လာကဓံဘ၀ခရီးကြမ်းကို ကြံ့ကြံ့ခံရင်ဆိုင်ရင်း မိသားစုဘ၀ကို ရပ်တည်ပေးခဲ့သော အဖေများသို့ အမှတ်တရ(ရွှေမန်းတင်မောင်သား ခံစားတင်ပြသည်။)
၁၉၇၃ခုနှစ်၊ နှစ်လွန်ကာလ သောင်းကျန်သူများအရှိန်အားကောင်းနေတဲ့အချိန်၊ ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ တပ်မတော်စစ်ကြောင်းများကို မွန်ပြည်သစ်ပါတီမှ လိုက်လံနှောင့်ယှက်ပြီး မြို့/ရွာများကို လက်နက်ကြီး လက်နက်ငယ်ဖြင့် ပစ်ခတ်ဖျက် ဆီးနေချိန်ဖြစ်သည်။
မုဒုံမြို့ မော်လမြိုင်-သံဖြူဇရပ်ကားလမ်းပေါ်တွင်ရှိပြီး ဥယျာဉ်ခြံထွက်သီးနှံများနှင့် ရာဘာအထွက်ကောင်းသော မြို့ကလေးတစ်မြို့ဖြစ်တယ်။ မြို့အထွက်ကျော်သည်နှင့် သံဖြူဇရပ်ကားလမ်းကြားတွင် ကမာဝက်၊ အဘစ်၊ နှီးပဒေါ၊ ဆက်သွယ်စသော မွန်ရွာ ကလေးတွေရှိတယ်။ ထိုရွာများအနက်မှ အချို့သောရွာများမှ သောင်းကျန်းသူများ၏ အမာခံရွာများဖြစ်သဖြင့် တပ်မတော်စစ်ကြောင်းများအနေဖြင့် သတင်းရယူရန် အလွန် ခက်ခဲသော အခြေအနေဖြစ်တယ်။ မြို့လမ်းဆုံမှ အရှေ့ဘက် ကြာအင်းဆိပ်ကြီးသို့ ဆက်သွားသော် ခုနှစ်ခွေကွေ့ကျော်သည်နှင့်အခြေအနေက စိတ်မချရတော့ပေ။ KNU သောင်းကျန်းသူများ အ၀င်/အထွက်ရှိသော ကရင်ရွာများဖြင့် ပြည့်နှက်လို့နေတယ်။ ထိုသောင်းကျန်းသူအဖွဲ့(၂)ဖွဲ့ကြားတွင်ရှိသော မုဒုံမြို့ကလေးမှာ မြို့ဟုဆိုသော်လည်း အညိုရောင်အဆင့်သာသာရှိတယ်။ ညကမှောင်လာပြီ…..
“၀ုန်း…..ဒိန်း….. ဒိန်း…..”
“ဒက်…..ဒက်….. ဒက်…..”
“အုန်းမြရေ… သမီးနှစ်ယောက်ကိုခေါ်ပြီး၊ နင်အိမ်အောက်က ဗုံးခိုကျင်းထဲပြေး”
“ငါက…. အငယ်ကောင်ကိုခေါ်ပြီး ဘုန်းကြီးကျောင်းပြေးမယ်”
“မြန်မြန်လုပ်….. သေကုန်မယ်..”
