From Internet
ဘီလူးကျွန်းသား
ပခုံးထမ်းလေကြောင်းရန်ကာကွယ်ရေးစနစ်
(Man-portable Air Defence System-MANPADS သို့မဟုတ် MPADS) သည် မြေပြင်မှဝေဟင်ပစ်ဒုံးကျည်များ
(Surface-to-air missile) များအား ပခုံးပေါ်တင်၍ ပစ်ခတ်ရသည့် လောင်ချာစနစ်ပင်ဖြစ်သည်။
ပုံမှန်အားဖြင့် ပဲ့ထိန်းဒုံးလက်နက်များဖြစ်ကြပြီး အနိမ့်ပျံလေယာဉ်များ၊ အထူးသဖြင့်
ရဟတ်ယာဉ်များအား ခြိမ်းခြောက်နိုင်သည့်လက်နက်တစ်ခု ဖြစ်ပေသည်။
၁၉၄၅ ခုနှစ်အတွင်းက ရန်သူ့လေယာဉ်များရန်မှ
မိမိမြေပြင်တပ်ဖွဲ့များအား အကာ အကွယ်ပေးနိုင်ရေးအတွက် MANPADS များကို စတင်တီထွင်ထုတ်လုပ်ခဲ့ပါသည်။
စီးပွားရေးလေကြောင်းလိုင်းများအား ၄င်းလက်နက်သုံး၍ အကြမ်းဖက်တိုက်ခိုက်လာနိုင် ဖွယ်ရှိသည့်အတွက်
MANPADS များကို လူအများက သတိထားလာမိခဲ့ကြပါသည်။ MANPADS ပခုံးထမ်းဒုံးပစ်လောင်ချာများနှင့်
ဒုံးကျည်များအား လက်နက်ရောင်းဝယ် ရေးအရင်းအမြစ်များစွာတို့ထံမှ အလွယ်တကူဝယ်ယူရရှိနိုင်ပြီး
လွန်ခဲ့သည့်ဆယ်စုနှစ် သုံးစုအတွင်းကဖြစ်ပွားခဲ့သော စစ်ပွဲများအတွင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းများက
ယင်း MANPADS များကို အသုံးပြုခဲ့ကြပါသည်။
ရုရှား၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့အပါအ၀င်
နိုင်ငံပေါင်း ၂၅ နိုင်ငံတို့က MANPADS လေကြောင်းရန်ကာကွယ်ရေးစနစ်ကို ထုတ်လုပ်ခဲ့ကြပါသည်။
၎င်း MANPADS လက်နက်များသည် အရပ်ဘက်လေကြောင်းလိုင်းများအပေါ် ခြိမ်းခြောက် လာသည့်လက်နက်တစ်ခု
ဖြစ်လာသောကြောင့် ၄င်းလက်နက်များနှင့်ပတ်သက်၍ ပိုင် ဆိုင်မှု၊ တင်ပို့ရောင်းချမှုနှင့်
တရားမ၀င်ကုန်သွယ်မှုကိစ္စရပ်တို့တွင် တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခဲ့ကြပါသည်။ သို့သော်
ယင်းထိန်းချုပ်မှုများမှာ လုံးလုံးလျားလျား အောင်မြင် ခြင်းမရှိခဲ့ပေ။
MANPADS တွင် အသုံးပြုသည့်ဒုံးကျည်များသည်
