Wednesday, July 16, 2014

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်

CNN, July 9, 2014(14း23)
ဘီလူးကျွန်းသား

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့သည် Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်ကို အသုံးပြု၍ ၎င်း၏ လူနေထူထပ်သည့် အဓိကနေရာများအား ပစ်ခတ်တိုက်ခိုက်နေသည့် ဒုံးကျည်များ၏ အန္တရာယ်ကို ခုခံတွန်းလှန်လျက်ရှိပါသည်။

ဇူလိုင်လ ၉ ရက် နေ့လည်ပိုင်းတွင် အနားစွန်းကာကွယ်မှုစစ်ဆင်ရေး (Operation Protective Edge)ကို စတင်ခဲ့သည့်နှင့်တစ်ပြိုင်နက် ဂါဇာကမ်းမြှောင်ဒေသအပြင်ဘက် မှ ပစ်ခတ်ခဲ့သည့် ဒုံးကျည်အစင်းပေါင်း ၅၆ စင်းကို ဂျေရုစလင်၊ တဲလ်အဗစ်၊ အက်ရှ်ဒေါ့၊ အက်ရှ်ကယ်လွန်၊ ကီယက်ဂက်နှင့် အခြားမြို့ကြီးများမှ ကြားဖြတ်တိုက်ခိုက် နိုင်ခဲ့သည့်ဟု အစ္စရေးကာကွယ်ရေးတပ်ဖွဲ့မှ ထုတ်ဖော်ပြောကြားခဲ့လေသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏အဆိုအရ ယင်းအချိန်က ဟားမတ်စ်စစ်သွေးကြွအဖွဲ့ သည် အစ္စရေးမြို့ကြီးများသို့ ဂါဇာကမ်းမြှောင်ဒေသအပြင်ဘက်မှ ဒုံးကျည်အစင်းပေါင်း ၂၅၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အစ္စရေးနိုင်ငံတွင်းရှိ လူဦးရေထူထပ်သည့် ဧရိယာများသို့ ဦးတည်လာသည့် ဒုံးကျည်များကိုကာကွယ်ရန်အတွက်သာ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်အား အသုံးပြုခဲ့ ခြင်းဖြစ်ကြောင်း၊ အကယ်၍ အစ္စရေးပိုင်နက်တွင်းရှိ ဟင်းလင်းပြင်နေရာတစ်ခုသို့ ဒုံးကျည်တစ်စင်း ဦးတည်လာပါက Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်က အလုပ် မလုပ်ကြောင်း သိရသည်။

ယင်း Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်သည် အစ္စရေးကာကွယ်ရေး မဟာဗျူဟာ ၏ အရေးကြီးဆုံး အချက်တစ်ချက်ပင်ဖြစ်သည်။

ထိုသို့ဆိုလျင် အစ္စရေး၏ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်က မည်ကဲ့သို့ လုပ်ငန်းလုပ်ဆောင်ပါသနည်းဟု မေးခွန်းထုတ်လာစရာရှိပါသည်။

မြို့ကြီးတစ်မြို့အား သံအမိုးခုံးသဖွယ် အပြည့်အဝအကာအကွယ်ပေးနိုင်သည့်အတွက် Iron Dome ဟု အမည်ပေးထားခြင်းဖြစ်နိုင်ဖွယ်ရှိပါသည်။ အမှန်စင်စစ် ယင်းစနစ် သည် အစ္စရေးပိုင်နက် နယ်မြေအတွင်းသို့ ဝင်ရောက်လာသည့် ဒုံးကျည်များကို ပစ်မှတ်ထားပြီး ယင်းဒုံးကျည်များအား ဝေဟင်ထဲတွင် ဖျက်ဆီးနိုင်ရန်အတွက် ကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်အား ပစ်လွှတ်ဖျက်ဆီးစေသည့် စနစ်ပင်ဖြစ်သည်။

ယင်းကဲ့သို့ ကြားဖြတ်တိုက်ခိုက်နိုင်ရေးအတွက် Iron Dome ဒုံးကျည်ကာကွယ်ရေး လောင်ချာတိုင်းတွင် ပစ်မှတ်များကို ခွဲခြားပေးနိုင်သည့် ပစ်ခတ်မှုထိန်းသိမ်းရေးရေဒါ တစ်ခုစီပါရှိသည်။ ထို့ပြင် သယ်ယူရလွယ်ကူသည့် ဒုံးပစ်လောင်ချာတစ်ခုစီလည်း ပါရှိသည်။ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်သည် တည်နေရာရွှေ့ပြောင်းပြီး ပြန်လည်တပ်ဆင်အသုံးပြုခြင်းကို နာရီအနည်းငယ်အတွင်း လုပ်ဆောင်နိုင်သည့် အလွယ်တကူ သယ်ဆောင်သွားနိုင်သော စနစ်တစ်ခုဖြစ်သည်။

Iron Dome ဒုံးကျည်သည် အလွန်ထိန်းကျောင်းရလွယ်ကူသော ဒုံးကျည်အမျိုးအစား ဖြစ်သည်။ အလျား ၃ မီတာ (၁၀ ပေနီးပါး)ရှည်လျား၍ အချင်း ၆ လက်မခန့် (၁၅ စင်တီမီတာ)ရှိပြီး၊ အလေးချိန် ၉၀ ကီလိုဂရမ် (၁၉၈ ပေါင်)ရှိကြောင်း၊ အလေးချိန် ၁၁ ကီလိုဂရမ် (၂၄ ပေါင်)လေးသော ပေါက်ကွဲအားပြင်းထန်သည့်ထိပ်ဖူးကို သယ်ဆောင် နိုင်ပြီး အကွာအဝေး ၄ ကီလိုမီတာမှ ၇၀ ကီလိုမီတာ (၂ မိုင်ခွဲမှ ၄၃ မိုင်)အထိ ပစ်ခတ် နိုင်သည်ဟုလည်း IHS Jane's မှ လုံခြုံရေးသုတေသီများက ၂၀၁၂ခုနှစ်အတွင်းတွင် ပြောကြားထားခဲ့ပါသည်။

ရာသီဥတုအခြေအနေအမျိုးမျိုးတွင် ခြိမ်းခြောက်မှုအများအပြားကိုလည်း ယင်းဒုံးကျည် ကာကွယ်ရေးစနစ်က တစ်ပြိုင်နက်တည်း ရင်ဆိုင်ဖြေရှင်းပေးနိုင်စွမ်းရှိသည်ဟု အစ္စရေး စစ်ဘက်က ပြောကြားထားပါသည်။ အစ္စရေးက ယင်းဒုံးကျည်ကာကွယ်ရေးစနစ်၊ ရေဒါ တို့နှင့်ပတ်သက်၍ "နည်းပညာ ထိုးဖေါက်ကျော်လွှားမှု"ဟု ဂုဏ်ပြုမှတ်တမ်းတင်ထား ပါသည်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့၏အဆိုအရ ယင်းဒုံးကျည်ကာကွယ်ရေးစနစ်မှ ရေဒါသည် ရန်သူဘက်မှ ဒုံးကျည်တစ်စင်းပစ်လွှတ်မှုအား အာရုံခံသိရှိပြီးနောက် ယင်းဒုံးကျည် လမ်းကြောင်းနှင့် စပ်လျဉ်းသည့် သတင်းအချက်အလက်များအား ထိန်းချုပ်ရေးဌာနသို့ ပေးပို့ကြောင်း၊ ထိန်းချုပ်ရေးဌာနကလည်း ယင်းဒုံးကျည်နှင့် ထိပ်တိုက်ထိမှန်နိုင်သည့် နေရာအား ခန့်မှန်းတွက်ချက်ပေးကြောင်း၊ အကယ်၍ ယင်းနေရာသည် ကြားဖြတ် တိုက်ခိုက်နိုင်သည့် နေရာတစ်ခုဖြစ်ခဲ့ပါက ဒုံးကျည်ကာကွယ်ရေးစနစ်က ဒုံးကျည် တစ်စင်းအား ကြားဖြတ်တိုက်ခိုက်ရန်အတွက် ပစ်လွှတ်ကြောင်း၊ ကြားဖြတ်တိုက်ခိုက် ရေးဒုံးကျည်သည် ရန်သူပစ်လွှတ်လိုက်သည့် ဒုံးကျည်အနီးသို့ ရောက်ရှိချိန်တွင် ပေါက်ကွဲသွားပြီး လေထုထဲတွင် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရမှုများ မဖြစ်ပွား နိုင်ကြောင်း သိရပါသည်။

ထိုသို့ဆိုလျင် ယင်းကြားဖြတ်တိုက်ခိုက်ရေး ဒုံးကျည်စနစ်၏ မူလအစမှာ မည်သည့် နိုင်ငံနည်းဟု မေးခွန်းထုတ်စရာ ရှိလာပါသည်။

အစ္စရေးအနေဖြင့် ယင်းမြေပြင်အခြေစိုက် ကြားဖြတ်တိုက်ခိုက်ရေး ဒုံးကျည်အား ၂၀၀၇ ခုနှစ်ကတည်းကပင် စတင်တီထွင်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၈ခုနှစ်နှင့် ၂၀၀၉ခုနှစ်တို့ တွင် စမ်းသပ်ပစ်လွှတ်မှုများပြုလုပ်ခဲ့ပြီးနောက် ဒုံးကျည်ကာကွယ်ရေးတပ်ဖွဲ့တစ်ဖွဲ့အား ၂၀၁၁ခုနှစ်တွင် အစ္စရေးနိုင်ငံတောင်ပိုင်း၌ ပထမဆုံး ဖြန့်ကြက်နေရာချထားခဲ့ပါသည်။ IHS Jane's မဂ္ဂဇင်း၏အဆိုအရ ၂၀၁၁ခုနှစ်တွင် ကြားဖြတ်တိုက်ခိုက်မှုရာခိုင်နှုန်း


၇၀ ခန့် အောင်မြင်မှုရရှိခဲ့သည်ဟု အစ္စရေးလေတပ်မှ အစီရင်ခံတင်ပြထားခဲ့ကြောင်း သိရပါသည်။

ဤနေရာ၌ Iron Dome ကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်စနစ် တီထွင်စမ်းသပ်မှုတွင် အမေရိကန်ပြည်ထောင်စုမှ ပါဝင်ပတ်သက်မှုရှိခဲ့ပါသလားဟု မေးခွန်းထုတ်ဖွယ်ရှိပါ သည်။ အဖြေမှာ ပါဝင်ပတ်သက်မှုရှိပါသည်ဟု ဖြေဆိုရမည်ဖြစ်ပေသည်။

Rafel အစ္စရေးကာကွယ်ရေးနည်းပညာကုမဏီက ကနဦးစမ်းသပ်တီထွင်မှုများတွင် အဓိကအကျဆုံးဖြစ်သည်ဟု ဆိုရမည်ဖြစ်သော်လည်း ယင်းစနစ်ဖွံ့ဖြိုးတိုးတက်ရန် အတွက် ထိုစဉ်ကတည်းက အမေရိကန်ပြည်ထောင်စုက ငွေကြေးအမြောက်အမြား စိုက်ထုတ်မတည်ပေးခဲ့လေသည်။ အမေရိကန်ဥပဒေပြု လွှတ်တော်ဆိုင်ရာ သုတေသန ဝန်ဆောင်မှုအဖွဲ့၏အဆိုအရ Iron Dome ကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်စနစ် ဖွံ့ဖြိုး တိုးတက်မှုနှင့် ထုတ်လုပ်မှုသုတေသနလုပ်ငန်းအတွက် ၂၀၁၄ခုနှစ်တွင် အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၂၃၅ သန်း ကူညီထောက်ပံ့ပေးခဲ့ကြောင်း သိရပါသည်။

အစ္စရေးနိုင်ငံသားများ ဘေးကင်းလုံခြုံရေးအတွက် ကူညီထောက်ပံ့ပေးခဲ့ခြင်းဖြစ်၍ ယင်းဒုံးကျည်ကာကွယ်ရေးစနစ်အစီအစဉ်အပေါ် ပြစ်တင်ဝေဖန်မှုများစွာ ခံခဲ့ရပါသည်။ Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်နှင့်ပတ်သက်၍ အမေရိကန်သမ္မတ အိုဘားမား ကလည်း "ယင်းဒုံးကျည်ကာကွယ်ရေးစနစ်အား စမ်းသပ်ပစ်လွှတ်မှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ ယင်းစနစ်မှာ အစ္စရေးနိုင်ငံတွင်းသို့ ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက်လာမှု များကို ကာကွယ်ပေးရန်အတွက်ဖြစ်ကြောင်း"ဖြင့် ပြောကြားထားခဲ့ပါသည်။

IHS Jane's ၏အဆိုအရ Iron Dome ဒုံးကျည်ကာကွယ်ရေး လောင်ချာတစ်ခုစီ အတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ စီကုန်ကျပြီး ဒုံးကျည်တစ်စင်း၏တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၆၂၀၀၀ ရှိကြောင်း သိရပါသည်။

အမေရိကန်ပြည်ထောင်စု၊ တောင်ကိုးရီးယား၊ အာဖဂန်နစ္စတန်နိုင်ငံတွင်းရှိ စစ်ဘက် တပ်ဖွဲ့များနှင့်အတူ ဥရောပရှိ နေတိုးအုပ်စုဝင်နိုင်ငံများအပါအဝင် အခြားနိုင်ငံများက Iron Dome ဒုံးကျည်ကာကွယ်ရေးစနစ်အား ဝယ်ယူရန်အတွက် စိတ်ဝင်စားလျက်ရှိ သည်ဟု ဂျေရုစလင်သတင်းဌာန၏ အစီရင်ခံချက်အရ သိရပါသည်။

No comments:

Post a Comment