CNN, July 22, 2014
ဘီလူးကျွန်းသား
ဖရိုဖရဲဖြစ်ပွားမှုများ၊ ပူဆွေးသောကရောက်နေမှုများ၊ နိုင်ငံရေးအခြေအနေနှင့် တစ်ဦး ပေါ်တစ်ဦး အပြစ်ဖို့ လက်ညှိုးထိုးနေမှုများအကြားတွင် မလေးရှားလေကြောင်းလိုင်းပိုင် MH17 ပစ်ချခံခဲ့ရမှုနှင့်ပတ်သက်၍ အဓိကကျသည့် မေးခွန်းအချို့အား ဖြေဆိုနိုင်ရန် မနီးစပ်သေးပေ။ လူပေါင်း ၂၉၈ ဦးသေဆုံးခဲ့ရသည့် မလေးရှားလေကြောင်းလိုင်းပိုင် MH17 လေယာဉ်ပစ်ချခံခဲ့ရမှုသည် မငြိမ်မသက်ဖြစ်ပွားနေသည့် ယူကရိန်းဒေသကို ကမ္ဘာ့ပြဿနာတစ်ရပ်သို့ အသွင်းကူးပြောင်းသွားစေခဲ့ပါသည်။
MH17 လေယာဉ်ပျက်ကျခဲ့မှုနှင့်ပတ်သက်၍ ယခုတိုင် ဖြေကြားရန်ခက်သည့် အောက်ဖော်ပြပါ မေးခွန်း(၅)ခုရှိပါသည်။
၁။ မလေးရှားလေကြောင်းလိုင်းပိုင် MH17 လေယာဉ်အား မည်သူက ပစ်ချခဲ့သနည်း။
စုံစမ်းစစ်ဆေးမှုများကို အပြည့်အဝပြုလုပ်၍ ယင်းပြဿနာရပ်အား မိမိတို့ ဖြေရှင်း နိုင်ပါသည်။ MH17 လေယာဉ်မှာ ရုရှားလိုလားသည့် သူပုန်များထိန်းချုပ်ထားသော ယူကရိန်းနိုင်ငံ ပိုင်နက်နယ်မြေအတွင်း၌ မြေပြင်မှဝေဟင်ပစ် ဒုံးကျည်ဖြင့် ပစ်ချခြင်း ခံခဲ့ရသည့်ကို မိမိတို့အားလုံး သိရှိထားကြပါသည်။
ရုရှားဒုံးတပ်ဖွဲ့တစ်ခုမှ ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့သည့် အလွန်စိတ်ဝင်စားဖွယ်ကောင်းသော သက်သေအထောက်အထားကို မိမိတို့ရရှိထားသည့်ဟု ယူကရိန်းအစိုးရက ပြောကြား ထားပါသည်။ အမေရိကန်ပြည်ထောင်စုကလည်း ရုရှားတို့လေ့ကျင့်ပေးထားသည့် သူပုန်များအပေါ် လက်ညှိုးထိုးထားပါသည်။
"အနည်းဆုံး ဒုံးကျည်တစ်စင်းနှင့်အတူ ရုရှားနိုင်ငံတွင်းသို့ ပြန်လည်ဝင်ရောက် သွားသည့် ဒုံးတပ်ဖွဲ့တစ်ဖွဲ့၏ ဗီဒီယိုဖိုင်တစ်ခုကို မိမိတို့ ရရှိထားကြောင်းဖြင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက CNN သတင်းဌာနသို့ ဇူလိုင်လ ၂၂ ရက်နေ့တွင် ပြောကြားထားခဲ့ပါသည်။
သို့သော် ရုရှားဘက်က တစ်စုံတစ်ရာ ပါဝင်ပတ်သက်မှုမရှိဟု ငြင်းဆိုပြောကြား ထားသည့်နည်းတူ ရုရှားလိုလားသည့် သူပုန်များကလည်း ယူကရိန်းတို့ ပစ်ချခဲ့ခြင်း ဖြစ်သည်ဟု သက်သေအထောက်အထားမရှိဘဲ စွပ်စွဲပြောကြားထားပါသည်။
၂။ တစ်ဦးဦးက ခရီးသည်တင်လေယာဉ်ကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဘာကြောင့်လဲ။
ရုရှားလိုလားသည့်သူပုန်များက ယင်းလေယာဉ်ပစ်ချခဲ့မှုနောက်ကွယ်တွင် နက်နက် ရှိုင်းရှိုင်းပါဝင်နေသည်ဟု ယူဆရပြီး MH17 ခရီးသည်တင်လေယာဉ်အား ယူကရိန်း စစ်ဘက်လေယာဉ်တစ်စင်းအဖြစ် မှားယွင်းပစ်ခတ်ခဲ့ခြင်း ဖြစ်နိုင်ဖွယ်ရှိပါသည်။ ပြီးခဲ့ သည့်လအနည်းငယ်အတွင်းက ရုရှားလိုလားသည့် သူပုန်များသည် သယ်ယူ ပို့ဆောင်ရေးလေယာဉ်(၂)စီးအပါအဝင် လေယာဉ်(၁၂)စင်းကျော်အား မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်များအသုံးပြု၍ ပစ်ချခဲ့ပြီးဖြစ်သည်ဟု ကီယက်ဗ်မြို့ရှိ အမေရိကန် သံရုံးမှ ပြောကြားထားခဲ့ပါသည်။
MH17 ခရီးသည်တင်လေယာဉ် ပစ်ချခံခဲ့ရပြီး အချိန်တိုခဏအတွင်းမှာပင် Donetsk ပြည်သူ့သမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဟု ၎င်းဘာသာ၎င်း ထုတ်ဖော်ပြောကြားထား သည့် အီဂေါစထရေကော့ဗ်က လူမှုရေးသတင်းမီဒီယာတစ်ခုမှနေ၍ ရုရှားလိုလားသည့် သူပုန်များက ယူကရိန်းစစ်ဘက်သယ်ယူပို့ဆောင်ရေးလေယာဉ်တစ်စင်းအား ပစ်ချခဲ့ ကြောင်း အခိုင်အမာပြောကြားခဲ့ပါသည်။ ၎င်းထုတ်ဖော်ပြောကြားချက်များအား နောက်ပိုင်းတွင် ပယ်ဖျက်ခဲ့ပြီးသည်နှင့်တပြိုင်နက် လေယာဉ်မှာ ခရီးသည်တင် လေယာဉ်တစ်စင်းဖြစ်ကြောင်း ပေါ်ထွက်လာခဲ့ပေသည်။
ယူကရိန်း စစ်ဘက်လေယာဉ်တစ်စင်းဟု မှားယွင်းယူဆနိုင်ဖွယ်ရှိသည်ဟုလည်း အရီဇိုးနား စန်ဂျွန်မက်ကိန်းက MSNBC သို့ ပြောကြားထားခဲ့ပါသည်။
၃။ MH17 ခရီးသည်တင်လေယာဉ်ကလည်း စစ်ပွဲဇုန်နယ်မြေတစ်ခုပေါ်မှ ဘာကြောင့် ဖြတ်ပျံခဲ့ရတာလဲ။
လေကြောင်းလိုင်းအများစုသည် အမျိုးသားလေကြောင်းအာဏာပိုင်များမှ ချမှတ်ထား သည့် စည်းမျဉ်းစည်းကမ်းအတိုင်း လိုက်နာဆောင်ရွက်ကြရပြီး အများစုမှာ အသုံးပြုနိုင် သည့် တိုက်ရိုက်လမ်းကြောင်းများအတိုင်း ပျံသန်းရပါသည်ဟု အမေရိကန်သယ်ယူပို့ ဆောင်ရေးဌာနမှ စုံစမ်းစစ်ဆေးရေးမှူးချုပ်ဟောင်း မေရီရှီယာဗိုက ပြောကြားခဲ့ပါသည်။
မလေးရှားလေကြောင်းလိုင်းပိုင် MH17 လေယာဉ်သည် နိုင်ငံတကာလေကြောင်းလိုင်း များမှ လေယာဉ်များအတွက် ပုံမှန်လမ်းကြောင်းဖြစ်သည့် အမ်စတာဒန်မြို့မှ ကွာလာလမ်ပူမြို့သို့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းပေါ်မှ ဖြတ်ပျံခဲ့ခြင်းဖြစ်သည်။
"ယူကရိန်းအာဏာပိုင်များအနေဖြင့် ယူကရိန်းအရှေ့ပိုင်းရှိ ဝေဟင်ပိုင်နက်အတွင်းတွင် အမြင့်ပေ ၃၂၀၀၀ အောက် ပျံသန်းခြင်းမပြုရန် ပြောကြားထားကြောင်း၊ သို့သော် မလေးရှားလေကြောင်းလိုင်းပိုင် MH17 ခရီးသည်တင်လေယာဉ်ကိုမူ အမြင့်ပေ ၃၃၀၀၀ တွင် ပျံသန်းခွင့်ပြုခဲ့ကြောင်း"ဖြင့် ပြီးခဲ့သည့်သီတင်းပတ်အတွင်းက ဥရောပ လေကြောင်းအေဂျင်စီတစ်ခုက ပြောကြားခဲ့ပါသည်။
မတူညီသည့်နေရာများအတွင်း မေးမြန်းစုံစမ်းရန်အတွက် မေးခွန်းများစွာရှိကြောင်း၊ ယူကရိန်းအစိုးရအရာရှိများအနေဖြင့် အဘယ့်ကြောင့် ၎င်းတို့၏ ဝေဟင်ပိုင်နက်အား အပြည့်အဝ ပိတ်ပစ်ခြင်းမရှိပါသလဲ။ ၃၂၀၀၀ ပေအောက် မပျံသန်းရဆိုသည်မှာ စိတ်ကူးပေါက်သလိုပေးခဲ့သည့် ကိန်းဂဏန်းတစ်ခုသာဖြစ်ကြောင်းဖြင့် CNN လေကြောင်းသုတေသီ မိုင်းစ်အိုဘရင်းက ပြောကြားထားခဲ့ပါသည်။
၎။ ၎င်းလေယာဉ်ပျက်ကျခဲ့သည့်နေရာအတွင်းသို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးသမား များအား မည်သည့်အချိန်ကျမှ ဝင်ရောက်စုံစမ်းစစ်ဆေးခွင့်ပေးမလဲ။
ယင်းအဖြေနှင့်ပတ်သက်၍ မည်သူတစ်ဦးတစ်ယောက်မျှ မသိရှိနိုင်သေးပေ။
ဇူလိုင်လ ၂၁ ရက်နေ့အစောပိုင်းတွင် ကုလသမ္မဂလုံခြုံရေးကောင်စီအစည်းအဝေး ပြီးဆုံးခဲ့ပါသည်။ ထိုအစည်းအဝေးတွင် ခရီးသည်တင် လေယာဉ်ပျက်ကျခဲ့သည့် နေရာအတွင်းသို့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးသမားများ ဝင်ရောက်ခွင့်ရရန်အတွက် သြစတြေးလျနိုင်ငံမှ စတင်တောင်းဆိုခဲ့ပါသည်။
လေယာဉ်ပျက်ကျခဲ့သည့်နေရာသည် ရုရှားနိုင်ငံအား ကျောထောက်နောက်ခံပြုထား သည့် ယူကရိန်းခွဲထွက်ရေးသူပုန်များ ထိန်းချုပ်ထားရာ နေရာတစ်ခုဖြစ်သည်ဆိုသည့် အချက်မှာ စဉ်းစားစရာမလိုသည့် အချက်ပင်ဖြစ်ကြောင်း၊ ယင်းခရီးသည်တင် လေယာဉ်ပျက်ကျခဲ့မှုတွင်လည်း ရုရှားနိုင်ငံအား ကျောက်ထောက်နောက်ခံပြုထားသည့် ယူကရိန်းခွဲထွက်ရေးသူပုန်များ၏ အပြစ်မကင်းသည်မှာ သေချာလုနီးပါးပင်ဖြစ်ကြောင်း ဖြင့် သြစတြေးလျဝန်ကြီးချုပ် တိုနီအက်ဘော့က်က ဇူလိုင်လ ၂၁ ရက်နေ့တွင် ပြောကြားထားခဲ့ပါသည်။
သို့သော် ရုရှားနိုင်ငံအနေဖြင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် ဗီတိုအာဏာသုံးပိုင်ခွင့်ရှိပြီး ယူကရိန်းနိုင်ငံအနေဖြင့် တစ်စုံတစ်ရာ စုံစမ်းစစ်ဆေးခြင်းမှ လွတ်မြောက်နိုင်ရေး ဆုံးဖြတ်ချက်ကိုလည်း ပြင်ဆင်လိုလျက်ရှိ ပါသည်။
၅။ ရုရှားနိုင်ငံအနေဖြင့် မည်သို့ တုံ့ပြန်မည်နည်း။
ရုရှားနိုင်ငံမှထောက်ပံ့ပေးသည့် ဒုံးကျည်တစ်စင်းကို အသုံးပြု၍ ယူကရိန်းခွဲထွက်ရေး သူပုန်များမှ မလေးရှားလေယာဉ်အား ပစ်ချခဲ့ခြင်းဖြစ်သည်(သို့မဟုတ်) ရုရှားတို့က ပစ်ချခဲ့ခြင်းဖြစ်သည်ဟူသော အချက်နှစ်ချက်အနက် တစ်ချက်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်အနေဖြင့် ရွေးချယ်ရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက မည်သည့် အချက်ကိုမျှ ရွေးချယ်လိမ့်မည်မဟုတ်ဟု ပရော်ဖက်ဆာ ဒန်နီရယ်လ်ထရီးစ်မန်က ပြောကြားခဲ့ပါသည်။
ရုရှားသမ္မတအနေဖြင့် ဆုံးဖြတ်ချက်များကို ပယ်ချနိုင်ပြီး ယူကရိန်းခွဲထွက်သူပုန်များ ဘက်မှ ရပ်တည်နိုင်ဖွယ်ရှိပါသည်။ အနောက်နိုင်ငံများကလည်း ရုရှားနိုင်ငံအပေါ် တင်းကျပ်သော စီးပွားရေး ပိတ်ဆို့မှုများကို လုပ်ဆောင်လာနိုင်ဖွယ်ရှိပါသည်။
ထိုသို့မဟုတ်ပါက ပူတင်အနေဖြင့် ယူကရိန်းခွဲထွက်ရေးသူပုန်များနှင့် ဆက်ဆံရေး ဖြတ်တောက်နိုင်ဖွယ်ရှိပါသည်။ သို့သော် ယင်းကိစ္စမှာ အနာဂတ်ပြဿနာတစ်ရပ်သာ ဖြစ်နိုင်ပါသည်။
ကီယက်ဗ်မြို့ရှိ ဖက်ဆစ်စနစ်အစိုးရ၏အမိန့်အောက်မှ တပ်ဖွဲ့များက Donetsk နှင့် Luhansk မြို့များရှိ လူမျိုးစုများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသည်ဟူသော ဝါဒဖြန့်မှုများကို အဆက်မပြတ် ထုတ်လွှင့်နေခြင်းကိုက ၎င်းတို့နှင့် လူမျိုးစုချင်း တူညီသော ရုရှားလူမျိုးအများအပြားကို စည်းရုံးသိမ်းသွင်းပြီးသား ဖြစ်နေပေသည်ဟု ပရော်ဖက်ဆာ ထရီးစ်မန်က ပြောကြားခဲ့ပေသည်။ ထရီးစ်မန်မှာ လော့အိန်ဂျလိစ်မြို့၊ ကယ်လီဖိုးနီးယားတက္ကသိုလ်တွင် နိုင်ငံရေးသိပံဘာသာရပ်အား သင်ကြားပို့ချနေသူ ဖြစ်သည့်အပြင် The Return: Russia's Journey from Gorgachev to Medvedev ဟူသောစာအုပ်ကို ရေးသားခဲ့သူဖြစ်လေသည်။
နိုင်ငံတကာဖိအားပေးမှုကို အသိအမှတ်ပြုရန်နှင့် ယခင်စွပ်စွဲချက်များကို စွန့်လွှတ် နိုင်ရန်တို့အတွက် လက်ရှိတွင် ရုရှားသမ္မတ ပူတင်အနေဖြင့် သူရဲဘောကြောင် လျက်ရှိနေပေသည်။



No comments:
Post a Comment