From Internet
ဘီလူးကျွန်းသား
ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk Oblast တွင် မလေးရှားလေကြောင်းလိုင်းမှ ဘိုရင်း 777-200ER လေယာဉ်တစ်စီးပျက်ကျခဲ့ပြီး လူ ၂၉၅ ဦးသေဆုံးခဲ့ရကာ ကမ္ဘာတစ်ဝန်းလုံးတွင်လည်း ယင်းမလေးရှားလေယာဉ်မှာ Buk ဒုံးကျည်ဖြင့် ပစ်ချခြင်းခံခဲ့ရသည်ဟူဟော သတင်းများ ပျံ့နှံ့လျက်ရှိပေသည်။
Buk လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်သည် မြေပြင်မှဝေဟင်ပစ် တာလတ်ပစ် ယာဉ်တင် လေကြောင်းရန်ကာကွယ်ရေးစနစ်တစ်မျိုးဖြစ်ပြီး ယခင် ဆိုဗီယက် ပြည်ထောင်စုနှင့် ၎င်း၏ လက်ဝေခံနိုင်ငံများမှ အသုံးပြုပါသည်။ ၎င်း လေကြောင်းရန် ကာကွယ်ရေး ဒုံးကျည်စနစ်သည် ခရုစ်ဒုံးကျည်၊ စမတ်ဗုံး၊ လေယာဉ်၊ ရဟတ်ယာဉ်များ နှင့် မောင်သူမဲ့လေယာဉ်များအား ပစ်ခတ်တိုက်ခိုက်နိုင်ရန်အတွက် ဒီဇိုင်းပုံဖော် ထုတ်လုပ်ထားခြင်းဖြစ်သည်။
၁၉၇၂ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဆိုဗီယက်ပြည်ထောင်စု ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ၏တောင်းဆိုချက်အရ 9K37Buk လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ် ကို စတင်တီထွင် ထုတ်လုပ်ခဲ့ခြင်းဖြစ်သည်။ ဆန့်ကျင်ဘက် နေတိုးအုပ်စု၏အခေါ် Gainful ဟု အမည်ရသည့် Kub2K12 လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ် ဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် NIIP က ဥိးဆောင်တီထွင်ခဲ့ခြင်းဖြစ်သည်။
9K37Buk လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်အား တီထွင်ထုတ်လုပ်ခဲ့သည့် ကုမဏီ များတွင် Gikhomirov NIIP, Lyulev Novator, MNIIRE Altair, NIIIP, DNPP, UMZ, MZik နှင့် MMZ တို့ပါဝင်ခဲ့ကြပြီး လက်ရှိတွင် Buk လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်မျိုးကွဲများစွာ ရှိပါသည်။ ၎င်းတို့မှာ 9k37 "Buk", 9K37M, 9K37M1 "Buk-M1", 9K37M1-2"Buk-M1-2", 9K37M1-2A, 9k317 "Buk-M2", "Buk-M2", "Buk-M3" နှင့် ရေတပ်သုံး 3S90 (M-22), 3S90M, 3S90E1, 3S90M1 တို့ဖြစ်သည်။
အဆင့်မီ Buk လေကြောင်းရန်ကာကွယ်ရေးတပ်ရင်းတစ်ရင်းတွင် အမိန့်ပေးယာဉ် (၁)စီး၊ ပစ်မှတ်ရှာဖွေရေး ရေဒါယာဉ် (TAR) (၁)စီး၊ ထောင်လိုက် ဒုံးပစ်ပြွန်နှင့် ရေဒါ ပါဝင်သည့် ပစ်ခတ်ရေးယာဉ် (TELAR) (၆)စီးနှင့် ထောင်လိုက်ဒုံးပစ်ပြွန်ပါဝင်သည့် ပစ်ခတ်ရေးယာဉ် (TEL) (၃)စီးတို့ ပါဝင်ပါသည်။ Buk ဒုံးတပ်ဖွဲ့အတွက် တိုက်ပွဲဝင် အသင့်ဖြစ်ရန် ပြင်ဆင်ချိန်မှာ ၅ မိနစ်ထက်မပိုပေ။ အလွယ်တကူ ရွှေ့ပြောင်းနိုင်ပြီး ရွှေ့ပြောင်းပြီးနောက် ပြင်ဆင်ချိန်မှာလည်း ၅ မိနစ်ပင်ဖြစ်လေသည်။ ဒုံးတပ်ဖွဲ့အနေဖြင့် ပစ်မှတ်အား ခြေရာခံပြီးနောက် Buk ဒုံးကျည်ပစ်လွှတ်ရန်ကြာချိန် (တုံ့ပြန်ရန်အတွက် ကြာချိန်)မှာ ၂၂ စက္ကန့်ခန့်သာဖြစ်သည်။
Buk လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်စနစ်တွင်ပါဝင်သည့် TAR 9S18M1 (သို့မဟုတ်) 9S18M1-1 ရေဒါသည် ပစ်မှတ်အား ပင်လယ်ရေပြင်ထက်အမြင့် ၁၉၇ ပေ မှ ၁၅ မိုင်ခွဲခန့်အတွင်း ရှာဖွေနိုင်သည်။ တစ်ကြိမ်ပစ်ခတ်ပြီးနောက် ဒုံးပစ်ပြွန် လေးလုံး အတွင်းသို့ ဒုံးကျည်များ ပြန်လည်ဖြည့်သွင်းရန် ၁၅ မိနစ်ခန့် ကြာမြင့်မည်ဖြစ်သည်။ ပစ်မှတ်အား ထိမှန်နိုင်စွမ်း ၉၀ မှ ၉၅ % ထိရှိသည်။ လေယာဉ်ဆိုလျင် ပင်လယ်ရေပြင် အထက် အမြင့် ၁၅ မီတာမှ ၂၅ ကီလိုမီတာအတွင်းတွင်လည်းကောင်း၊ အကွာအဝေး အားဖြင့် ၃ ကီလိုမီတာမှ ၄၂ ကီလိုမီတာအတွင်းတွင်လည်းကောင်း ထိတွေ့ ဖျက်ဆီးနိုင် ပါသည်။ နည်းဗျူဟာမြောက် တိုက်ချင်းပစ်ဒုံးကျည်များအား ပင်လယ်ရေပြင်အထက် အမြင့် ၂ ကီလိုမီတာနှင့် ၁၆ ကီလိုမီတာအကြားတွင်လည်းကောင်း၊ အကွာအဝေးအား ဖြင့် ၃ ကီလိုမီတာနှင့် ၂၀ ကီလိုမီတာအကြားတွင်လည်းကောင်း ထိတွေ့ဖျက်ဆီးနိုင် ပါသည်။ ပင်လယ်ပြင်တွင်း ပစ်မှတ်များဆိုလျင် ၂၅ ကီလိုမီတာ (၁၅ မိုင်ခွဲ)အထိ လည်းကောင်း၊ ကုန်းမြေပေါ်ရှိ ပစ်မှတ်များဆိုလျင် ၁၅ ကီလိုမီတာ (၉.၃မိုင်)အထိ လည်းကောင်း ထိတွေ့ ဖျက်ဆီးနိုင်ပါသည်။
ယခုအခါ Buk လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်စနစ်အား အဇာဘိုင်ဂျန်၊ ဘီလာရုစ်၊ ဆိုက်ပရပ်စ်၊ အီဂျစ်၊ ဖင်လန်၊ ဂျော်ဂျီယာ၊ အိန္ဒိယ၊ မြောက်ကိုးရီးယား၊ တရုတ်၊ ရုရှား၊ ဆီးရီးယား၊ ယူကရိန်း၊ ဗီယက်နမ်(ဝယ်ယူဆဲ)နှင့် ဗင်နီဇွဲလားနိုင်ငံတို့မှ အသုံးပြုလျက်ရှိပါသည်။

.jpg)






No comments:
Post a Comment