Tuesday, July 15, 2014

ယူကရိန်း သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်း ပစ်ချခံရ


CNN, July 15, 2014(24း21)
ဘီလူးကျွန်းသား

ယူကရိန်း Antonoy-26 အမျိုးအစား သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းဟာ ဇူလိုင်လ ၁၅ ရက်နေ့မှာ ဒုံးကျည်တစ်စင်းနဲ့ ပစ်ချခြင်းခံခဲ့ရပါတယ်။ အဲဒီဒုံးကျည်ဟာ ရုရှားဘက်ကလာတဲ့ ဒုံးကျည်တစ်စင်းဖြစ်တယ်လို့လည်း ကီယက်ဗ် အစိုးရအရာရှိတစ်ဦးက အခိုင်အမာ ပြောကြားလိုက်ပါတယ်။

အဲဒီလေယာဉ်ဟာ ရုရှားနယ်စပ်အနီးမှာရှိတဲ့ ယူကရိန်းနိုင်ငံ Luhansk ဒေသအနီး အရှေ့ပိုင်းဝေဟင်အထက် အမြင့် ၄ မိုင်ခန့်လောက်မှာ ပျံသန်းခဲ့တဲ့ လေယာဉ်တစ်စင်း ဖြစ်ကြောင်း၊ အဲဒီနေရာမှာ ယူကရိန်းစစ်ဘက်က ရုရှားထောက်ခံတဲ့ ခွဲထွက်ရေးသမား တွေနဲ့ စစ်ဖြစ်တဲ့နေရာဖြစ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး လေယာဉ်အမှုထမ်းတွေ အနေနဲ့ ယူကရိန်းစစ်ဘက်နဲ့ အဆက်အသွယ်ပြုလုပ်ခဲ့ပြီး ယူကရိန်းစစ်ဘက်ကလည်း အဲဒီလေယာဉ် အပျက်အစီးတွေကို သူတို့ပိုင်နက်နယ်မြေထဲကို သယ်ဆောင်ဖို့ ကြိုးပမ်း နေကြောင်း ကီယက်ဗ်အစိုးရအရာရှိက ပြောကြားခဲ့ပါတယ်။

အဲဒီလေယာဉ် ပျံသန်းတဲ့အမြင့်ဟာ မြေပြင်ကနေ ဒုံးကျည်နဲ့ပစ်ဖို့ အင်မတန် မြင့်မားလွန်းတဲ့ အနေအထားမှာရှိကြောင်း၊ အင်မတန်စွမ်းရည် ပြည့်ဝတဲ့ ဒုံးကျည်တစ်စင်းကို ရုရှားပိုင်နက်နယ်မြေထဲက ပစ်ခတ်ခဲ့နိုင်ဖွယ်ရှိတယ်လို့လည်း ယူကရိန်းသမ္မတ ပက်ထရိုဗိုရိုရှန်ကိုက သူ့ရဲ့ထုတ်ပြန်ကြေညာချက်တစ်စောင်မှာ ပြောကြားထားပါတယ်။

ဒါပေမဲ့လည်း ရုရှားသမ္မတရုံးက ပြောခွင့်ရအမျိုးသမီးကတော့ ရုရှားနိုင်ငံဘက်က ဒုံးကျည်တစ်စင်းကို ပစ်ခတ်ခဲ့တယ်ဆိုတာ သူ့အနေနဲ့ အတည်ပြုပြောကြားနိုင်ခြင်း မရှိဘူးလို့ ပြောကြားထားပါတယ်။

ဇူလိုင်လ ၁၀ ရက်ကလည်း ရုရှားထောက်ခံတဲ့ ခွဲထွက်ရေးသမားတွေဟာ Luhansk ဒေသမှာရှိတဲ့ ယူကရိန်းစစ်စခန်းတစ်ခုကို ဒုံးကျည်များနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ယူကရိန်းစစ်သား ၁၉ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၅၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ယူကရိန်း တန်ပြန်အကြမ်းဖက်မှုရုံးရဲ့ အဆိုအရ သိရပါတယ်။

No comments:

Post a Comment