ထုတ်လုပ်သည့်ပုံစံများအပေါ်မူတည် ၍ အလျား ၁.၅ မီတာမှ ၁.၈ မီတာ (၅ ပေမှ ၆ပေ)ခန့်ရှည်လျားပြီး
အလေးချိန် ၁၇ ကီလိုဂရမ်မှ ၁၈ ကီလိုဂရမ် (၃၇ ပေါင်မှ ၄၀ ပေါင်)ခန့်ရှိကြပါသည်။ မြေပြင်မှဝေဟင်
ပစ် ပခုံးထမ်းလောင်ချာစနစ်ဖြစ်သောကြောင့် ပစ်မှတ်အား ထိတွေ့သိရှိနိုင်မှုအကွာ အဝေမှာ
၁၀ ကီလိုမီတာ (၆ မိုင်)ခန့်အတွင်းဖြစ်ပြီး ပစ်မှတ်အား ပစ်ခတ်နိုင်မှုအကွာ အဝေးမှာ ၆
ကီလိုမီတာ (၄ မိုင်)ခန့်ဖြစ်သည်။ ထို့ကြောင့် လေယာဉ်များအနေဖြင့် အမြင့် ၆၁၀၀ မီတာ
(ပေ၂၀၀၀၀) (၃.၈ မိုင်) (သို့မဟုတ်) ထို့ထက်ပိုမိုမြင့်မားစွာပျံသန်း ခဲ့လျှင်
MANPADS များ၏အန္တရာယ်မှ လွတ်ကင်းနိုင်ပေသည်။
ပခုံးထမ်းလောင်ချာစနစ်သုံး
ဒုံးကျည်အမျိုးအစားများ
(က) ပဲ့ထိန်းမဲ့ဒုံးကျည် ။ ရိုးရှင်း၍ ထိရောက်မှုရှိသည့်
တင့်ဖျက်လက်နက် Panzerfaust ၏ အခြေခံသဘောတရားများကိုယူ၍ Fliegerfaust အမည်ရှိ ဒုံး
ပစ်ပြွန်များစွာပါဝင်သော ၂၀ မီလီမီတာ ပဲ့ထိန်းမဲ့ဒုံးပစ်လောင်ချာစနစ်အား နာဇီ ဂျာမနီနိုင်ငံက
၁၉၄၄ ခုနှစ်တွင် စတင်တီထွင်ထုတ်လုပ်ခဲ့ပါသည်။ သို့သော် ယင်းလက်နက်စနစ်မှာ ဒုတိယကမ္ဘာစစ်ပြီးဆုံးသွားခဲ့သောကြောင့်
အမြောက် အမြားထုတ်လုပ်သည့်အဆင့်သို့ မရောက်ရှိခဲ့ပေ။ ဒုတိယကမ္ဘာစစ်အပြီးတွင် ဆိုဗီယက်သိပံပညာရှင်များက
ဒုံးပစ်ပြွန်များစွာပါဝင်သော ပဲ့ထိန်းမဲ့ဒုံးပစ်လောင် ချာစနစ်အား တီထွင်ထုတ်လုပ်နိုင်စွမ်းရှိခဲ့သော်လည်း
အနီအောက်ရောင်ခြည် အာရုံခံကိရိယာတပ်ဆင်ထားသည့် ပဲ့ထိန်းဒုံးကျည်စနစ်အပေါ်တွင်သာ အာရုံစိုက်ခဲ့ကြသဖြင့်
ယင်းဒုံးပစ်ပြွန်များစွာပါဝင်သော ပဲ့ထိန်းမဲ့ဒုံးပစ်လောင်ချာ စနစ်အား ပစ်ပယ်ထားခဲ့ကြပါသည်။
(ခ) အနီအောက်ရောင်ခြည်အာရုံခံကိရိယာတပ်ဆင်ထားသည့် ပဲ့ထိန်းဒုံးကျည်။
လေ ယာဉ်တစ်စင်း၏ အပူရှိန်ထုတ်လွှတ်သည့်အရင်းအမြစ်တစ်ခုအပေါ် ပုံမှန်အားဖြင့် လေယာဉ်အင်ဂျင်အိပ်ဇောမှ
ပန်းထွက်လာသည့်အပူရှိန်ကို အာရုံခံ နိုင်ရန်အတွက် ဒီဇိုင်းပုံဖော်ထုတ်လုပ်ထားခြင်းဖြစ်သည်။
