပြည်ကြီးကို
အုပ်ချုပ်မင်းလုပ်တဲ့
မျောက်ဘုရင်ကြီး နတ်ရွာစံ ပါလေရောဗျာ။
အဲဒီအခါ မျောက်ဘုရင်ကြီးအပါးမှာ
ကပ်မြှောင်စားနေတဲ့ မျောက်မှူးမတ်တွေဟာ နောက်ထပ် မျောက်ဘုရင်တစ်ပါးကို
တင်မြှောက်ကြသတဲ့။ အဲဒီမျောက်မှူးမတ်တွေဟာ
မျောက် ပြည်နယ်ကြီး(၁၀)ခုကို ကိုယ်စားပြုထားတဲ့ မျောက်မှူးမတ်တွေပေါ့။
သူတို့အထဲမှာ မျောက်တိုင်းပြည် အကျိုးကို
လိုလားတဲ့ မျောက်မှူးမတ်တွေက အနည်းစုပဲရှိတာဆိုတော့
မျောက်ကပ်ဖားမှူးမတ် အများစုကလိုလားတဲ့
မျောက်ဘုရင်တစ်ပါးပဲ မင်းလုပ်အုပ်ချုပ်ခွင့်ရသွားခဲ့တာပေါ့ဗျာ။
ထားပါ တော့........ကျုပ် ပြောချင်တာက တစ်ခြားအကြောင်းအရာပါ။
အဲဒီမျောက်တိုင်းပြည်ထဲက
မထင်မရှားတောအုပ်ကလေးတစ်ခုအတွင်းမှာ
သာယာကုန်းလို့ အမည် ရပြီး မျောက်ဦးရေအလွန်ပေါတဲ့
မျောက်အိမ်ခြေ(၁၀၀၀)ကျော်လောက်ရှိတဲ့ မျောက်ရွာလေးတစ်ရွာ ရှိပါတယ်။
ကျုပ်လဲ အဲဒီရွာက မျောက်တစ်ကောင်ပါပဲ။ အဲဒီမျောက်ရွာလေးထဲမှာ
ဗာလလို့အမည်ရတဲ့ မျောက်တစ်ကောင် နေထိုင်ပြီး ရိုးရိုးသားသား ခြံစိုက်စားနေသတဲ့။ ဗာလမျောက်က မျောက် လူပျိုကြီးပေါ့ဗျာ၊
သူ့မှာ အိမ်ထောင်ကျပြီး စားအိုးခွဲသွားတဲ့ မယ်နုံအနဲ့ မယ်အတ္တဆိုတဲ့ မျောက်ညီမ နှစ်ကောင် ရှိတယ်ဗျ။
တစ်နေ့တော့ ဗာလမျောက်ဆီကို မျောက်ပွဲစားတစ်ကောင်လာပြီး
ဗာလပိုင်တဲ့ ခြံထဲက မြေ အနည်းငယ်ကို ရောင်းချပေးဖို့ လာစပ်ပါလေရော။ ဗာလမျောက်ကလည်း သူ့ခြံထဲက မြေ အနည်းငယ်ရောင်း၊ ရလာတဲ့ငွေကလေးနဲ့ သူ့တူတော်တဲ့ မယ်နုံအက မွေးတဲ့ အရွယ်ရောက် မျောက်ကလေးနှစ်ကောင်ကို
လုပ်ခလစာပိုရတဲ့ တစ်ခြားမျောက်တိုင်းပြည်တွေဆီပို့၊
အဲဒီမှာ အလုပ်လုပ်ခိုင်း၊ အဲဒီမျောက်ကလေးတွေက ပို့တဲ့ပိုက်ဆံနဲ့ ဒီမှာ ခြံမြေ၊ လယ်မြေတွေ ထပ်ဝယ်ပြီး စီးပွားရေးတိုးချဲ့ဖို့
စဉ်းစားမိသတဲ့။
ဒါနဲ့ ဗာလမျောက်က မျောက်ပွဲစားကို “ကောင်းပီ။ ငါ့ခြံထဲက ပေ ၁၀၀ ပတ်လည်မြေ တစ်ကွက်ကို မျောက်ပိုက်ဆံ သိန်း ၁၀၀ နဲ့ ရောင်းမယ်ကွာ။ မင်းမှာ ၀ယ်လက်ရှိရင် ငါ့ကို စပ်ပေးပါ”လို့ ပြောသတဲ့။
အဲဒီမှာ အကွက်ချောင်းနေတဲ့ မျောက်ပွဲစားက “ဗာလ ၊ မင်းစိတ်မပူနဲ့ ငါ့မှာ ၀ယ်လက်ရှိ ပြီးသား၊ မင်းဘက်ကနဲ့ ၀ယ်လက်ဘက်ကပေါင်းပြီး