ညခုနှစ်နာရီအချိန် မုဒုံမြို့ ငါးပျံတောင် တောင်ကုန်းပေါ်မှ သောင်းကျန်းသူ မွန်ပြည်သစ်ပါတီမှ မြို့တွင်းသို့ လက်နက်ကြီးဖြင့်ပစ်ခတ်နေရာ မောင်အေးတစ်ယောက် ဇနီးဖြစ်သူအား သမီး(၂)ယောက်ကိုခေါ်ပြီး ဗုံးခိုကျင်းသို့ ပြေးရန်ပြောပြီးတဲ့နောက် မိမိ ကိုယ်တိုင်မှာလည်း သားငယ်ကိုခေါ် အနီးအနားရှိ ဘုန်းကြီးကျောင်းဝင်းအတွင်းသို့ ပြေးထွက်ခဲ့ပါသည်။ ကောင်းကင်းယံတွင် လက်နက်ကြီး/လက်နက်ငယ်များမှ တရွှီရွှီ မည်သံများနှင့် ကျရောက်ပေါက်ကွဲသံများမှာ တ၀ုန်းဝုန်း ကမ္ဘာပျက်သည့်အလား ဆူညံလို့နေတယ်။ မြို့တွင်းရှိလူများမှာလည်း ကြောက်လန့်ကာ ဆောက်တည်ရာမရ ပြေးလွှားနေချိန်တွင် သားငယ်အား မပျောက်စေရေးအတွက် ပခုံးပေါ်ထမ်းကာ အသော့နှင်ကာ ပြေးလွှားခဲ့တယ်။ တစ်ည လုံးတိုက်ပွဲဖြစ်ပွားပြီး နံနက် ရောင်နီသန်း လာတဲ့အချိန်မှာတော့ သောင်းကျန်းသူများဟာ အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့တယ်။ ထိုဖြစ်စဉ်ဖြစ်ပွားပြီးနောက် မောင်အေး တစ်ယောက် လက်ရှိခြံကွက်ကလေးကို ရောင်းချကာ မြို့စွန်ရှိအသင့်အတင့်ရှိသော ခြံကွက်ကလေးကိုဝယ်ကာ ဘ၀ကို ပင်ပန်းဆင်းရဲစွာ ရုန်းကန်ခဲ့တယ်။
နောက်(၈)နှစ်ကြာပြီးနောက် စီးပွားရေးကအဆင်မပြေ၊ ကလေးကလည်း နောက်တစ်ယောက်မွေး ပေါင်း(၄)ယောက်ဆိုတော့ စားအိုးကကြီးလာပြီး မောင်အေးခင်မျာမှာအတော်လေး ဒုက္ခရောက်ခဲ့ရှာတယ်။ ဒီကြားထဲ သားငယ် နို့ညှာကောင်မှာလည်း (၅)တန်းကျောင်းတက်ခါစအချိန် တနေ့လုပ်စာ တနေ့စားဖို့ အနိုင်နိုင်ဖြစ်နေချိန်မှာ သားငယ်ကျောင်းစရိတ်အတွက် မောင်အေး အလုပ်တစ်ခုရဖို့ မဖြစ်မနေကြိုးစားရတော့မှာပေါ့။
“ကိုအေးရယ်…ကျုပ်မှာ အခုပိုက်ဆံမရှိတော့ဘူး”
“ရှင်ကြံစမ်းပါအုံး… အလုပ်ကလေးများရအောင်”
“အေးပါ… မိန်းမရာ၊ ငါအခု စစ်တပ်ကပေါ်တာတွေခေါ်နေသံကြားတယ်။”
“ငါအငှားလိုက်သွားမယ်…. တစ်ယောက်ကို တစ်ထောင့်ငါးရာ လောက်ပေးတယ် ကြား တယ်။”
“ဖြစ်ပါ့မလား… ကိုအေးရယ်၊ တော်ကြာ ရှင်တိုက်ပွဲမှာ တခုခုဖြစ်သွားမှဖြင့် ကျုပ်ရင်ကျိုးရချည်ရဲ့”
“မတတ်နိုင်ဘူးမိန်းမရယ်၊ ကလေးကျောင်းစရိတ်အတွက် ငါစွန့်စားရမှာဘဲ”
ဤသို့ဖြင့် မောင်အေးတစ်ယောက် ပေါ်တာအငှားလိုက်ခကို ဇနီးဖြစ်သူအားပေးပြီး မိမိ မှာတော့ ဘ၀တူပေါ်တာသမားများနှင့်အတူ စစ်တပ်မှယာဉ်တန်းဖြင့် ပေါ်တာအငှားပါ သွားရှာလေရဲ့။
ပေါင်ပေါ်တွင် အ၀တ်ထုတ်ကလေးကိုပိုက်ပြီး တအိအိမောင်းနှင်နေသော စစ်ကားကြီးကိုစီးကာ မောင်အေးတစ်ယောက် တောင်စဉ်ရေမရ တွေးတောနေတယ်။ တချိန်တည်းမှာဘဲ ဘေးဘယ်/ညာကိုလည်း မသိမသာအကဲခတ်ကြည့်လိုက်တော့ တီးအီးကားကြီးပေါ်မှာ ဘ၀တူပေါ်တာသမား(၂၅)ဦးခန့်ပါမည်ထင်တယ်။ အစောင့်ရဲဘော်(၂)ယောက် လက်ထဲမှာ မောင်းပြန်ရိုင်ဖယ်တွေကိုင်လျှက် တစ်ဦး ကတော့ ငိုက်မြည်းလို့နေတယ်။ အစောင့်ရဲဘော်တစ်ဦးက…
“မပြေးနဲ့နော်၊ ပြေးလို့ကတော့အသေဘဲ…. ပစ်ပြီးသာမှတ်”လို့ ကြိမ်းဝါးနေလေရဲ့။
မောင်အေးတုတ်တုတ်မျှမလှုပ်၊ စိတ်ထဲကတော့ အခွင့်သာလျှင်ဆိုသည့် အတွေးက …..