ယင်းလေယာဉ်အား ဖျက်ဆီးရန်အတွက် ဒုံးကျည်ထိပ်ဖူးက လေယာဉ်မှ အပူရှိန်ထုတ်လွှတ်သည့် အရင်းအမြစ်အတွင်း၊
သို့မဟုတ် ၄င်းအရင်းအမြစ်အနီးတွင် ပြင်းထန်စွာပေါက်ကွဲ သွားအောင် ဒီဇိုင်းပုံဖော်ထုတ်လုပ်ထားသည်။
ယင်းဒုံးကျည်များတွင် တည်ငြိမ် ပဲ့ထိန်းစနစ်ကို အသုံးပြုထားပါသည်။ ဆိုလိုသည်မှာ ယင်းဒုံးကျည်များအနေဖြင့်
အပူရှိန်ထုတ်လွှတ်သည့်အရင်းအမြစ်ကို ထိတွေ့သိရှိနိုင်ရေးအတွက် မည်သည့် အချက်ပြမှုမျိုးကိုမျှ
ထုတ်လွှတ်ခြင်းမပြုဟု ဆိုလိုပါသည်။ ထို့ကြောင့် တန်ပြန် ဆောင်ရွက်စနစ်များ (ဥပမာ-မီးကျည်)အား
တပ်ဆင်အသုံးပြုထားသည့် လေယာဉ်များကိုမူ ယင်းဒုံးကျည်များအနေဖြင့် ထိတွေ့ဖျက်ဆီးနိုင်ရန်
ခဲယဉ်းပေ သည်။
ပထမမျိုးဆက်ပဲ့ထိန်းဒုံးကျည်
၁၉၆၅ ခုနှစ်တွင် ပထမဆုံးသော အနီအောက်ရောင်ခြည်အာရုံခံကိရိယာသုံး
ပဲ့ထိန်းဒုံး ကျည်များကို အသုံးပြုလာခဲ့ကြပါသည်။ အမေရိကန်လုပ် Redeye ကဲ့သို့ မြေပြင်မှဝေ
ဟင်ပစ်ပခုံးထမ်းလောင်ချာပထမမျိုးဆက်၏ မူလအစပုံစံမှာ ဆိုဗီယက်လုပ် SA-7 နှင့် တရုတ်လုပ်
HN-5 ပခုံးထမ်းလောင်ချာများပင်ဖြစ်သည်။ ယင်းပဲ့ထိန်းဒုံးကျည်များသည် ပစ်လွှတ်လိုက်ပြီးနောက်
အလွန်စွမ်းဆောင်ရည်မြင့်မားသော လေယာဉ်တစ်စင်းကို ထိတွေ့ဖျက်ဆီးပစ်နိုင်စွမ်းရှိသောကြောင့်
၎င်းဒုံးကျည်များအား “နောက်ယောင်ခံလိုက် သည့်လက်နက်များ”ဟုပင် မှတ်ယူထားခဲ့ကြပါသည်။
ပဲ့ထိန်းဒုံးကျည်၏ရှာဖွေရေး ကိရိယာသည် လေယာဉ်တစ်စင်းအား ထိတွေ့ဖျက်ဆီးနိုင်ရေးအတွက်
လုံလောက် သည့်အပူရှိန်များကို ထုတ်လွှတ်ပေးသည့်လေယာဉ်အင်ဂျင်များအား လုံးဝထိတွေ့သိရှိ
နိုင်ပါသည်။ သို့သော် ပထမမျိုးဆက် အနီအောက်ရောင်ခြည်အာရုံခံကိရိယာသုံး ပဲ့ထိန်း ဒုံးကျည်များသည်
နေရောင်ခြည်ကဲ့သို့သော အပူစွမ်းအင်ထုတ်လွှတ်ပေးသည့် နောက်ခံအရင်းအမြစ်များ၏ နှောင့်ယှက်မှုဒဏ်ကို
အလွယ်တကူ ခံရနိုင်သောကြောင့် စစ်ရေးကျွမ်းကျင်သူအများစုက ၄င်းပဲ့ထိန်းဒုံးကျည်များကို
အားမကိုးရကြောင်း သတိပြု မိခဲ့ကြပါသည်။