ငါ့ကို ပွဲစားခ ၃ ရာခိုင်နှုန်းပေး၊ အလုပ်ဖြစ်အောင် ငါ try ပေးမယ်၊ မင်းသဘောတူလား”လို့ ပြန်မေးသတဲ့။ ဒါနဲ့ပဲ ဗာလမျောက်က “ကောင်းပီ မျောက်ပွဲစား၊ ငါသဘောတူပါတယ်”လို့ ပြန်ဖြေလိုက် သတဲ့။
တစ်နေ့တော့ မျောက်ပွဲစားက ၀ယ်လက်ကိုခေါ်လာပြီး ဗာလမျောက်ဆီ ရောက်လာပါ တယ်။ ပြီးတော့ ခြံမြေအရောင်းအ၀ယ်လုပ်ဖို့
ပြောကြဆိုကြပြီး စာချုပ် ချုပ်ကြတာ ပေါ့ဗျာ။
အဲဒီအခါမှာ မျောက်ပွဲစားက “စာချုပ်ဆိုတာ တစ်ဖက်ကို သက်သေအနည်းဆုံး မျောက် ၂ ကောင်ပါရမယ်။ ပြီးတော့ မျောက်ရွာသူကြီး (အခုခေတ်ဆိုရင် မျောက်ရွာ အုပ်ချုပ်ရေးမှူးခေါ်မလားပဲ) ရှေ့မှောက်မှာ
နှစ်ဖက်အသိသက်သေတွေနဲ့
လက်မှတ် ရေးထိုးမှ တရားဝင်မှာကွ” လို့ ပြောတော့။ ဗာလမျောက်ကလည်း “အဲဒါဆိုလည်း မျောက်ရွာသူကြီးကို သွားပင့်တာပေါ့”ဆိုပြီး မျောက်ရွာ သူကြီးကို သွားပင့်တယ်ဗျ။
အဲဒီအချိန်မှာ မျောက်ရွာသူကြီးက လယ်ထဲကတက်လာပြီး မျောက်ရွာသူကြီးရုံးခန်းမှာ
မောမောနဲ့ ထိုင်နေတဲ့အချိန်။ ပြီးတော့ အပိုဝင်ငွေရအောင် ဘယ်လိုရှာရမလဲ၊ မျောက် သား၊ သမီးတွေကလည်း မျောက်တက္ကသိုလ် တက်နေပြီဆိုတော့ လယ်ကရတဲ့ငွေက မလောက်ဘူး၊ အကြံအဖန်တော့ လုပ်ရဦးမယ်ဆိုပြီး
စဉ်းစားနေတဲ့အချိန်ဗျ။
ဗာလမျောက်လာတာကိုတွေ့တော့
မျောက်ရွာသူကြီးက “ဟေ့ကောင် ဗာလ၊ မင်းဘာလာလုပ် တာလဲ”လို့မေးတော့တာပေါ့။ အဲဒီမှာ ဗာလမျောက်က အကျိုးအကြောင်းရှင်းပြပြီး
မျောက်ရွာသူကြီးကို ပင့်လာတာပေါ့။ မျောက်ရွာသူကြီးကလည်း
ဘာပဲဖြစ်ဖြစ် အပိုဝင်ငွေတော့ရပြီဆိုပြီး
ချက်ချင်း လိုက်ချ လာတယ်ဆိုပါတော့ဗျာ။
အဲဒီနောက် ဗာလမျောက်နေတဲ့အိမ်ရောက်တော့
အရောင်းအ၀ယ်လုပ်၊ စာချုပ်ချုပ်၊ လက်မှတ်ထိုး၊ အဲဒါတွေအားလုံးပြီးတော့
မျောက်ပွဲစားက ၀ယ်လက်ရော၊ ရောင်းလက်ရော နှစ်ဖက်စလုံးဆီက ပေါင်းပြီး
ပွဲစားခ ၃ ရာခိုင်နှုန်းယူတယ်။ မျောက်ရွာသူကြီးကလည်း
နှစ်ဖက်စလုံးကို အသိသက်သေ လုပ်ပေးရတယ်၊
ပြဿနာတက်ရင် သူလည်း ပါမှာဆိုပြီး နှစ်ဖက်စလုံးဆီက မျောက်ပိုက်ဆံ ၅ သောင်းစီ တောင်းတော့တာပဲ။ အရောင်းအ၀ယ်လုပ်တဲ့ ရိုးသားတဲ့မျောက်နှစ်ကောင်ဟာလဲ
“အော်...
