Monday, May 5, 2014


အဖေများသို့ အမှတ်တရ(ရွှေမန်းတင်မောင်သား ခံစားတင်ပြသည်။)
အပိုင်း(၂)

ကျနော့်သား နို့ညှာကောင်လေး စာတော်တယ်ဗျ။ အခုဆိုရင် ၈-တန်းတက်နေပြီ။ မောင်နှမ(၄)ယောက်မှာ ကျန်တဲ့ကလေးတွေက သိပ်မထူးချွန်ဘူး။ ဒီကောင်လေးက (၁)နှစ် (၁)တန်းဘဲ။ အဓိက ခက်နေတာက ကျောင်းစရိတ်ဗျ။ ကျူရှင်လည်းမယူဘူး။ ကျောင်းကသင်ပေးတာဘဲ ကျက်တယ်။ ကျနော် အလုပ်သွားရင်လည်း လွယ်အိတ် လွယ်ပြီးလိုက်တာဘဲ။ တောမှာ မီးသွေးဖုတ်ရင်တောင် မီးသွေးခြင်းကိုထမ်း၊ လွယ်အိတ် ကလေးလွယ်ပြီး လိုက်တာဘဲ။ ဒီကောင်လေးကို ထူးချွန်အောင်တော့ ကျနော် ကျောင်း ကို မဖြစ်ဖြစ်အောင် ထားပေးမှဖြစ်မယ်။

မောင်အေးတစ်ယောက် သားနဲ့ပတ်သက်ပြီး အတွေးတွေက ၀ိုးတ၀ါးဖြစ်နေစဉ် တစ်ရပ်ကွက်တည်းသား ဦးတောင်လုံးရောက်လာပြီး “ဗျို့..ကိုပစ်ရေ၊ ဗျို့ကိုပစ်” လှမ်းခေါ်တုန်း ကျနော်ထွက်ကြည့်ရာ “ဘာကိစ္စလည်း ကိုတောင်လုံး” “ကျွန်တော်တို့ ရှမ်းပြည်တက်မလို(ရှမ်းပြည်-ယိုးဒယားနိုင်ငံသို့ မှောင်ခိုအထုပ်ထမ်း လိုက်တာကိုဆိုလို သည်။)

 “ကိုပစ်…လိုက်မလား၊ လိုက်မယ်ဆိုရင်.. ကျနော် သူဌေးကိုပြောလိုက်မယ်။”
 မောင်အေး ခေတ္တတော့စဉ်းစားလိုက်ပြီး “လိုက်မယ်ဗျာ.. တစ်ကီလို ဘယ်လောက်ရလဲ…ကိုတောင်လုံး”
 “အင်း… တစ်ကီလို ၃၅ ကျပ်လောက်တော့ ရမယ်ထင်တာဘဲ”
 မောင်အေးစိတ်ထဲမှာ တွက်ကြည့်လိုက်တယ်။ “တစ်ကီလို ၃၅ ကျပ်ဆိုတော့ ၁၀ ကီလိုဆိုရင် ၃၅၀၊ ကီလို ၆၀ ဆိုတော့ ၂၁၀၀ိ/-လောက်တော့ရမယ်။ မဆိုးဘူးဗျ… လိုက်မယ်ဗျာ”
 “ဒါဆိုရင်.. သူဌေးကို ကျနော်ပြောလိုက်တော့မယ်။”
 “ဟုတ်ကဲ့ ကိုတောင်လုံး…ကျေးဇူးဘဲ”

ထိုင်းနိုင်ငံ(မြန်မာနိုင်ငံအခေါ်)ယိုးဒယားနိုင်ငံသို့ မြန်မာနိုင်ငံမှ ကျွန်းသစ်၊ ပျဉ်းကတိုး၊ သစ်မာများ၊ ကျွဲ/နွားနှင့် အခြားအဖိုးတန် တွင်းထွက်များကို မှောင်ခိုလမ်းကြောင်းမှတစ်ဆင့် ခိုးထုတ်နေသော ပြည်တွင်းမှ ၀ိသမလောဘသများနှင့် မသမာသူများကြောင့် မြန်မာနိုင်ငံ၏ အဖိုးတန် သယံဇာတများသည် တရားမ၀င်နည်းဖြင့် အခြားနိုင်ငံများသို့ ရောက်ရှိသွားသည်မှာ မြန်မာနိုင်ငံအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး တစ်ရပ်ပင်ဖြစ်ပေသည်။