ဒုတိယမျိုးဆက်ပဲ့ထိန်းဒုံးကျည်
အစောဆုံးပုံစံများမှာ အမေရိကန်လုပ်
Stinger ၊ ဆိုဗီယက်လုပ် SA-14 နှင့် တရုတ်လုပ် FN-6 တို့ပင်ဖြစ်သည်။ ပဲ့ထိန်းဒုံးကျည်ထိပ်ဖူးကို
အေးနေစေရေးအတွက် Coolant များ (အေးခဲအောင်ပြုလုပ်ပေးသည့်အရည်)ကို တိုးတက်အသုံးပြုလာခဲ့ကြပါ
သည်။ ထိုသို့ အသုံးပြုခြင်းဖြင့် ပဲ့ထိန်းဒုံးကျည်ရှာဖွေရေးကိရိယာသည် အပူစွမ်းအင် ထုတ်လွှင့်ပေးသည့်
နောက်ခံအရင်းအမြစ်များ၏ ၀င်ရောက်နှောင့်ယှက်မှုဒဏ်ကို ဖယ်ရှားပေးနိုင်သည့်နည်းတူ ပစ်မှတ်အပေါ်
ထိပ်တိုက်နှင့်ဘေးတိုက်တို့မှ ထိတွေ့ ဖျက်ဆီးမှုကိုလည်း လုပ်ဆောင်ပေးနိုင်ပါသည်။ ထို့ပြင်
ပစ်မှတ်လေယာဉ်မှ ထုတ်လွှင့် လိုက်သောမီးကျည်များအား တန်ပြန်နိုင်သည့်နည်းပညာများကိုလည်း
ယင်းဒုံးကျည် များတွင် တပ်ဆင်အသုံးပြုနိုင်သည့်အပြင် Stinger ဒုံးကျည်များတွင်တွေ့ရှိရသည့်
ခရမ်းလွန်ရောင်ခြည်စနစ်ကဲ့သို့ ပစ်မှတ်ရှာဖွေရေးစနစ်များကိုလည်း အရန်အဖြစ် ထည့်သွင်းတပ်ဆင်ထားနိုင်ပါသည်။
တတိယမျိုးဆက်ပဲ့ထိန်းဒုံးကျည်
တတိယမျိုးဆက်ပဲ့ထိန်းဒုံးကျည်များမှာ
ပြင်သစ်လုပ် Mistral ၊ ရုရှားလုပ် SA-18 နှင့် အမေရိကန်လုပ် Stinger B တို့ပင်ဖြစ်ကြပြီး
ပစ်မှတ်၏တစ်ဝက်တစ်ပျက်ပုံရိပ် (quasi- image) တစ်ခုကို ထုတ်ပေးနိုင်သည့် ရှာဖွေရေးကိရိယာတစ်ခု
(သို့မဟုတ်) အများ အပြားအား တပ်ဆင်အသုံးပြုထားပါသည်။ ထို့ပြင် လေယာဉ်မှ ပစ်လွှတ်လိုက်သည့်
မီးကျည်များအား ခွဲခြားသိရှိရှောင်ကွင်းသွားနိုင်စွမ်းရှိပါသည်။
စတုတ္ထမျိုးဆက်ပဲ့ထိန်းဒုံးကျည်
စတုတ္ထမျိုးဆက်ပဲ့ထိန်းဒုံးကျည်များမှာ
အမေရိကန်လုပ် FIM-92 Stinger Block 2 ဖြစ် ပြီး ရုရှား၊ ဂျပန်၊ ပြင်သစ်နှင့် အစ္စရေးတို့တွင်
ဆုံချက်မျက်နှာပြင်အား ပေါင်းစပ် ထုတ်ဖော်ပြသနိုင်သည့်ပဲ့ထိန်းစနစ် (Incorporate
Focal Plane Array Guidance System) ဒုံးကျည်များနှင့် အလွန်ကွာဝေးသည့်ပစ်မှတ်အား ထိတွေ့သိရှိနိုင်သည့်