ဟုတ်သားပဲ...ဒါ ပေးသင့်တာပေါ့”ဆိုပြီး ကြည်ကြည်ဖြူဖြူပဲ ပေးလိုက်ကြရတာပေါ့။
သိပ်မကြာပါဘူးဗျာ....ဗာလမျောက်ရဲ့ ညီမတစ်ကောင်ဖြစ်တဲ့ မယ်အတ္တအမည်ရှိတဲ့ မျောက်မက အဲဒီခြံမြေဟာ ဗာလတစ်ကောင်ထဲ ပိုင်တာမဟုတ်ဘူး၊ ငါလည်းပိုင်တယ်ဆိုပြီး
ပြဿနာရှာ၊ မျောက် ရဲစခန်းမှာ အမှုဖွင့် တိုင်တော့တာပဲ။
အဲဒါနဲ့ မျောက်ရဲစခန်းမှူးကလည်း
အမှုဖွင့်မယ်ဆိုရင်တော့
နှစ်ဖက်စလုံး အာမခံ ငွေတင်ကြလို့ဆိုပြီး ဗာလနဲ့ မယ်အတ္တ မျောက်မောင်နှမနှစ်ကောင်ဆီက
တစ်ဖက်ကို မျောက်ပိုက်ဆံ ၅ သောင်းစီ တောင်း တော့တာပဲ။ ရိုးသားတဲ့ မျောက်မောင်နှမ နှစ်ကောင်ဟာလည်း မျောက်ရဲစခန်းမှူးကို
မျောက်ပိုက်ဆံ ၅ သောင်းစီ ထုတ်ပေးလိုက်ရရှာတယ်ဗျာ။
တကယ်တော့....ပြဿနာရဲ့အစက ကျုပ်သိတယ်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ ဗာလက ကျုပ်သူငယ် ချင်း၊ သူက ခြံစိုက်၊ ကျုပ်က လယ်လုပ်၊ ညနေစောင်းရင် မျောက်အရက်ဖြူ ဆိုင်မှာ တူတူသောက်၊ ဒီလိုနဲ့ အရွယ်ရောက်လာတဲ့ မျောက်နှစ်ကောင်ဆိုတော့
တစ်ကောင်အကြောင်းကို တစ်ကောင်က အတွင်းသိ၊ အစင်းသိပေါ့ဗျာ။
ပြဿနာရဲ့အစက ဒီလိုဗျ။ ခင်ဗျားတို့လဲ သိမှာပါ၊ ကျုပ်တို့မျောက်တိုင်းပြည်မှာ
ခုဆိုရင် ဆက်သွယ် ရေးပိုင်းကို
တစ်အားကြီး မြှင့်နေတယ်ဗျ။ ကျေးလက်ဒေသတွေအထိ ဆက် သွယ်ရေးကောင်း အောင်လို့ GSM တို့ CDMA တို့ကို လစဉ် လစဉ် ခွဲတမ်းနဲ့ ချပေးနေတာဗျ။ အဲ...ကျုပ်တို့ မျောက် ကျေးရွာအဆင့်ကတော့ဗျာ...တစ်လကို ၂၀၀ မျိုး၊ ၃၀၀ မျိုး ခွဲတမ်းရတော့။ မဲနှိုက်ရတာပေါ့ဗျာ။ ခုဆိုရင် ၅ ခါတောင် မဲနှိုက်ပြီးပြီဗျ။ ဒါပေမယ့် ကျုပ်နဲ့ မယ်အတ္တတို့ကတော့ မျောက်အိမ်ခြေ (၁၀၀၀) ကျော်လောက်ရှိတဲ့အထဲမှာ
တစ်ခါမှ မဲမပေါက်သေးဘူးဗျာ။ အံ့သြစရာတော့ကောင်းတယ်။
ဘယ်လို မဲနှိုက်ကြတာ လဲမသိဘူး။
ဒီနေရာမှာ ကျုပ်နဲ့ မယ်အတ္တနဲ့ကွာတာရှိတယ်။
မယ်အတ္တက GSM, CDMA ဆင်းကတ်တွေ မျောက် မြို့နယ်က ချပေးတယ်ဆိုတဲ့သတင်းကြားတာနဲ့
သူက မျောက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး (အော်မှား လို့... မျောက်ကျေးရွာသူကြီးရုံးလို့ပြင်ဖတ်ဗျာ)
နားက မခွာဘူး။ ညနေစောင်းဆို အဲဒီရုံးနားမှာ မယောင်မလည်နဲ့ သွား သွားနေတာ။ မျောက်ကျေးရွာသူကြီးရုံးက
မျောက်ရုံးလုလင်တွေ၊ ပွဲစားတွေ မျောက်ခြေကျင်းလိမ်နေတာ၊
မျောက်ကျေးရွာသူကြီးက
တစ်လ တစ်လကို ဆင်းကတ် ၅ ခုလောက် သူ့မျောက်ဆွေမျိုးတွေကို
မဲပေါက်တယ်ဆိုပြီး တိတ်တိတ်ခိုးပေးတာတွေ၊
မြို့တက်ပြီး ကာရာအိုကေ ဆိုင်က မျောက်မတွေကို GSM ဆင်းကတ်ပေးတာတွေကအစ မယ်အတ္တ ကသိတယ်ဗျ။ ဒါကို မယ်အတ္တက မကျေနပ်ဘူး။ ဒါပေမယ့်လည်း မျောက်ကျေးရွာသူကြီးရုံးက
မျောက်အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက
မဲနှိုက်ပြီး ပေါက်လို့ပေးတာပါဆိုပြီး
ဖင်ပိတ်ငြင်းတော့ မယ်အတ္တခင်ဗျာ....အားမတန် မာန်လျော့ခဲ့ရပေါင်းလည်း
များပြီဆိုပါတော့။
နောက်တစ်ခု။ မျောက်ကျေးရွာသူကြီးက
ကျေးရွာမီးလင်းရေးဆိုပြီးတော့
မျောက်တစ်အိမ်တစ်အိမ်ကို
မျောက်ပိုက်ဆံ ၅ သောင်းစီ ကောက်ခံထားတာလည်း ရှိတယ်ဗျ။ ဒါပေမယ့်....ရွာထဲက မျောက် တွေက မျောက်ထူမျောက်ထ ပုဂ္ဂလိကမီးစက်ကပေးတဲ့
မီးနဲ့ပဲ ဒီနေ့ထိ နေနေကြရတာပဲ။ ဒါကိုလည်း မယ်အတ္တက မကျေနပ်ဘူး။ သူက စီးပွားရေး သိပ်အဆင်မပြေဘူးလေ။ တကယ်တော့ ရွာထဲက ဘယ် မျောက်မှ စီးပွားရေးအဆင်ပြေတာမဟုတ်ပါဘူး။
ကျန်တာတွေရှိသေးတယ်။ ကျေးရွာလမ်းကို ကတ္တရာ ခင်းဖို့၊ ကျေးရွာမှာရှိတဲ့ မျောက်ကျေးလက်ဆေးပေးခန်းမှာ
လိုအပ်တဲ့ဆေးပစ္စည်းတွေဝယ်ဖို့၊
မျောက် အထက်တန်းကျောင်းပြင်ဖို့၊
မျောက်ဘာသာရေးပွဲတော်ကျင်းပဖို့
စတဲ့ စတဲ့ ခေါင်းစဉ်တွေနဲ့လည်း မျောက်ပိုက်ဆံတွေ ကောက်ထားတာရှိသေးတယ်။
