Friday, May 9, 2014

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်ဖွဲ့၏ လျှို့ဝှက်လက်နက်သစ်

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်ဖွဲ့သည် ၎င်း၏ လေတပ် အခြေစိုက်စခန်းတစ်ခုအနီးတွင် အသိုက်ဆောက်လုပ်နေထိုင်လျက်ရှိသည့် ငှက်များ၏ အန္တရာယ်မှ ကင်းလွတ်စေရေးအတွက် လျှို့ဝှက်တပ်ဖွဲ့တစ်ခုအား အသုံးပြုလျက်ရှိသည် ဆို၏။
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် လေတပ်အခြေစိုက်စခန်းတစ်ခုမှ တရုတ်နိုင်ငံမြောက်ပိုင်းရှိ တိကျစွာအမည်မဖော်ပြနိုင်သည့် လေတပ်အခြေစိုက်စခန်း တစ်ခုမှ စစ်ဘက်လေယာဉ်များ ပျံသန်းရေးတွင် ငှက်များ၏အန္တရာယ်မှ လွတ်ကင်း စေရေးအတွက် မျောက်များအား အသုံးပြုလျက်ရှိသည်။ ယင်းလေတပ်အခြေစိုက်စခန်း ဝန်းကျင်တွင် ငှက်များပျံသန်းသောအခါ စစ်ဘက်လေယာဉ်အင်ဂျင်များ၏စုပ်ယူမှု ကြောင့် ၎င်းအင်ဂျင်များထဲသို့ ငှက်များရောက်ရှိသွားသောအခါ လေယာဉ်မှူးများနှင့် ငှက်များပါ အသက်အန္တရာယ် ဖြစ်ပေါ်လာနိုင်ပေသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဝက်ဖ်ဆိုက်တစ်ခုတွင် တရုတ်အဆင့်မြင့်အရာရှိတစ်ဦးက “စိုးရိမ်စရာမရှိပါဘူး၊ ယခု အခါ မိမိတို့တွင် လျှို့ဝှက်လက်နက်သစ်တစ်ရပ်အား ပိုင်ဆိုင်ထားပြီဖြစ်ကြောင်း”ဖြင့် ပြောကြားခဲ့ပါသည်။
ယင်းတရုတ်အဆင့်မြင့်အရာရှိက ခရာသံဖြင့် အမိန့်ပေးစေခိုင်းနိုင်သည့် အထူး လေ့ကျင့်ပေးထားသော မျောက်များအား ရည်ညွှန်းပြောကြားခဲ့ခြင်းသာဖြစ်ပေသည်။
လေတပ်အခြေစိုက်စခန်းဝန်းကျင်ရှိ သစ်ပင်ထိပ်ဖျားများမှ ငှက်သိုက်များကို ရှာဖွေတွေ့ရှိသည့်အခါ ငှက်များအားမောင်းထုတ်ရန် အထူးလေ့ကျင့်ပေးထားသော မျောက်တပ်ဖွဲ့အား စေလွှတ်ပါသည်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်သည် ငှက်သိုက်များအား သေနတ်များဖြင့်ပစ်ခတ်ခြင်း၊ ဝါးလုံးရှည်များအား အသုံးပြု၍ ငှက်သိုက်များအား သစ်ပင်များပေါ်မှ ဖယ်ရှားခြင်း၊ လေတပ်ဖွဲ့ဝင်များအား သစ်ပင် ပေါ်တက်ရောက်စေ၍ ငှက်သိုက်များဖယ်ရှားခြင်း၊ ငှက်များမောင်းထုတ်ခြင်းစသည့် နည်းလမ်းများအပါအဝင် နည်းလမ်းမျိုးစုံကို ယခင်ကအသုံးပြုခဲ့ဘူးပါသည်။ သို့သော် ယင်းနည်းလမ်းများသည် ထိရောက်မှုမရှိခဲ့သောကြောင့် ယခုကဲ့သို့ အထူးလေ့ကျင့် ပေးထားသည့် မျောက်တပ်ဖွဲ့အား အသုံးပြုခဲ့ခြင်းဖြစ်သည်။
ယခင်က လေတပ်ဖွဲ့ဝင်များအား သစ်ပင်ပေါ်တက်၍ ငှက်များမောင်းထုတ် စေရာတွင် ၎င်းလေတပ်ဖွဲ့ဝင်များ သစ်ပင်ပေါ်မှဆင်းသောအခါ ငှက်များက သစ်ပင်များ ဆီသို့ ပြန်လည်လာရောက်နေထိုင်ခဲ့ပါသည်။ သို့သော် အထူးလေ့ကျင့်ပေးထားသည့် မျောက်တပ်ဖွဲ့အား အသုံးပြုသည့်အခါ ငှက်များမှာ သစ်ပင်များဆီသို့ ပြန်လည် လာရောက်ခြင်းမရှိကြတော့ပေ။
ထို့ကြောင့် “မျောက်များသည် မိမိတို့၏ရဲဘော်ရဲဘက်များ အသက်အန္တရာယ်မှ လွတ်ကင်းစေရန်အတွက် ခုခံကာကွယ်ပေးသည့် သစ္စာရှိအစောင့်များဖြစ်ပေသည်”ဟုပင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ဝက်ဖ်ဆိုက်၌ ဖော်ပြထားသည်ဆို၏။
ဘီလူးကျွန်းသား
(Zoe Li ရေးသားသည့် ၉-၅-၂၀၁၄ရက်နေ့ထုတ် CNN သတင်းစာပါ သတင်းအား ဆီလျော်အောင် ပြန်ဆိုထားခြင်းဖြစ်ပါသည်။)

No comments:

Post a Comment