အဆင့်မြင့်အာရုံခံကိရိယာများပင် ဖွံ့ဖြိုးတိုးတက်နေပြီဟု ယူဆရပါသည်။
မြင်ကွင်းလမ်းကြောင်းအတိုင်း လိုက်ပါချိန်ရွယ်သည့်
(Command Line-of-Sight-CLOS) ဒုံးကျည်
ယင်းဒုံးကျည်များသည် ပစ်မှတ်လေယာဉ်၏
အပူစွမ်းအင်ထုတ်လွှတ်သည့်နေရာ၊ သို့ မဟုတ် ရေဒီယိုလှိုင်း၊ သို့မဟုတ် ရေဒီယိုအသံလှိုင်းထုတ်လွှတ်မှုကဲ့သို့
သီးသန့်သွင်ပြင် လက္ခဏာများဆီသို့ ဦးတည်သွားခြင်းမရှိပေ။ သို့သော် ဒုံးကျည်ပစ်လွှတ်သူအနေဖြင့်
အဏုကြည့်မှန်ပြောင်းမှတစ်ဆင့် ပစ်မှတ်အား မျက်မြင်ရှာဖွေယူရပြီး နောက်တွင်မှ ရေဒီယိုလှိုင်းထိန်းကျောင်းမှုဖြင့်
ပစ်မှတ်လေယာဉ်ဆီသို့ ဒုံးကျည်အား ပစ်လွှတ်ရပါ သည်။ အကျိုးကျေးဇူးတစ်ခုမှာ ပစ်မှတ်လေယာဉ်မှထုတ်လွှတ်လိုက်သည့်မီးကျည်များ
နှင့် အခြားသောတန်ပြန်စနစ်များအား လုံးဝနီးပါး ရှောင်ကွင်းသွားနိုင်ခြင်းပင်ဖြစ်သည်။
သို့သော် ယင်းဒုံးကျည်၏အဓိကအားနည်းချက်မှာ ဒုံးကျည်ပစ်ခတ်မည့်သူအား ကျွမ်းကျင်မှုရှိနေစေရန်
အလွန်အမင်း သင်ကြားလေ့ကျင့်ပေးထားရခြင်းပင်ဖြစ်သည်။ ၁၉၈၅ ခုနှစ် ဆိုဗီယက်-အာဖဂန်စစ်ပွဲအတွင်းက
ဗြိတိန်လုပ် Blowpipe CLOS ဒုံးကျည် များမှာ အားနည်းချက်များပြားပြီး သင်ကြားရန်အတွက်
အလွန်ခက်ခဲသောဒုံးကျည်များ ဖြစ်သောကြောင့် အာဖဂန်မူဂျာဟစ်ဒင်များအတွက် အလွန်စိတ်ပျက်စေခဲ့ရသည့်
ဒုံးကျည်များ ဖြစ်ခဲ့ပေသည်။ ထို့ကြောင့် စစ်ရေးကျွမ်းကျင်သူများအများစုက CLOS ဒုံးကျည်များမှာ
သင်ကြားလေ့ကျင့်ရခြင်းမရှိသူများအတွက် သင့်လျော်မှုမရှိဟု ယူဆခဲ့ ကြပြီး ယင်းဒုံးကျည်များကိုလည်း
“အလိုအလျောက်ပဲ့ထိန်းပါသောဒုံးကျည်များ”ဟုပင် တစ်ခါတစ်ရံ တင်စားခေါ်ဝေါ်ခဲ့ကြပေသည်။ ဗြိတိန်လုပ်
Javelin ကဲ့သို့ နောက်ဆုံးပေါ် CLOS ဒုံးကျည်များတွင် ဒုံးကျည်ပစ်မည့်သူအား အလွယ်တကူပစ်ခတ်နိုင်စေရေး
အတွက် အမြင်လမ်းကြောင်းရှာဖွေရေးကိရိယာနေရာတွင် အစိုင်အခဲအနေအထားရှိ ရုပ်မြင်ကင်မရာအား
