July 18, 2014
ရွှေမန်းတင်မောင်သား
MH370 ပျက်ကျပြီး သဲလွန်စ ရှာမရဖြစ်နေသော မလေးရှားနိုင်ငံအတွက် တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလို နောက်ထပ် လေကြောင်းခရီးစဉ် MH17 ရဲ့ကပ်ဆိုးကြီးတစ်ခုက မလေးရှားနိုင်ငံအတွက် ထပ်ဖြစ်ခဲ့ပြန်ပါပြီ။
နယ်သာလန်နိုင်ငံ အက်စတာဒမ်မြို့ကနေ မလေးရှားနိုင်ငံ ကွာလာလမ်ကပူသို့ ပျံသန်းထွက်ခွာလာသော မလေးရှားနိုင်ငံပိုင် ခရီးစဉ်အမှတ် MH17 လေယာဉ်ကြီးဟာ ခရီးသည် (၂၉၈)ဦးတင်ဆောင်ပြီး ထွက်ခွာလာစဉ် ရုရှားနိုင်ငံနဲ့ ယူကရိန်းနိုင်ငံနယ်စပ် အနီးမှာ ဒုံးကျည်နဲ့ပစ်ချခြင်းခံခဲ့ရပါတယ်။
လေယာဉ်ပျံသန်းတဲ့အမြင့်ပေဟာ ၃၃၀၀၀ ကျော်ရှိတဲ့အတွက် မြေပြင်ကနေ မိုင်နဲ့တွက် မယ်ဆိုရင် (၆)မိုင်ကျော် အလွန်တရာမြင့်မားတဲ့ အမြင့်ပေဖြစ်ပါတယ်။ ဒီလောက် မြင့်မားတဲ့ လေယာဉ်ကိုပစ်ချဖို့အတွက်ဆိုရင် နည်းပညာမြင့်မားတဲ့ ဒုံးကျည်အမျိုး အစား၊ ထောက်လှမ်းတဲ့ရေဒါတွေဟာ အဆင့်မြင့်မားမှသာ ဖြစ်နိုင်မှာပါ။
ဒါကိုတွက်ဆကြည့်ခြင်းအားဖြင့် တရားခံက (၂)ဦးဘဲရှိပါတယ်။ တစ်ဦးက အမေရိကန် သို့မဟုတ် နောက်တစ်ဦးက ရုရှားဘဲ ဖြစ်နိုင်ပါလိမ့်မယ်။ ဖြစ်တာက ယူကရိန်းနယ်စပ် အနီးမှာဖြစ်တာဆိုတော့ အကြမ်းဖျင်းအားဖြင့်တွက်ကြည့်ရင်တော့ အများက ယူကရိန်း ကနေ ခွဲထွက်ချင်တဲ့ ရုရှားထောက်ခံတဲ့ခွဲထွက်ရေးသမားတွေဘဲ လုပ်မယ်ဆိုတာ တွေး တောကြပါလိမ့်မယ်။
ယူကရိန်းခွဲထွက်ရေးသမားတွေကို ရုရှားက နည်းပညာမြင့်မားတဲ့ လက်နက်တွေ ထောက်ပံ့ထားတာဖြစ်လို့ ဒီလိုတွေးတောတာလဲ ဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်က အမေရိကန်နှင့် ရုရှားနိုင်ငံတို့သည် မည်သည့်အခါမှ တည့်မည်မဟုတ်သော ရန်သူတော်တွေဖြစ်ပါတယ်။ ဆိုဗီယက်ပြည်ထောင်စုကြီး ပြိုကွဲပြီးနောက် ယူကရိန်း၊ တာဂျစ်ကစ္စတန်၊ တာမင်နစ္စတန်အစရှိတဲ့ နိုင်ငံငယ်လေးတွေ ကွဲထွက်ခဲ့ပါတယ်။
အဲဒီနိုင်ငံငယ်လေးတွေကို နေတိုးစစ်အုပ်စုကလည်း စည်းရုံးပါတယ်။ အမေရိကန် ကလည်း စည်းရုံးပါတယ်။ ယူကရိန်းမှာ ဆိုဗီယက်ခေတ်က နည်းပညာ မြင့်မားတဲ့ လက်နက်တွေရှိသလို ရုရှားကို နိုင်ငံရေးသိက္ခာချချင်တဲ့ အမေရိကန်က ယူကရိန်းကို ထောက်ပံ့တာလည်း ဖြစ်နိုင်ပါတယ်။ အခုလည်း အမေရိကန်က ရုရှားကို စီးပွားရေးပိတ် ဆို့မှုတွေ ချမှတ်လိုက်ပြီဖြစ်ပါတယ်။
လေယာဉ်ပျက်ကျပြီး အမေရိကန်သမ္မတ ဘားရက်အိုဘားမားက ဒီလိုဖြစ်ရပ်ဟာ ဝမ်းနည်းဖွယ်ရာဟု ပြောဆိုခဲ့ပြီး အမေရိကန်နိုင်ငံသားတွေ ပါရှိခြင်းရှိ/မရှိ စစ်ဆေးစေခဲ့ ပါတယ်။ အမေရိကန်လို ဆက်သွယ်ရေးနည်းပညာ မြင့်မားတဲ့နိုင်ငံအဖို့ လေယာဉ် တစ်စင်းပေါ်မှာ မိမိနိုင်ငံသား ပါ/မပါဆိုတာကို မသိဘူးဆိုတာတော့ မဖြစ်နိုင်ပါဘူး။ လူကြားကောင်းအောင် ပြောဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
နောက်ဆုံးသေဆုံးသူ အရေအတွက်ကိုကြည့်လျင် ဒတ်ခ်ျလူမျိုး(၁၅၄)ဦး၊ မလေးရှားက (၄၃)ဦး၊ သြစတေးလျက (၂၇)ဦး၊ အင်ဒိုနီးရှားက (၁၂)ဦး၊ ဗြိတိန်က (၉)ဦး၊ ဂျာမဏီနဲ့ ဘယ်လဂျီယံက (၄)ဦးစီနဲ့ ဖိလစ်ပိုင်က (၃)ဦးနဲ့ ကနေဒါက (၁)ဦးတို့ဖြစ်ပါတယ်။ ဒါအပြင် နိုင်ငံအမည်မသိတဲ့ သေဆုံးသူ (၄၁)ဦးရှိပါသေးတယ်။ နိုင်ငံမသိတဲ့ အဲဒီလူ (၄၁)ဦးမှာ အမေရိကန်နိုင်ငံသားပါနိုင်တယ်လို့ စောဒကတက်စရာရှိပါတယ်။
မှန်ပါတယ်။ ဒါဆိုရင် မြေပြင်ကနေ (၆)မိုင်အကွာမှာ ပျံသန်းနေတဲ့ ဘာအန္တရာယ်မှ ပေးနိုင်ဖွယ်မရှိတဲ့ အရပ်ဘက်လေယာဉ်တစ်စင်းကို ဘာကြောင့်ပစ်ချခဲ့ပါသလဲ။ အရပ်ဘက်လေယာဉ်ဆိုတာလည်း မသိနိုင်စရာမရှိပါဘူး။ ခရိုင်းမီးယားကို ရုရှားတို့ ကျူးကျော်ဝင်ရောက်ပြီးကတည်းက အာရှနိုင်ငံများအားလုံးရဲ့ လေကြောင်းလိုင်းတွေ ဟာ ယူကရိန်းပိုင်နက်ကို ရှောင်ရှားပြီး မောင်းနှင်ကြပါတယ်။
သေချာတာကတော့ တရားခံသည် အဆင့်မြင့် လက်နက်နည်းပညာထောက်ပံ့တဲ့ ရုရှား သို့မဟုတ် အမေရိကန်သာဖြစ်ပါတယ်။ အခု မလေးရှားလေကြောင်းလိုင်းရဲ့ လေယာဉ် ကို ပစ်ချတဲ့လက်နက်သည် သာမန်အရပ်ဘက်လေယာဉ်ကိုမဆိုထားနဲ့ တိုက်လေယာဉ် ကိုတောင် မလွဲတမ်းပစ်ချနိုင်တယ်တဲ့ လက်နက်ဖြစ်တယ်ဆိုတာကိုတော့ မမေ့သင့် ကြောင်းလို့ ဆိုပါရစေ။

No comments:
Post a Comment