ထိုအထဲတွင် လွန်စွာမှ ၀မ်းနည်းစရာကောင်းသည်က မြန်မာနိုင်ငံမှ ဗုဒ္ဒဆင်းတု တော်များလည်းပါဝင်တယ်။ ထိုင်းနိုင်ငံ(ယိုးဒယား)သည် မြန်မာနိုင်ငံတွင်း ပြည်တွင်းသောင်းကျန်းမှုကြီး ရှိနေသမျှ သောင်းကျန်းသူများ လိုအပ်တဲ့ စစ်လက်နက် ပစ္စည်းကို ခိုးကြောင်ခိုးဝှက်တစ်ဖုံ၊ ပြောင်တနည်း ရောင်းချတယ်။ ဒီလိုရောင်းချခြင်း အားဖြင့် မြန်မာအစိုးရကို အာခံမဲ့သူ သောင်းကျန်းသူများသည် ထိုင်းနိုင်ငံအတွက် တံတိုင်းကြီးသဖွယ် ကာဆီးနေသည် မဟုတ်ပါလား။ မြန်မာနိုင်ငံမှ ကုန်ကြမ်းများ ကိုလည်း အဆမတန် ဈေးနှိမ်ပြီးဝယ်တယ်။ အသွားလည်းစား၊ အပြန်လည်းစားတဲ့ ဂျပန်လွှလို။ မောင်အေးတို့ မြန်မာများမှာတော့ မိအေးနှစ်ခါနာပေါ့။ ကိုယ့်တိုင်းရင်းသားအချင်းချင်းလည်း ပြန်တိုက်ရတယ်။ စစ်ပွဲဖြစ်ပြီးဆိုမှတော့ နှစ်ဖက်စလုံး နာတာကြတယ်။ ဒီကြားထဲ ပြည်သူတွေကတော့ ပဲလှော်ကြား ဆားညှပ်တာပေါ့ဗျာ။ မောင်အေးတို့လို ဆင်းရဲသားများအဖို့တော့ မိသားစု စားဝတ်နေရေးအတွက်တော့ ဘယ်တတ်နိုင်မလဲလေ။ မောင်အေးအပါအ၀င် အထုပ်ထမ်းသမား (၃၀)ဦးလောက်တော့ ရှိမယ်ထင်တယ်။ လှိုင်းဘွဲ့မှ စထွက်ခဲ့တယ်။ အထမ်းသမားတစ်ဦးလျှင် ကီလို(၆၀)၊ (၆၅)၊ အချို့ ငယ်ရွယ် သူများအဖို့ (၇၅)ကီလိုထိ ထမ်းကြတယ်။ မောင်အေးက ရင်ကြပ်ရောဂါ ရှိတယ်။ ဆေးလိပ်ကြောင့်ပေါ့ဗျာ။ ဒါပေမဲ့မတတ်နိုင်ဘူး။ ရုန်းရတော့မယ်လေ။

ကျောပိုးထားတဲ့ အထမ်းကို အပေါ်ကခေါင်းကြိုးတပ်ပြီး ထမ်းရတာပေါ့ဗျာ။ လျှောက်ရင်း လျှောက်ရင်း မောင်အေးတစ်ယောက် သားလေးမှာလိုက်တဲ့ စကားလေး ကို ကြားယောင်နေမိတယ်။ “အဖေ… သားကျောင်းသွားတာ၊ ခြေပြောင်ကြီးနဲ့ သူငယ်ချင်းတွေက စကြတယ်။ သားအတွက် ရှမ်းဖိနပ်(ဆင်ကြယ်တံဆိပ်)တရံလောက် ၀ယ်လာပေးပါလား။” မောင်အေး မျက်လုံးထဲ မျက်ရည်များစို့တက်လာတယ်။
ကျန်းမာရေးမကောင်းပေမဲ့ မိသားစုအတွက် မောင်အေးခင်မျာ ကီလို ၆၀ကြီးကို ကျောမှာထမ်းပိုးရင်း ပါးစပ်မှာလည်း ဖါးဖိုလို တဟောဟောတဟဲဟဲဖြစ်လို့နေတယ်။ လှိုင်းဘွဲ့… ကွီလေ၊ ၀ိုင်းထော်၊ ရှမ်းရွာသစ်လမ်းအတိုင်းပေါ့ဗျာ ယိုးဒယားကိုရောက်ဖို့ အသွားကြီးဘဲ ၆ ရက်လောက်ကြာတယ်။ မြေပြန့်သွားလိုက်၊ တောင်တက်လိုက်နဲ့ ကြာတော့ ထမ်းထားတဲ့အထုပ်အလေးချိန်ကြောင့် ဦးခေါင်းအရေပြားများ လန်ပြီး သွေးတွေနဲ့ ကပ်စေးစေးကြီးဖြစ်နေတယ်။

လမ်းမှာ ငှက်ဖျားကြောင့် မောင်အေးတို့အထမ်းသမားထဲက တစ်ယောက် ငှက်ဖျားမိပြီး ဆုံးပါလေရော။ မောင်အေးအဖို့မှာတော့ ဦးခေါင်းအရေခွံလန်တာကလွှဲပြီး ကျန်တာဘာမှမဖြစ်။ ဒါနဲ့ဘဲ ယိုးဒယားကိုရောက်တော့ အထုပ်ကိုသူဌေးလက်ထဲအပ်ပြီး တာနဲ့ မောင်အေးတို့တာဝန်ပြီးပါပြီ။ ယိုးဒယားနိုင်ငံနယ်စပ်ဈေးကလေးထဲမှာ သား အတွက် ရှမ်းဖိနပ်တစ်ရံဝယ်ခဲ့တာပေါ့။

“သားလေးဆန္ဒကိုငါ ဖြည့်ဆည်းပေးနိုင်ပြီ၊ တို့မချမ်းသာပေမဲ့ ပညာတတ်ဖြစ်မဲ့ တို့သားလေး မျက်နှာမငယ်စေရဘူး။ ငါအတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ်။” ဖိနပ်ကလေးကို ကိုင်ပြီး မောင်အေးတစ်ယောက် မျက်ဝန်းထဲမှ မျက်ရည်များ စီးကျလာပါတော့တယ်။

တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး ရွှေမန်းတင်မောင်သား(ခံစားတင်ပြပါသည်။)
ရင်ထဲကို တစ်စုံတစ်ခုရောက်ရင်ဖြင့် ပင်ပန်းရကျိုးနပ်ပါပြီ။

အပိုင်း(၃)ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment