Wednesday, May 7, 2014

Cobra Gold ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းနှင့် ထိုင်းနိုင်ငံ မဟာဗျူဟာအကျိုးစီးပွား


 (၃၂)ကြိမ်မြောက် Cobra Gold 2013 (CG-13) ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းအား ထိုင်းနှင့်အမေရိကန် နှစ်နိုင်ငံတို့က ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့မှ (၂၁)ရက်နေ့အထိ ပူးတွဲကျင်းပပြုလုပ်သွားခဲ့ပြီး အာရှ-ပစိဖိတ် ဒေသတွင်းနိုင်ငံများဖြစ်သော အမေရိကန်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန်နှင့် တောင်ကိုးရီးယားနိုင်ငံတို့မှ တပ်ဖွဲ့ဝင်ပေါင်း (၁၂,၅၉၃)ဦးတို့ ပါဝင်လေ့ကျင့်ခဲ့ကြပါသည်။ ၎င်း CG-13 ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းတွင် ပါဝင်ဆောင်ရွက်လျက်ရှိသော စစ်ဦးစီးဆိုင်ရာလေ့ကျင့်ခန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် စီမံချက်ရေးဆွဲသည့် နိုင်ငံစုံအဖွဲ့ (Multinational Planning and Augmentation Team-MPAT) တွင် ဗီယက်နမ်၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ နီပေါ၊ မွန်ဂိုလီးယား၊ သြစတြေးလျ၊ ကနေဒါ၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့ပါဝင်ပြီး လေ့လာသူနိုင်ငံများထဲတွင် လာအို၊ ကမ္ဘောဒီးယား၊ မြန်မာ၊ အရှေ့တီမော၊ သီရိလင်္ကာ၊ တရုတ်၊ ရုရှား၊ တောင်အာဖရိက၊ နယူးဇီလန်နှင့် နယ်သာလန်နိုင်ငံတို့ ပါဝင်ကြပါသည်။ Cobra Gold ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းအား အမေရိကန်နိုင်ငံ နှင့်အတူ ပူးတွဲကျင်းပပြုလုပ်ခွင့်ရသည့်အတွက် ထိုင်းတပ်မတော်အနေဖြင့် ဝမ်းမြောက်ဂုဏ်ယူရမည်ဖြစ်သည်။ ဆယ်စုနှစ်(၃)စုကျော်ကာလအတွင်း၌ ထိုင်းတပ်မတော်အနေဖြင့် အသိဥာဏ်ပညာနှင့် ကာကွယ်ရေးစွမ်းရည် များ တိုးတက်မြင့်မားလာစေသည့် အခွင့်အလမ်းတစ်ရပ်ကိုလည်း ရရှိစေခဲ့ပါသည်။
 ထို့အပြင် ထိုင်းဘုရင့်တပ်မတော်အနေဖြင့် ၎င်း၏တပ်ဖွဲ့များ အရည်အသွေးတိုးတက်လာစေရေး၊ တပ်ဖွဲ့ဝင်များ၏လိုအပ်ချက်များအား ဖြည့်ဆည်းပေးရေး၊ နိုင်ငံတကာစစ်ဆင်ရေးစီမံချက်များ၊ စစ်အခြေခံ သဘောတရားများ၊ တိုက်နည်းစနစ်ကောင်းများနှင့် ငြိမ်းချမ်းမှုထိန်းသိမ်းရေး နည်းပညာရပ်များအား လေ့လာ သင်ယူခွင့်ရရှိရေး အစရှိသည့် Cobra Gold ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်း၏ မဟာဗျူဟာတန်ဖိုး (Strategic Values)များအပေါ် အကောင်းဆုံးအသုံးချခွင့်ကိုလည်း ရရှိစေခဲ့ပါသည်။ Cobra Gold ပူးပေါင်း စစ်ရေး လေ့ကျင့်ခန်း၏ မဟာဗျူဟာတန်ဖိုးများအား အကောင်းဆုံးအသုံးချခွင့်ကို အခြားသောနိုင်ငံများအနေဖြင့် မရရှိနိုင်ပါ။ သို့သော် ဝမ်းနည်းစရာကောင်းသည့်အချက်မှာ ထိုင်းဘုရင့်တပ်မတော်အနေဖြင့် Cobra Gold ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်း၏ မဟာဗျူဟာတန်ဖိုးများအား ကောင်းစွာ အသုံးချနိုင်ခဲ့ခြင်းမရှိသည့် အချက်ပင် ဖြစ်သည်။
 စစ်အေးကာလ အရှိန်မြင့်တက်လာခဲ့စဉ်က ထိုင်း-အမေရိကန် နှစ်နိုင်ငံတပ်မတော်တို့သည် Cobra Gold ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းအား နှစ်စဉ် ပုံမှန်လေ့ကျင့်ခြင်းဖြင့် နှစ်နိုင်ငံအကြားရှိ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုများအပေါ် ခိုင်ခိုင်မာမာရပ်တည်နိုင်ခဲ့ကြပါသည်။ ထို့ပြင် ဒေသဆိုင်ရာလုံခြုံရေးအတွက် ထိုင်းနိုင်ငံ သည် အမေရိကန်နိုင်ငံ၏ အဓိကအမာခံနိုင်ငံတစ်နိုင်ငံအဖြစ် ရပ်တည်နိုင်ခဲ့ပါသည်။ ပြီးခဲ့သည့် အတိတ်ကာလ အတွင်းက ထိုင်းနိုင်ငံတွင်း၌ ကွန်မြူနစ်ခြိမ်းခြောက်မှုအန္တရယ်များဖြစ်ပေါ်နေခဲ့သည့်ကြားမှပင် ထိုင်းနိုင်ငံတွင်း သို့ အရှေ့ဘက်စစ်မျက်နှာစာမှ ပြည်ပ ကျူးကျော်သူများဝင်ရောက်လာမှု သဏ္ဍာန်တူလေ့ကျင့်ခန်းများကို ပုံမှန်လေ့ကျင့်နိုင်ခဲ့ကြပါသည်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းဒေသတစ်လျှောက်ရှိ ကျောက်ဆောင်ကျောက် သားများထူထပ်သော မြေမျက်နှာသွင်ပြင်အနေအထားတွင် ထိုင်း-အမေရိကန် နှစ်နိုင်ငံတပ်ဖွဲ့ဝင်များပူးပေါင်း၍ စီမံကိန်းရေးဆွဲခြင်း၊ လက်တွေ့လေ့ကျင့်ခြင်းတို့ဖြင့် တကယ့်စစ်မြေပြင်တွင် ရန်သူအား တွန်းလှန်တိုက်ခိုက် နေသကဲ့သို့ သဏ္ဍာန်တူ လေ့ကျင့်နိုင်ခဲ့ကြပါသည်။ သို့သော် ယခုအခါ ထိုင်းနှင့်အမေရိကန် နှစ်နိုင်ငံတပ်ဖွဲ့ဝင် များအနေဖြင့် ယင်းကဲ့သို့သောနေ့ရက်များအား ကျော်လွန်ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ ယေဘူယျခြိမ်းခြောက်မှု (သို့မဟုတ်) ရန်သူအစစ်အမှန် တစ်ဦးတစ်ယောက်မျှမရှိဘဲ ထိုင်း-အမေရိကန် လုံခြုံရေးဆိုင်ရာဆက်ဆံမှုများ ကို နှစ်နိုင်ငံစလုံးတို့က ဆွဲဆန့်ထားခဲ့ကြပြီး နှစ်နိုင်ငံစလုံးတို့၏ ရည်ရွယ်ချက်တို့သည်လည်း ဝတ္ထုဇာတ်လမ်း တစ်ပုဒ်ပမာ တဖြည်းဖြည်း ဇာတ်ရှိန်လျော့ကျလာခဲ့ရပါသည်။
 ထိုင်းနိုင်ငံဘက်မှ ရှုထောင့်အရ ပြောရမည်ဆိုလျှင် Cobra Gold ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းအား လေ့ကျင့်ခြင်းဖြင့် ထိုင်းဒေသခံများ၏စီးပွားရေးကို တိုးမြင့်လာစေခဲ့ခြင်း၊ အဆောက်အအုံသစ် အနည်းငယ်မျှကို တည်ဆောက်ပေးနိုင်ခဲ့ခြင်း၊ နေရာအနှံအပြားတို့တွှု သောက်သုံးရေတွင်းများကို တူးဖော်ပေးနိုင်ခဲ့ခြင်းတို့ကြောင့် ၎င်းစစ်ရေးလေ့ကျင့်ခန်းအား နွေးထွေးစွာ ကြိုဆိုလက်ခံရမည်ဖြစ်ပါသည်။ သို့သော် ထိုင်းတပ်မတော်၏ စွမ်းဆောင်ရည်ကို သိရှိနားလည်သဘောပေါက်ရန်နှင့် နှစ်စဉ်ပြုလုပ်ခဲ့သည့် Cobra Gold စစ်ရေးလေ့ကျင့်ခန်း ၏ မဟာဗျူဟာလိုအပ်ချက်များကို နောက်ပိုင်းတွင် အကျိုးရှိရှိအသုံးချရန်ဆိုသည့်အချက်မှာမူ လုံးဝ ပျောက်ဆုံး လျှက်ရှိပါသည်။ သို့သော် အခြားအိမ်နီးချင်းနိုင်ငံများအနေဖြင့်မူ ယင်းစစ်ရေးလေ့ကျင့်ခန်း၏ အကျိုးကျေးဇူး၊ မဟာဗျူဟာ ထိုးထွင်းသိမြင်မှုရလဒ်များကြောင့် အိမ်နီးချင်းနိုင်ငံများအနေဖြင့် ၎င်းတို့၏ နိုင်ငံတော် ကာကွယ်ရေးစီမံချက်များကို ပြောင်းလဲလာလျှက်ရှိသော မဟာဗျူဟာအသစ်များ၊ အမေရိကန်လုံခြုံရေး လိုအပ်ချက်များနှင့်အညီ လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲခဲ့ကြပါသည်။ ဥပမာဆိုရသော် စင်ကာပူ၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့အနေဖြင့် ၎င်းတို့၏ အတော်ဆုံးသော စစ်ရေးမဟာဗျူဟာပညာရှင်များအား Cobra Gold ဘက်စုံစစ်ရေးလေ့ကျင့်ခန်းများတွင် ပူးပေါင်းပါဝင်စေရန် အတွက် ပုံမှန်ရွေးချယ်စေလွှတ်ခြင်း၊ တတ်နိုင်သမျှ လေ့လာသင်ယူစေခြင်းတို့ကို လုပ်ဆောင်ခဲ့ကြပါသည်။ အထူးသဖြင့် ယင်းအိမ်နီးချင်း နိုင်ငံများသည် စစ်ဘက်နည်းပညာသစ်များ၊ ဆက်သွယ်ရေးနည်းပညာသစ်များ အား အမီလိုက်နိုင်စေရေး အတွက် ရည်ရွယ်ဆောင်ရွက်ခဲ့ကြပါသည်။
 အိမ်နီးချင်းနိုင်ငံများ၏ ဆောင်ရွက်မှုများသည် ထိုင်းတပ်မတော်မှ တပ်ဖွဲ့ဝင်များအတွက် အလွန်စိတ် မကောင်းစရာပင်ဖြစ်သကဲ့သို့ ဖြစ်ရပ်မှန်တစ်ခုလည်းဖြစ်ပါသည်။ ထိုင်းတပ်မတော်မှ တပ်ဖွဲ့ဝင်များသည် Cobra Gold စစ်ရေးလေ့ကျင့်ခန်းတွှု (၁၁)ရက်ခန့် အပိုတာဝန်များ ထမ်းဆောင်ကြရသည့်အပြင် သက်ဆိုင်ရာတပ်ဖွဲ့ အသီးသီးတို့၏ နေ့စဉ်လုပ်ငန်းတာဝန်များကိုလည်း ကြားဖြတ်လုပ်ဆောင်ကြရပါသည်။ Cobra Gold စစ်ရေး လေ့ကျင့်ခန်းတွင်ပါဝင်ကြသည့် ထိုင်းတပ်ဖွဲ့ဝင်များအနေဖြင့် အင်္ဂလိပ်စာအရည်အသွေးအားနည်းကြပြီး စစ်ရေး လေ့ကျင့်ခန်းပြီးဆုံးမည့် နောက်ဆုံးနေ့ရက်များ ရောက်ရှိလာရေးအတွက်ကိုသာ အာရုံစိုက်နေကြရသော ကြောင့် ထိုင်းလူမျိုးများ၏ အလွန်ကျော်ကြားသော ဖော်ရွေမှုနှင့် အပြုံးများကိုပင် မဖော် ပြနိုင်လောက်အောင်၊ လေ့ကျင့်ခန်းပြီးဆုံးသည့်အချိန်ကျမှ သက်ပြင်းချနိုင်ကြရလောက်အောင် ဖြစ်ခဲ့ကြရပါသည်။ ထိုင်းတပ်မတော် ခေါင်းဆောင်များအနေဖြင့် အစီရင်ခံစားများဖတ်ရှုခြင်း (သို့မဟုတ်) နောက်ဆက်တွဲသင်ခန်းစာ ဖော်ထုတ် လေ့လာမှုများကို အလွန်ပြုလုပ်ခဲ့လှသောကြောင့် ပြီးဆုံးသွားခဲ့သည့် Cobra Gold စစ်ရေး လေ့ကျင့်ခန်းများအပေါ် တပ်မတော်ခေါင်းဆောင်များအနေဖြင့် အကဲဖြတ် လေ့လာမှုတစ်ခုခု ပြုလုပ်နိုင်ခဲ့ခြင်း မရှိဟု ဆိုရမည်ဖြစ်ပေသည်။
 ထိုင်းဘုရင့်တပ်မတော်အနေဖြင့် Cobra Gold စစ်ရေးလေ့ကျင့်ခန်းကို အနှောင့်အယှက်မရှိ ဆက်လက်ဆောင်ရွက်နိုင်ခဲ့သည့် အချိန်များရှိသကဲ့သို့ အဆိုးရွားဆုံးသော အချိန်များနှင့်လည်း ရင်ဆိုင်ခဲ့ကြ ရပါသည်။ ယင်းအချိန်များမှာ ၁၉၉၁ခုနှစ်နှင့် ၂၀၀၆ ခုနှစ် အာဏာသိမ်းကာလများပင်ဖြစ်ပါသည်။ ထိုစဉ်က ထိုင်းတပ်မတော်အနေဖြင့် အမေရိကန်ဥပဒေပြုအမတ်များနှင့် သတင်းမီဒီယာများ၏ ပြင်းထန်သော ဝေဖန်ထိုးနှက်များကို ခံခဲ့ရပါသည်။ သို့သော် အမေရိကန်အစိုးရအနေဖြင့် ထိုင်းဘုရင့်တပ်မတော်အကြောင်းကို သိနှင့်ပြီးဖြစ်သောကြောင့် စစ်ရေးလေ့ကျင့်ခန်းများအား ဆက်လက်လုပ်ဆောင်ခဲ့ပြီး ထိုင်းဘုရင့်တပ်မတော်၏ ဗရုတ်ကျမှုကို ခွင့်လွှတ်သည်းခံခဲ့ပါသည်။ ယင်းအချိန်ကာလများကို ပြန်ပြောင်းကြည့်ခဲ့မည်ဆိုလျှင် စစ်ရေးလေ့ ကျင့်ခန်းကိုသာ အမေရိကန်ဘက်မှ ရွှေ့ဆိုင်းထားခဲ့မည်ဆိုပါက နှစ်နိုင်ငံတပ်မတော်များအကြား၌ ပြန်လည် ဆက်သွယ်ဆက်ဆံရန်အတွက် အလွန့်အလွန် ခဲယဉ်းသွားလိမ့်မည်ဖြစ်ပါသည်။ ထိုင်းနိုင်ငံရေးအခြေအနေများ ကလည်း ပြီးခဲ့သည့်ဆယ်စုနှစ်များအတွင်းက တည်ငြိမ်မှုမရှိသော၊ ခန့်မှန်းတွက်ချက်၍မရသော အနေအထား မျိုးဖြစ်သောကြောင့် ထိုင်း-အမေရိကန် မဟာမိတ်စာချုပ်၏ ရည်ရွယ်ချက်ကို မည်သို့မျှ အထောက်အကူပြုနိုင်ခဲ့ ခြင်းမရှိဘဲ တဖြည်းဖြည်း လုံးပါးပါးသွားစေမည့် အခြေအနေမျိုးသို့ ရောက်ရှိခဲ့ရပါသည်။ သို့သော် ကံကောင်းစေ သည့်အချက်မှာ ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလအတွင်းက ထိုင်းနိုင်ငံသို့ အမေရိကန်သမ္မတ လာရောက်လည်ပတ်ချိန် တွင် ထိုင်း-အမေရိကန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ပြန်လည်ရယူ ထိန်းသိမ်းနိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။
 ဒေသတွင်း၌ တရုတ်နိုင်ငံ၏ ပထဝီနိုင်ငံရေးလွှမ်းမိုးလာမှုအပေါ် အခြေအတင်ဖြစ်နေချိန်၌ Cobra Gold-2013 စစ်ရေးလေ့ကျင့်ခန်း၏ မဟာဗျူဟာတန်ဖိုးအား အကြိမ်ကြိမ်မြှင့်တင်ခဲ့ပါသည်။ ၂၀၁၁ခုနှစ်၊ နိုဝင်ဘာလအတွင်းကလည်း အင်အားချိန်ညှိရေးမဟာဗျူဟာများကို အမေရိကန်နိုင်ငံမှ ထုတ်ပြန်ကြေညာ၍ မဟာမိတ်ဟောင်းနိုင်ငံများအတွက် တံခါးသစ်များကို ဖွင့်လှစ်ပေးခဲ့ပြီး ဒေသတွင်းရှိ မိတ်ဆွေနိုင်ငံသစ်များကို လည်း ထိတွေ့ဆက်ဆံမှုများ ပြန်လည်စတင်ခဲ့ပါသည်။ ယင်းအခြေအနေတွင်လည်း ထိုင်းနိုင်ငံအနေဖြင့် ပြန်လည် တုံ့ပြန်ရန် နှေးကွေးခဲ့ပြန်ပါသည်။ အာရှ-ပစိဖိတ်ဒေသတွင်းမှ အဓိကကျသော နိုင်ငံစုံတပ်မတော်များ ပူးပေါင်းပါဝင်ခြင်းမရှိဘဲ အမေရိကန်ဗဟိုပြုစီမံချက် (US Pivot Plan)ကို အပြည့်အဝ အကောင်အထည်ဖော် နိုင်မည်မဟုတ်ပါ။ ထို့ကြောင့် တရုတ်နိုင်ငံအား Cobra Gold စစ်ရေးလေ့ကျင့်ခန်းတွင် လေ့လာသူနိုင်ငံ တစ်နိုင်ငံအဖြစ်လည်းကောင်း၊ မြန်မာနိုင်ငံအား ၂၀၁၃ခုနှစ်တွင် ပထမဆုံး လေ့လာသူနိုင်ငံတစ်နိုင်ငံအဖြစ် လည်းကောင်း ပူးပေါင်းပါဝင်လာစေခဲ့ပါသည်။ မြန်မာနိုင်ငံသည် လွန်ခဲ့သည့် အတိတ်ကာလအတွင်းက အထီးကျန် နိုင်ငံတစ်ခုဖြစ်ခဲ့ပါသည်။ ၂၀၁၂ခုနှစ်ကျမှသာ မြန်မာ့နိုင်ငံရေးအခြေအနေ တိုးတက် ပြောင်းလဲလာခြင်း၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခဲ့ခြင်းတို့ကြောင့် အမေရိကန်နိုင်ငံက မက်လုံးပေး ဆွဲဆောင်သည့်အနေဖြင့် Cobra Gold စစ်ရေးလေ့ကျင့်ခန်းတွင် မြန်မာနိုင်ငံအား လေ့လာသူ နိုင်ငံတစ်နိုင်ငံအဖြစ် ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
 အမေရိကန်သံတမန်ဆက်ဆံရေး၏ အင်အားချိန်ညှိခြင်းမူဝါဒအား အကောင်အထည်မဖော်မီအချိန်က အိန္ဒိယသမဒ္ဒရာနှင့် အရှေ့တောင်အာရှဒေသတို့တွင် ဖြစ်ပွားခဲ့သည့် ၂၀၀၄ခုနှစ်၊ ဆူနာမီကယ်ဆယ်ရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ ယင်းကယ်ဆယ်ရေးလုပ်ငန်းများကြောင့်လည်း ထိုင်း-အမေရိကန် စစ်ဘက်ပူးပေါင်းဆောင်ရွက်မှုမှာ အဆင့်တစ်ဆင့်သို့ ရောက်ရှိစေခဲ့ပါသည်။ အာရှ-ပစိဖိတ်ဒေသတွင်း၌ သဘာဝဘေးအန္တရယ်များ ကျယ်ကျယ်ပြန့်ပြန့် ကျရောက်လေ့ရှိသောကြောင့်လည်း လူသားချင်း စာနာထောက်ထားမှုအကူအညီပေးရေး လုပ်ငန်းများလုပ်ဆောင်ရန်နှင့် သဘာဝဘေးအန္တရယ် စီမံ ခန့်ခွဲမှုပြုလုပ်ရန်တို့အတွက် ထိုင်းနိုင်ငံအား ထောက်ပံ့ရေးဆိုင်ရာ အဓိကဗဟိုချက်နိုင်ငံတစ်ခုအဖြစ် အလေးပေးလာခဲ့ပါသည်။ ယင်းကိစ္စရပ်သာဆောင်ရွက်ခဲ့မည်ဆိုပါက အမေရိကန်လေယာဉ်တင်သင်္ဘောများ နှင့် လေယာဉ်များသည် ထိုင်းနိုင်ငံ U-tapao လေဆိပ်နှင့် Sattahip ရေတပ်အခြေစိုက်စခန်းတို့သို့ လွယ်ကူလျင်မြန်စွာ ဝင်/ထွက်သွားလာနိုင်မည်ဖြစ်ပါသည်။ ဓလေ့ထုံးတမ်းစဉ်လာခြိမ်းခြောက်မှုများ ယုတ်လျော့ကျဆင်းသွားချိန်တွင် လူသားချင်းစာနာထောက်ထးမှု အကူအညီပေးရေးနှင့် ပင်လယ်ရေကြောင်း ဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်များက စင်မြင့်ပေါ်သို့ တဖြည်းဖြည်း ရွှေ့လျားရောက်ရှိလာခဲ့ကြ ပါသည်။ ထိုသို့မဟုတ်ပါက ထိုင်းတပ်မတော်ခေါင်းဆောင်များတွင် ထိုင်း-အမေရိကန် ညှိနှိုင်းဆောင်ရွက်မှုများ တိုးတက်လာစေရေးအတွက် အကြံဥာဏ်သစ်များ ကင်းမဲ့နေမည်သာဖြစ်သည်။
 ပွင့်ပွင့်လင်းလင်းပြောရမည်ဆိုလျှင် Cobra Gold စစ်ရေးလေ့ကျင့်ခန်းမှ အကျိုးကျေးဇူး ပြည့်ပြည့်ဝဝ ရရှိလိုသည်ဆိုပါက ထိုင်းတပ်မတော်ခေါင်းဆောင်များ၏ ပုံသေအတွေးခေါ် အယူအဆများကို အကြီးအကျယ် ပြောင်းလဲပစ်ရမည်ဖြစ်သည်။ ၂၀၁၃ခုနှစ်တွင် ထိုင်း-အမေရိကန်ဆက်ဆံရေး နှစ်(၁၈၀)ပြည့်အခမ်းအနားအား ကျင်းပမည်ဖြစ်ပြီး ထိုကာလအတွင်း၌ မဟာမိတ်ပြုထားမှုအား ပြန်လည်အားသစ်လောင်းခြင်း၊ နှစ်နိုင်ငံဆက်ဆံ ရေးများအား အလုံးစုံပြုပြင်ခြင်းဆိုင်ရာ နည်းလမ်းများကို နှစ်ဖက်စလုံးတို့မှ ဆွေးနွေးတိုင်ပင်သွားကြရမည် ဖြစ်သည်။ တရုတ်နိုင်ငံနှင့်ဆက်ဆံရေးအပေါ် ဘက်စုံသုံးသပ်ချက်အရ ထိုင်းနိုင်ငံ၏သံတမန်ဆက်ဆံရေးအပေါ် ဖိအားပေးလာခါနီးပြီးဖြစ်သောကြောင့် နှစ်ဦးနှစ်ဖက် အပြန်အလှန် ရေရှည်အကျိုးပြုစေမည့် အနာဂတ် ပူးပေါင်း ဆောင်ရွက်မှုနယ်ပယ်သစ်ကို ထိုင်းနှင့်အမေရိကန်နှစ်နိုင်ငံတို့အနေဖြင့် ခွဲခြားဖော်ထုတ်သွားကြရမည်ဖြစ်သည်။ ထိုသို့မဟုတ်ပါက ထိုင်းနိုင်ငံအနေဖြင့် အရေးပါသော လုံခြုံရေးအဆောက်အအုံ၏ အနားစွန်းပေါ်တွင် ဆက်လက် ကျန်ရစ်နေလိမ့်မည်ဖြစ်သည်ဟု ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလ(၁၁)ရက်နေ့ထုတ် The Nation သတင်းစာအယ်ဒီတာတစ်ဦးဖြစ်သူ Kavi Chongkittavorn ရေးသားသော Cobra Gold and Thai Strategic Interests ဆောင်းပါးတွင် ဖော်ပြထားပါသည်။
ဘီလူးကျွန်းသား

No comments:

Post a Comment