ဒါတွေအားလုံးကို မယ်အတ္တက ကျုပ်ကိုပြောမှ ကျုပ်လည်း ပြန်အမှတ်ရမိတာ။ တစ်ခြားမမှတ်မိတာတွေရှိဦးမယ်။
ထားပါတော့ဗျာ။ ဗာလနဲ့မယ်အတ္တ တို့အကြောင်းကိုပဲ
ဆက်ပြောတော့မယ်။
ပထမပိုင်းတော့ မျောက်ရွာသူကြီးက ဗာလနဲ့မယ်အတ္တ မျောက်မောင်နှမနှစ်ကောင်ကို
ညှိပေးသေး တယ်။ ဒါပေမယ့် နှစ်ဖက်စလုံးက ဒေါသတွေနဲ့ ဘယ်လိုမှ ညှိနှိုင်းပေးလို့မရဘူး။
အဲဒါနဲ့ပဲ မျောက်မြို့ သူကြီးဆီရောက်သွားပါလေရော။
မျောက်မြို့သူကြီးကလည်း
အသောက်အစား၊ အပျော်အပါး တစ်အားမက်တဲ့ မျောက်။ ခုခေတ် လိုဆိုရင် နိုက်ကလပ်တို့၊ ကာရာအိုကေတို့၊ အနှိပ်ခန်းတို့၊ ပြည့်တန်ဆာ အိမ်တို့လိုနေရာမျိုးတွေကို
တစ်ပတ်တစ်ခါ သွားတဲ့မျောက်ဗျ။ မျောက်သားကြီး၊ သမီးကြီးတွေရှိတဲ့အပြင်
တိတ်တိတ်ပုန်း မျောက် မိန်းမငယ်တစ်ကောင်လည်း
ရှိတယ်ဗျ။ မျောက်မြို့သူကြီးရဲ့
သား၊သမီးတွေဟာလည်း မျောက် တက္ကသိုလ်တတိယနှစ်နဲ့စတုတ္ထနှစ်ဆိုလား
ဘာလားပဲ..ထားပါတော့...ကျုပ်က ဖင်ထဲ ရွံ့တစ် ပိဿာ လောက်ဝင်မှ
ထမင်းစားရတဲ့ မျောက်တောသားဆိုတော့ သိပ်မသိဘူး။ ကျုပ်သိသလောက်ပဲ ပြန် ပြောပြတာ။
ဗာလနဲ့မယ်အတ္တတို့ဟာ မျောက်မြို့သူကြီးရုံးနားကို
သူ့အစုနဲ့သူ အသီးသီးရောက်လာ ကြတာပေါ့ဗျာ။ အဲဒီအချိန်မှာ မျောက်မြို့သူကြီးရုံးက
မျောက်ရုံးလုလင်က သူတို့ဆီလာပြီး “ဘာဖြစ်ကြတာလဲ ...ဘာလုပ်မလို့လဲ” စသဖြင့် မေးမြန်းတာပေါ့။ ဒါနဲ့ မျောက်မောင် နှမနှစ်ကောင်က သူတို့ရဲ့ ခံစား ချက်တွေကို အသီးသီးပြောပြပြီး တိုင်မယ်ပေါ့ဗျာ။
ဒီအခါမှာ မျောက်မြို့သူကြီးရုံးက
မျောက်လုလင်က “ဒီလိုမရဘူး၊ ရုံးလုပ်ငန်းဆိုတာ အင်မတန် အရေးကြီးတယ်။
စာတစ်လုံး၊ ဘုရားတစ်ဆူဆိုတဲ့စကားလည်းရှိတာ
ခင်ဗျားတို့ သိသားပဲ။ အဲဒီတော့ နှစ်ဖက်စလုံး တိုင်ချက်ဖွင့်တဲ့လျှောက်လွှာတင်၊
အဲဒီလျှောက်လွှာပုံစံကို