တီအီးကကြီးကတော့ တအိအိ….၊ တအိအိမောင်းရင်းက ကားသည် ပြုန်းကနဲဆို တုန့်ဆိုင်းသွားသဖြင့် ကြည့်လိုက်ရာ တောင်ကုန်းကလေးတစ်ခုကို စတက်နေလေရဲ့။ မောင်အေးမသိမသာလေး ကားနောက်ဖက်ကို နေရာပြောင်းထိုင်လိုက်တယ်။ မောင်အေးနည်းတူ နောက်ပေါ်တာသမားတစ်ယောက်လည်း မသိမသာလေးလှုပ်ရှား နေတာ မြင်နေရတယ်။ ထိုပေါ်တာသမားက မောင်အေးကို မျက်စေ့(၁)ချက်မှိတ်ပြရာ မောင်အေးက ခေါင်းကိုဆက်ခနဲ (၁)ချက်ငြိမ့်ပြလိုက်တယ်။
တောင်ကုန်းလဲကျော်ရော… ဟိုဖက်မှာအဆင်းဆိုတော့ ကားကအရှိန်နဲ့ တဝေါ ဝေါဆင်းနေတုံး ပြုန်းကနဲဆို ပေါ်တာတစ်ယောက် ချောက်ထဲဘက်ကို ဒိုင်ဗင်ထိုးဆင်း လိုက်တာနဲ့ တစ်ပြိုင်နက် မောင်အေးလဲ ဘာမှမစဉ်းစားအားတော့ဘဲ ဒိုင်ဗင်ထိုးဆင်း လိုက်တော့တယ်။
“ဟေ့.. ဟေ့၊ ခွေးမသားပေါ်တာတွေ… ပြေးပြီ၊ ပစ်ကွာ”ဆိုပြီး တဒုန်းဒုန်းနဲ့ပစ်ပါလေတော့တယ်။
“ ဒုန်း….. ဒုန်း……ဒုန်း …… ဒုန်း”
“တောက်….လွတ်သွားပြီကွာ” ချောက်ထဲကိုဒလိမ့်ခေါက်ကွေး လိမ့်ကျသည့်ဒဏ် ကြောင့် မောင်အေးတစ်ယောက် ဦးခေါင်းနဲ့ခြေထောက်တို့တွင် သွေးများဖြင့် အလိမ်း လိမ်း၊ ဒါပေမဲ့ မောင်အေးမစဉ်းစားအား နောက်ကျတဲ့ဖနောင့် သစ္စာဖေါက်မို့ အသက်ပင် မရှုအား ရှေ့ကပေါ်တာပြေး၊ မောင်အေးက နောက်ကလိုက် မောင်အေးပြေးလေ ရှေ့ကပေါ်တာကပိုပြေးလေမို့ ကြာတော့မောလာတယ်။ ဤသို့ဖြင့် ပြေးရင်းပြေးရင်း ကရင်ရွာလေး တစ်ရွာကိုရောက်လာတယ်။ ရွာထိပ်က ကောက်ရိုးပုံနားကို ရောက်တော့ ရှေ့ကပေါ်တာက ရုတ်တရက်ရပ်လိုက်ပြီး “ခင်ဗျား… ကျုပ်နောက်က ဘာလို့လိုက်နေ တာလဲ”၊ “မသိဘူးလေ… မင်းပြေးတော့ ငါ့မှာဖြင့် နောက်ကစစ်သားလိုက်လာသလား လို့ ပိုပြေးတာပေါ့”ဟုပြောလိုက်ရာ နှစ်ယောက်သား အမောဆို့နေသော ပါးစပ်မှအသံ မထွက်ဘဲ ဗိုက်ကိုနှိပ်ကာ အူတက်အောင် ရယ်ပါလေတော့တယ်။
“ဟား…ဟား…..ဟား…..”
တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရွှေမန်းတင်မောင်သား(ခံစားတင်ပြပါသည်။)
ရင်ထဲကိုတစ်စုံတစ်ခုရောက်ရင်ဖြင့် ပင်ပန်းရကျိုးနပ်ပါပြီ။ အပိုင်း(၂)ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment