Sunday, July 6, 2014
စည်းရုံးတာလား ခြိမ်းခြောက်တာလား
၂၀၁၅ နီးလာလေ ဘာသာရေးနဲ့ နိုင်ငံရေး အမြတ်ထုတ်မှုတွေက စိတ်လာလေပါဘဲ၊၊
ဇာဂနာပြောသလို ၄၃၆ ကို ပြင်ဖို့အတွက် နားလည်အောင် ရှင်းပြမှုမရှိဘဲ လက်မှတ်ရဘို့အတွက်ဘဲ စဉ်းစားနေတော့ ၄၃၆ ဆိုတာကြီးက ချဲ နံပါတ်လိုလို၊ အတိတ်စိမ်းဘဲ ပေးသလိုလိုနဲ့၊၊
မြန်မာနိုင်ငံတစ်ဝှမ်းလုံးမှာ ၄၃၆ ပြင်ဘို့ အတွက် ပြည်သူတွေရဲ့ ထောက်ခံမှု လက်မှတ် ၃ သန်းကျော်ရနေပြီလို့ NLD ကပြောဘူးပါတယ်၊၊ ဒီလက်မှတ်တွေသည် တကယ်ရော စစ်မှန်ပါရဲ့လား၊၊ NLD ရဲ့ စည်းရုံးရေးအဖွဲ့ ဝင်တွေက အမှန်တကယ်ဘဲ စည်းရုံးပြီး ဒီထောက်ခံ မှုလက်မှတ်တွေကို ရခဲ့သလားဆိုတာလဲ စဉ်းစားစရာဘဲ ဖြစ်ပါတယ်၊၊
၂၀၀၈ခုနှစ်တုန်း စစ်အစိုးရလုပ်ခဲ့သလိုပေါ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထု ရာခိုင်နှုန်း ၉၀ ကျော် ထောက်ခံတယ်ဆိုတာလေ။ ဘယ်လိုထောက်ခံခဲ့ရလဲဆိုတာ ကျွန်တော်တို့ ပြည်သူတွေအသိဆုံးပါ။ လူလာရင်ဘဲဖြစ်ဖြစ်၊ မလာရင်ဘဲဖြစ်ဖြစ် အရေး မကြီးဘူး။ လာရင်လည်း အမှန်ဘဲခြစ်ပါ။ မလာရင်တော့ ပယ်မဲမဖြစ်ဘဲနဲ့ ထောက်ခံမဲ ဖြစ်သွားတာတွေ။ နိုင်ငံခြားရောက်နေတဲ့ မြန်မာနိုင်ငံသားစာရင်းကို သံရုံးကတဆင့် ကောက်ခံထားပြီး အဲဒီဦးရေအတိုင်း ဝေပုံကျခွဲတမ်းနဲ့ မြန်မာသံရုံးဝန်ထမ်းတွေ ထောက်ခံခဲ့တာတွေလေ။
ကျနော်သည် ဘယ်ပါတီကမှမဟုတ်ပါ၊၊ ကိုယ်ယုံကြည်သည့် ပုဂ္ဂိုလ်ကို အဖွဲ့အစည်း ကိုမဲပေးခဲ့ပါသည်၊၊ ဒါပေမဲ့ ကိုယ် ရွေးချယ်ပေးခဲ့သော မော်လမြိုင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်ဌေးကြွယ်သည် မိမိတို့ပြည်နယ် အကျိုး အတွက် လွှတ်တော်မှာ ဘာများ လုပ်ပေးနိုင်၊ တင်ပြပေးနိုင်ခဲ့ပါပြီလဲ၊၊ တင်လဲ ပယ်ချမယ်ဆိုတာမျိုးတော့ မပြောပါနဲ့။ ကိုယ်ပြည်နယ်အတွက် တင်ပြပေးရမှာက လွှတ်တော်ကိုယ်စားလှယ်ရဲ့ တာဝန်ပါ။ ကျနော်မြင်တာတော့ NLD အစိုးရဖွဲ့နိုင်မှ လုပ်ပေးနိုင်မဲ့ ပုံစံဖြစ်နေတယ်၊၊ ယုံကြည် အားကိုးလို့ ကျနော်တို့ပြည်သူတွေ လွှတ်တော်ထဲ တင်ပေးခဲ့တာပါ၊၊
ကျနော် အခုပြောချင်တာက ၄၃၆ပြင်ဘို့ ထောက်ခံမှုလက်မှတ်ကိစ္စပါ၊၊ ကျိုက်မရော မြို့နယ် ကျွန်းရွာ၊ လှိုင်ကမိန်၊ သရက်ကုန်းစတဲ့ ရွာလေးတွေမှ ထောက်ခံမှုလက်မှတ် ရဘို့ NLD ကစည်းရုံးရေးဆင်းပါတယ်၊၊ တောသူတောင်သားတွေက ရိုးသားပါတယ်၊၊ ၄၃၆ ဆိုတာလဲ သူတို့ မသိပါဘူး၊၊ ၅၉(စ)ဆိုပိုဆိုးသေး၊၊ ကျနော် အဒေါ်နဲ့ညီက မေးလို့ ရှင်းပြရသေးတယ်၊၊ အဒေါ်က မသိပါဘူးကွယ်၊ ငါက ကြောက်ကြောက်နဲ့ လက်မှတ်သာ ထိုးပေးလိုက်ရတာ၊ ဘာမှနားမလည်ဘူး၊၊ NLD မနိုင်ခဲ့ရင် ရော ကြံ့ဖွတ်က ငါတို့ကိုဖမ်းမှာလား ဆိုပြီး စိုးရိမ်စိတ်နဲ့မေးပါတယ်၊၊ ဒီမိုကရေစီခေတ်မှာ ကိုယ်ဆန္ဒသာ အရေးကြီးပါတယ်၊၊ ဥပဒေကျူးလွန်မှု မရှိရင် အဒေါ့်ကို ဘယ်သူမှလာဖမ်းလို့ မရပါဘူးလို့ ပြောပြရပါတယ်။
ကျနော့်ညီဆိုရင် မထိုးပေးနိုင်ဘူးလို့ပြောတာ၊ NLD စည်းရုံးရေးအဖွဲ့ဝင်ထဲက တစ်ယောက်က လက်မှတ်မထိုးပေးရင် ဒီကောင်တွေကို ထမင်းမကျွေးနဲ့ဆိုပြီး ပြောပါတယ်။ ကျနော့်ညီကလည်း ခပ်ရွတ်ရွတ်ဆိုတော့ ခင်ဗျား လက်မှတ်ထိုးပေးရင် ထမင်းကျွေးမှာ တကယ်သေချာလား၊ ဒါဆိုရင် ကျနော်နေ့တိုင်းလာထိုးပေးမယ်လို့ ပြောတော့ အောင့်သက်သက်နဲ့ ပြန်သွားပါတယ်။ ကျနော်ကလည်း ကောင်းတယ်၊ မင်းပြောတာ ကောင်းတယ်လို့ပြန်ပြောလိုက်ပါတယ်။ မင်းတို့ ဘုမသိ၊ ဘမသိနဲ့ အရမ်း လက်မှတ်ထိုးဘို့ မစဉ်းစားနဲ့၊ ထိုးချင်တယ်ဆိုရင် အရင်ဆုံးသိအောင်လုပ်ဆိုပြီး ပြောပြ ရပါတယ်။
ကလိန်စေ့ငြမ်းဆင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတွေကဘဲ ထောက်ခံမဲတွေ ပေးလို့ လက်မှတ် (၃)သန်းကျော်တောင်ရနေပြီဆိုတာ ပြောသွားတာကတော့ တင်မောင်သားတို့အတွက်ကတော့ ဟာသတစ်ပုဒ်လို ဖြစ်နေကြောင်းပါခင်ဗျား။
ရွှေမန်းတင်မောင်သား
Subscribe to:
Post Comments (Atom)

No comments:
Post a Comment