အသုံးပြုတပ်ဆင်ပေးထားပါသည်။ နည်းပညာပိုမိုမြင့်မားသည့် ဗြိတိန်လုပ် Starburst CLOS
ဒုံးကျည်အမျိုးအစားတွင်မူ ပစ်မှတ်ဆီသို့ ဒုံးကျည် အလွယ်တကူပျံသန်းနိုင်ရေးအတွက် လေဆာရောင်ခြည်အာရုံခံကိရိယာသုံး
အချက်အလက်ဆက်သွယ်မှုစနစ်ကို တပ်ဆင်ပေးထားပါသည်။
လေဆာရောင်ခြည်သုံးပဲ့ထိန်းဒုံးကျည်
လေဆာရောင်ခြည်သုံးမြေပြင်မှဝေဟင်ပစ်
ပခုံးထမ်းလောင်ချာစနစ်တွင် ပစ်မှတ်ဆီသို့ ပျံသန်းသွားမည့်ဒုံးကျည်အား လေဆာရောင်ခြည်တန်းဖြင့်
ထိန်းကျောင်းပေးသည့်စနစ် ကို အသုံးပြုထားပါသည်။ ဒုံးကျည်သည် လေဆာရောင်ခြည်တန်းတစ်လျှောက်ပျံသန်း
၍ ဒုံးကျည်ပစ်လွှတ်သူ အဆက်မပြတ် ချိန်ရွယ်ထားသည့်ပစ်မှတ်လေယာဉ်အား ထိတွေ့ဖျက်ဆီးပစ်ပါသည်။
ဆွီဒင်လုပ် RBS-70 နှင့် ဗြိတိန်လုပ် Starstreak ဒုံးကျည် များဆိုလျှင် ပစ်ထောင့်မျိုးစုံတို့မှနေ၍
ပစ်မှတ်လေယာဉ်အား ထိတွေ့ဖျက်ဆီးပစ်နိုင် စွမ်းရှိသည်။ မြေပြင်မှနေ၍ ဒုံးကျည်ဆီသို့
သတင်းအချက်အလက်ဆက်သွယ်မှု လုံးဝ မရှိသည့်အပြင် ဒုံးကျည်အား ပစ်လွှတ်လိုက်ပြီးနောက် တန်ပြန်ရေဒီယိုလှိုင်းများကို
လည်း ဒုံးကျည်မှ ဖျက်ဆီးပစ်နိုင်စွမ်းမရှိသောကြောင့် ဒုံးကျည်ပစ်လွှတ်သူအနေဖြင့် ပစ်မှတ်လေယာဉ်ဆီသို့
လေဆာရောင်ခြည်တန်းဖြင့် ချိန်ရွယ်ထားသည့်ပဲ့ထိန်းကိရိယာ (Joystick) ကို အဆက်အပြတ်ချိန်ရွယ်ပေးထားရန်
လိုအပ်ပါသည်။ ယင်းစနစ်ကို “ရောင်ခြည်တန်းစီးနင်းခြင်း” (Beam Riding) ဟု လူသိများပါသည်။
အနာဂတ် လေဆာရောင်ခြည်သုံးပဲ့ထိန်းဒုံးကျည်စနစ်တွင် ဒုံးကျည်ပစ်လွှတ်မည့်သူအနေဖြင့် ပစ်မှတ်အား
တစ်ကြိမ်တည်းသာ ချိန်ရွယ်ပြသရန်လိုအပ်မည်ဟု ယူဆရပါသည်။ သို့သော် ဒုံးကျည်ပစ်လွှတ်သူအနေဖြင့်
ကျယ်ပြန့်စွာ သင်ကြားလေ့ကျင့်ထားရန်နှင့် ကျွမ်းကျင်မှုရှိရန် အထူးလိုအပ်မည်ဖြစ်သည်။
ယနေ့ သမားရိုးကျစစ်ပွဲများတွင် လေဆာ ရောင်ခြည်သုံးပဲ့ထိန်းဒုံးကျည်များကို အများဆုံးအသုံးပြုလျက်ရှိသည်ဟု
စစ်ရေးကျွမ်းကျင်သူအများစုက ဆိုထားပါသည်။




No comments:
Post a Comment