ကျုပ်ဆီက တစ်စောင် မျောက်ပိုက်ဆံ ၅၀၀၀ နဲ့ဝယ်” ဆိုပြီးပြောတော့ အင်မတန်ရိုးသားတဲ့ မျောက်မောင်နှမ နှစ်ကောင် ဟာလည်း
မျောက်ပိုက်ဆံ ၅၀၀၀ နဲ့ လျှောက်လွှာဝယ်၊ ဖြည့်၊ ပြီးတော့ မျောက်ရုံးစာရေးဆီကို
တင်ကြ တာပေါ့။ မျောက်ရုံးစာ ရေးဆီရောက်တော့။ ဒီလိုမရဘူး။ စာရွက်စာတမ်းကြေးပေးရမယ်
ပြောပြန် ရော။ ဒါနဲ့ပဲ မျောက်မောင်နှမနှစ်ကောင်ဟာ
တစ်ကောင်ကို မျောက်ပိုက်ဆံ ၅၀၀၀ စီ ထပ်ပေးလိုက် ရပြန်ရော။
အဲဒီနောက် မျောက်မောင်နှမနှစ်ကောင်ရဲ့လျှောက်လွှာတွေဟာ
မျောက်ရုံးအုပ်ကြီးဆီရောက်ပြန် ရော။
မျောက်ရုံးအုပ်ကြီးက “ဒီလိုမရဘူး၊ မျောက်မြို့သူကြီးဆီကိုတင်ဖို့
မျောက်အရာရှိရဲ့ ထောက် ခံချက်လက်မှတ်လိုတယ်။
ဒါကြောင့် ခင်ဗျားတို့နှစ်ကောင်ပေါင်းပြီး
ကျုပ်အရာရှိအတွက် တယ်လီဖုန်း ငွေဖြည့်ကတ်တစ်ခု၊
ကျုပ်အတွက် တစ်ခု ၀ယ်ပေးရမယ်၊ ပိုက်ဆံတောင်းရင် ခင်ဗျားတို့က ကျုပ်တို့ကို လာဘ်စားတယ်ဆိုပြီး တိုင်နေဦးမယ်၊ နောက်ပြီး သေချာမှတ်ထား၊ ကျုပ်တို့ မျောက်တွေက ဘယ် တော့မှ လက်ဘက်ရည်မသောက်ဘူး၊ ဒါကြောင့် လက်ဘက်ရည်ဖိုးလည်း ဘယ်မျောက်ကိုမှ မပေးနဲ့” လို့ ဆိုပြန်ရော။ ဒီလိုနဲ့ပဲ မျောက်မောင်နှမလည်း မျောက်ပိုက်ဆံ ၅၀၀၀ စီ ထပ်ပေးလိုက်ရပြန်ရောဗျာ။
ဒါနဲ့ပြောရဦးမယ်။ ကျုပ်တို့မျောက်တိုင်းပြည်မှာ
၅၀၀၀ တန်နဲ့ ၁၀၀၀၀ တန်ဆိုပြီး တယ်လီဖုန်းငွေ ဖြည့်ကတ်
နှစ်မျိုးရှိတယ်ဗျ၊ ခင်ဗျားတို့ တိုင်းပြည်မှာ ဘယ်လိုရှိလဲတော့မသိဘူး။

အဲဒီနောက် မျောက်ရုံးအုပ်ကြီးက “ဘယ်နေ့ ဘယ်အချိန်မှာ မျောက်မြို့သူကြီးနဲ့
ခင်ဗျားတို့ တွေ့ရ မယ်”ဆိုပြီး ချိန်းတယ်။ ဒါကြောင့် မျောက်မောင်နှမလည်း ကုပ်ကုပ်နဲ့အိမ်ပြန် ကြရတာပေါ့ဗျာ။ အဲဒီနေ့ က သူတို့ကုန်ကျစရိတ် ဘယ်လောက်ရှိတယ်မသိဘူး၊
ပြန်ရောက်လာတဲ့ ကျုပ်သူငယ်ချင်း ဗာလ မျောက်ကို ကျုပ်ကပဲ မျောက်အရက်ဖြူနဲ့ ဒကာခံလိုက်ရတယ်ဗျာ။