Monday, May 19, 2014

ထိုင်းကြည်းတပ်က မာရှယ်လောထုတ်ပြန်လိုက်ခြင်း

CNN, 20-5-2014

ထိုင်းကြည်းတပ်က ၂၀၁၄ခုနှစ်၊ မေလ ၂၀ ရက်နေ့တွင် နိုင်ငံတစ်ဝန်းလုံး၌ မာရှယ်လော ထုတ်ပြန်လိုက်သည့်အတွက် ထိုင်းကြည်းတပ်၏ လှုပ်ရှားမှုကို အံ့အားသင့်မိကြောင်း၊ ယင်းကိစ္စကိုလည်း မိမိတို့အစိုးရအဖွဲ့မှ ကြိုတင်သိရှိထားခြင်း မရှိကြောင်း၊ ယင်းလုပ်ရပ်သည် အရေးမကြီးပါကြောင်း၊ အစိုးရအဖွဲ့အနေဖြင့် ထိုင်းကြည်းတပ်၏ မာရှယ်လောထုတ်ပြန်ခဲ့မှုနှင့်စပ်လျဉ်း၍ အထူးအစည်းအဝေး တစ်ရပ် ကျင်းပလျက်ရှိပါကြောင်း၊ ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာအနေဖြင့် ၎င်းထုတ်ပြန်ခဲ့သည့်အမိန့်အပေါ် ဘက်မလိုက်ဘဲ သမာသမတ် ကျစွာ လုပ်ဆောင်ခြင်းရှိ/မရှိကိုမူ မိမိတို့ စောင့်ကြည့်သွား ရမည်ဖြစ်ကြောင်း၊ ယခု ထိုင်းကြည်းတပ်၏ မာရှယ်လောထုတ်ပြန်ခဲ့မှုသည် တစ်ဝက်တစ်ပျက် အာဏာသိမ်း ခြင်းပင်ဖြစ်ကြောင်းဖြင့် ယာယီအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်၏ စစ်ဘက်လက်ထောက် တစ်ဦးက ပြောကြားခဲ့ပါသည်။

သို့သော် ထိုင်းကြည်းတပ်မှ ဒုတိယဗိုလ်ချုပ်ကြီး နီပက်သောင်န်လတ်ကမူ ထိုင်းကြည်းတပ်၏ လှုပ်ရှားမှုသည် အာဏာသိမ်းခြင်းမဟုတ်ကြောင်းဖြင့် CNN သတင်း ဌာနသို့ ပြောကြားခဲ့ကြောင်း၊ ထိုင်းကြည်းတပ် ရုပ်မြင်သံကြားအစီအစဉ်မှ ဝန်ထမ်း တစ်ဦးကလည်း ထိုင်းကြည်းတပ်၏ ရည်ရွယ်ချက်မှာ ငြိမ်ဝပ်ပိပြားရေးအား ထိန်းသိမ်း ရန်နှင့် ဘက်ပေါင်းစုံ၊ ပါတီပေါင်းစုံတို့မှ ပြည်သူများ၏ ဘေးကင်းလုံခြုံရေးအတွက်သာ ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် စိုးရိမ်ထိတ်လန့်မှု မဖြစ်ကြစေလိုကြောင်း၊ ၎င်းတို့၏ စီးပွားရေးကို ပုံမှန်ဆက်လက် လုပ်ဆောင်သွားနိုင်ကြောင်း၊ မာရှယ်လောထုတ်ပြန်ခြင်း သည် အာဏာသိမ်းခြင်းမဟုတ်ပါကြောင်း၊ မာရှယ်လောမှာ ၂၀-၅-၂၀၁၄ ရက်နေ့ ၀၃၀၀ နာရီအချိန်မှစ၍ အသက်ဝင်ခဲ့ပြီဖြစ်ကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

ထိုင်းပြည်သူ့ရုပ်မြင်သံကြားဌာနမှလည်း ထိုင်းရုပ်သံလွှင့်ဌာနများအားလုံးကို ထိုင်းကြည်းတပ်မှ စောင့်ကြပ်လျက်ရှိကြောင်းဖြင့် ပြောကြားကာ နိုင်ငံအတွင်းရှိ အဓိကမြို့ကြီးများမှ ရုပ်သံလွှင့်ဌာနများ၏ အဆောက်အအုံပြင်ပတွင် ထိုင်းစစ်သားများ နှင့် သံချပ်ကာယာဉ် များ နေရာယူထားသည့် ဓာတ်ပုံများကိုလည်း ထုတ်ဖော်ပြသခဲ့ ကြောင်း၊ လိုအပ်ပါက ထိုင်းရုပ်သံနှင့် ရေဒီယိုအသံလွှင့်ဌာနများအားလုံးသည် ၎င်းတို့ ပုံမှန်ထုတ်လွှင့်နေကျ အစီအစဉ်များအား ရွှေ့ဆိုင်းထားရမည်ဟုလည်း ထိုင်း ကြည်းတပ်မှ ထုတ်ပြန်ကြေညာ ထားကြောင်းဖြင့် သတင်းထုတ်ပြန်ခဲ့သည်။

ထိုင်းနိုင်ငံတွင် နိုင်ငံရေးတင်းမာနေမှုများက အမြင့်ဆုံးအဆင့်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ကြောင်း၊ အစိုးရထောက်ခံသူများနှင့် အစိုးရဆန့်ကျင်သူများကလည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အလုံးအရင်းဖြင့် ဆန္ဒပြမှုများကို အသီးသီး လုပ်ဆောင်ခဲ့ကြကြောင်း၊ ထိုင်းကြည်းတပ်၏ မာရှယ်လောထုတ်ပြန်မှုက နိုင်ငံရေး တင်းမာမှုများအား လျော့ကျသွားစေမည်လော၊ သို့မဟုတ် ပိုမိုမြင့်တက်လာစေ မည်လော ဆိုသည်ကို ပြောကြားရန်အတွက် အချိန်စောလွန်းနေသေးသည်ဟု နိုင်ငံရေး လေ့လာသူများက သုံးသပ်ပြောကြားထားကြောင်း သိရှိရပါသည်။

ဘီလူးကျွန်းသား

No comments:

Post a Comment