Thursday, May 22, 2014
ထိုင်းတပ်မတော်မှ အာဏာသိမ်းပြီးနောက် နိုင်ငံရေးတင်းမာမှုအခြေအနေ လျော့ကျ သွားမည်လော
23 May 2014
ကမ္ဘာပေါ်ရှိ နိုင်ငံများထဲတွင် ဟေတီနိုင်ငံသည် အာဏာသိမ်းမှုအများဆုံး ဖြစ်ပွားခဲ့သည့် နိုင်ငံတစ်ခုဖြစ်ပြီး ၁၈၀၆ ခုနှစ်မှ ၁၉၉၁ခုနှစ်ထိ (၂၅)ကြိမ် ဖြစ်ပွားခဲ့သည်။ အလားတူ ဘိုလီးဗီးယားနိုင်ငံတွင် (၁၄)ကြိမ်၊ အာဖဂန်နစ္စတန်နိုင်ငံ တွင် (၁၂)ကြိမ်၊ စပိန်နိုင်ငံတွင် (၉)ကြိမ်၊ ပြင်သစ်၊ ဂျပန်နှင့် ဆီးရီးယားနိုင်ငံတို့တွင် (၈)ကြိမ်စီ အသီးသီး အာဏာသိမ်းမှု ဖြစ်ပွားခဲ့သည်ဆို၏။
အရှေ့တောင်အာရှနိုင်ငံများထဲရှိ ထိုင်းနိုင်ငံတွင်လည်း ၁၉၁၂ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွင်း မအောင်မြင်သည့် အာဏာသိမ်းမှု (၈)ကြိမ်၊ အောင်မြင်သည့် အာဏာသိမ်းမှု (၁၃)ကြိမ်၊ စုစုပေါင်း အာဏာသိမ်းမှု (၂၁)ကြိမ် ဖြစ်ပွားခဲ့လေသည်။ မအောင်မြင်သည့်အာဏာသိမ်းမှုများမှာ ၁၉၁၂၊ ၁၉၁၇၊ ၁၉၄၈၊ ၁၉၄၉၊ ၂၉-၆-၁၉၅၁၊ ၂၆-၃-၁၉၇၇၊ ၁၉၈၁နှင့် ၁၉၈၅ တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အောင်မြင်သည့် အာဏာ သိမ်းမှုများမှာ ၁၉၃၂၊ ၁၉၃၃၊ ၁၉၃၉၊ ၁၉၄၇၊ ၂၉-၁၁-၁၉၅၁၊ ၁၉၅၇၊ ၁၉၅၈၊ ၁၉၇၁၊ ၁၉၇၆၊ ၂၀-၁၀-၁၉၇၇၊ ၁၉၉၁ နှင့် ၂၀၀၆ ခုနှစ်တို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ယခုလည်း (၂၁)ကြိမ်မြောက် အာဏာသိမ်းမှုကို ထိုင်းဘုရင့်တပ်မတော်က ၂၂-၅-၂၀၁၄ ရက်နေ့တွင် အကောင်အထည်ဖော်ခဲ့ချေပြီ။
ထိုင်းတပ်မတော်တွင် သြဇာအာဏာ အကြီးမားဆုံးဖြစ်သည့် ထိုင်းဘုရင့် ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ သည် နိုင်ငံရေးတင်းမာမှု အခြေအနေအား ထိန်းသိမ်းနိုင်ရေးအတွက် အစိုးရထောက်ခံသည့်အဖွဲ့အစည်းများ၊ အစိုးရဆန့်ကျင် သည့် အဖွဲ့အစည်းများနှင့် ယာယီအစိုးရအဖွဲ့မှ ကိုယ်စားလှယ်များအား ဖိတ်ခေါ်၍ မေလ ၂၂ ရက်နေ့ မွန်းတည့်ချိန်တွင် အစည်းအဝေးတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။
ယင်းအစည်းအဝေးတွင် ဗိုလ်ချုပ်ကြီး ပရာယုဒ် က ယာယီအစိုးရအဖွဲ့မှ ကိုယ်စားလှယ် ခေါင်းဆောင် တရားရေးဝန်ကြီး မစ္စတာ ချိုင်ကာစစ် နီထိစီရိ အား ယာယီအစိုးရအဖွဲ့ နှုတ်ထွက်ပေးနိုင်ခြင်း ရှိ/မရှိ မေးမြန်းခဲ့သည်။
ယာယီအစိုးရအဖွဲ့အနေဖြင့် ယခုမိနစ်ပိုင်းအတွင်း နှုတ်ထွက်ပေးနိုင်ခြင်းမရှိကြောင်း မစ္စတာ ချိုင်ကာစစ် က ပြန်လည်ဖြေကြားအပြီးတွင်မူ ဗိုလ်ချုပ်ကြီး ပရာယုဒ် က နိုင်ငံတော်အာဏာအား ရယူထိန်းသိမ်းရန် ယခုမိနစ်ပိုင်းအတွင်း မိမိဆုံးဖြတ်ခဲ့ပြီဟု ပြန်လည်ပြောကြားခဲ့လေသည်။
အစည်းအဝေးအပြီးတွင် ယာယီအစိုးရအဖွဲ့ မစ္စတာ ဆူထစ် ဦးဆောင်သည့် ပြည်သူ့ ဒီမိုကရက်တစ်ပြုပြင်ပြောင်းလဲရေးကော်မတီ၊ မစ္စတာ ကျတုဖုန် ဖရုန်ဖန် ဦးဆောင်သည့် အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီ သွေးစည်းညီညွတ်ရေးတပ်ဦးအဖွဲ့၊ မစ္စတာ ချိုင်ကာစစ် နီထိစီရိ ဦးဆောင်သည့် ဖွှေ့ထိုင်းပါတီနှင့် မစ္စတာ အဘီဆစ် ဦးဆောင်သည့် ဒီမိုကရက်ပါတီတို့မှ ကိုယ်စားလှယ်များအား ဖမ်းဆီးထိန်းသိမ်းခဲ့ လေသည်။
ထိုနောက် ဗိုလ်ချုပ်ကြီး ပရာယုဒ် ဦးဆောင်သည့် နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေးကောင်စီအား ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းဘုရင့်ရေတပ်ဦးစီးချုပ်၊ ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်၊ အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲတို့ဖြင့် ဖွဲ့စည်းခဲ့ပြီး ယာယီအစိုးရအဖွဲ့၏ အခန်းကဏ္ဍ ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း၊ သို့သော် အထက်လွှတ်တော်၊ တရားရုံးများနှင့် သီးခြား လွတ်လပ်သည့် အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ လုပ်ငန်းတာဝန်များကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့လေသည်။
အာဏာသိမ်းလိုက်ပြီဟု ထိုင်းတပ်မတော်မှ ထုတ်ပြန်ကြေညာအပြီးတွင် နုခွန်ရတ်ချာစီမာ ပြည်နယ်ရှိ ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဌ ဗိုလ်ချုပ်ကြီး ပရင်တင်စူလာနွန်ဒါ နေထိုင်သည့်နေအိမ်၌ ထိုင်းဘုရင့်ရဲတပ်ဖွဲ့က လုံခြုံရေးများကို ၂၄ နာရီပတ်လုံး တိုးမြှင့်ချထားပေခဲ့သည်။ ထို့အပြင် နေအိမ်ဝန်းကျင်တွင်လည်း သတ္တု အတားအဆီးများအား ချထားပေးခဲ့လေသည်။
ဘန်ကောက်မြို့တွင်း ပြေးဆွဲပေးနေသည့် မိုးပျံရထားများသည်လည်း ပုံမှန် ည (၁၂)နာရီမှ ရပ်ဆိုင်းပေးနေကျဖြစ်သော်လည်း မေလ ၂၂ ရက်နေ့တွင်မူ ည(၉)နာရီ တွင် ရထားပြေးဆွဲမှု ရပ်ဆိုင်းမည်ဖြစ်ကြောင်း၊ မေလ ၂၃ ရက်နေ့ နံနက် (၆)နာရီတွင် ရထားများအား ပုံမှန် ပြေးဆွဲပေးမည်ဖြစ်ကြောင်းကို ဘန်ကောက်မြို့ သယ်ယူပို့ဆောင် ရေးလုပ်ငန်းမှ ကြေညာခဲ့လေသည်။ သို့သော် မည်သည့်အချိန်တွင် ပြန်လည် ရပ်ဆိုင်း မည်ဆိုသည်ကိုမူ တိတိကျကျ မသိရှိရပေ။
နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေးကောင်စီသည် ည (၁၀)နာရီမှ မနက်(၅)နာရီထိ အပြင်မထွက်ရအမိန့်အား နိုင်ငံတစ်ဝန်းလုံးတွင် ထုတ်ပြန်ခဲ့သည်။
သို့သော် ယင်းအမိန့်ထုတ်ပြန်ထားသည့်အချိန်၌ ထိုင်းနိုင်ငံတွင်း ဝင်/ထွက်သွား လာရမည့် ခရီးသွားဧည့်သည်များကိုမူ ၎င်းတို့လိုရာခရီးသို့ သွားခွင့်ပြု ကြောင်း၊ စက်ရုံ/အလုပ်ရုံများ၊ ဆေးရုံများ၊ လေကြောင်းလုပ်ငန်းများ၊ ပုပ်သိုးလွယ်သော အစားအစာများ၊ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကဲ့သို့ ကဏ္ဍအသီးသီးမှ ပုဂ္ဂလိက အလုပ်သမားများနှင့် အစိုးရရုံးများမှ ညဘက်တာဝန်ကျသူများ၊ ဆေးရုံပြရမည့် လူနာများနှင့် ကယ်ဆယ်ရေးလုပ်သားများကိုလည်း ယင်းအမိန့်ထုတ်ပြန်ထားသည့် အချိန်အတွင်း ခြွင်းချက်အဖြစ် သွားလာခွင့်ပြုကြောင်း၊ ထို့ပြင် အရေးကြီး၊ အရေးပေါ်၊ အထူးကိစ္စရပ်ရှိသူများလည်း ၎င်းတို့၏ နေအိမ်အနီးတွင် တာဝန်ကျနေသည့် စစ်ဘက်အရာရှိများထံ ခွင့်ပြုချက်တောင်းခံ၍ သွားလာနိုင်ကြောင်းကို ထိုင်းကြည်းတပ် ဒုတိယပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး ဝင်ထိုင်း စူဝါရီ က မေလ ၂၂ ရက်နေ့ ညနေပိုင်း ရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် ပြောကြားခဲ့သည်။
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက မေလ ၂၂ ရက်တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းကြေညာချက်တွင် ထိုင်းနိုင်ငံတွင်း၌ ထိုင်းစစ်တပ်မှ အာဏာသိမ်းမှုအပေါ် အလွန်အမင်း စိုးရိမ်ပူပန်မိ ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ အရပ်သားအစိုးရ၊ ဒီမိုကရေစီစနစ် အုပ်ချုပ်ရေးဆီသို့ အမြန်ဆုံး ပြန်လည်ရောက်ရှိရေး၊ ထိုင်းနိုင်ငံတွင်း ရေရှည် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းဖွင့်ပေးမည့် ဘက်ပေါင်းစုံပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲတစ်ခု ပြုလုပ်သွားရန်တို့အတွက် မေတ္တာရပ်ခံထားကြောင်း သိရပါသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း မေလ ၂၂ ရက်နေ့တွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းခဲ့မှုနှင့်ပတ်သက်၍ ဝေဖန်ပြောကြားခဲ့ပါသည်။ ဂျွန်ကယ်ရီက ထိုင်းစစ်တပ်မှ အာဏာသိမ်းခဲ့မှုသည် တရားမျှတမှု မရှိကြောင်း၊ ယင်းသို့ အာဏာသိမ်းခဲ့မှုကြောင့် ထိုင်း-အမေရိကန်ဆက်ဆံရေးတွင် အနုတ်လက္ခဏာ ပြလာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် ထိုင်း-အမေရိကန်နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေး ပင်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ထိုင်းတပ်မတော်နှင့် ထိတွေ့ဆက်ဆံမှု၊ ထောက်ပံ့ပေး နေမှုများအပေါ် ပြန်လည်သုံးသပ်လျက်ရှိကြောင်းဖြင့် ပြောကြားခဲ့ပါသည်။
အာဏာသိမ်းပြီးနောက်တွင် နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေး ကောင်စီက မေလ ၂၂ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့လေသည်။ ယင်းကြေညာချက်မှာ “ ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာ အနေဖြင့် နိုင်ငံတော်အုပ်ချုပ်ရေးတွင် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း” ဖော်ပြထားသည်။
နိုင်ငံတော်အေးချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေးကောင်စီသည် မေလ ၂၂ ရက်နေ့ ညနေပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားဌာနများအား ၎င်းတို့ ထုတ်လွှင့်နေကြ အစီအစဉ်များကို ရွှေ့ဆိုင်းထားစေခဲ့ပြီး ထိုင်းကြည်းတပ်၏ ရေဒီယိုနှင့်ရုပ်မြင်သံကြား ဌာနမှ ထုတ်လွှင့်မှုများကိုသာ အကြိမ်ကြိမ် ထုတ်လွှင့်ရန် အမိန့်ပေးခဲ့လေသည်။
မေလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဘန်ကောက်မြို့ ထဝီတတ္ထနလမ်းပေါ်တွင် စုရုံး ဆန္ဒပြနေကြသည့် အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဦး (ရှပ်နီအဖွဲ့)အား ထိုင်းကြည်းတပ် တပ်ဖွဲ့ဝင်များက ရှင်းလင်းခဲ့သည်။ နိုင်ငံတော် အေးချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေးအဖွဲ့(NPOMC)ကလည်း နိုင်ငံရေး ပဋိပက္ခများ အဆုံးသတ်စေရေးအတွက် ဘက်ပေါင်းစုံတို့မှ ဆန္ဒပြသမားများ အနေဖြင့် အိမ်ပြန်ကြရန် အမိန့်ထုတ်ပြန်ခဲ့လေသည်။ ထို့ပြင် နိုင်ငံတစ်ဝန်းလုံးရှိ စာသင်ကျောင်းများအားလုံး မေလ ၂၃ ရက်နေ့မှ ၂၅ ရက်နေ့ထိ ပိတ်ထားရန်၊ မည်သည့် ပညာရေးလှုပ်ရှားမှုမျိုးကိုမျှ မပြုလုပ်ရန် မေလ ၂၂ ရက်နေ့ ည(၉)နာရီတွင် အမိန့်ထုတ်ပြန်ခဲ့သည်။
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်ကြီး ပရာယုဒ် အနေဖြင့် ဝန်ကြီးချုပ်အဖြစ် တာဝန်ယူခဲ့လေပြီ။ ထိုင်းတပ်မတော် အကြိုဗိုလ်လောင်းသင်တန်း အမှတ်စဉ်တူ ဗိုလ်ချုပ်ကြီး ပရာယုဒ်နှင့် ထိုင်းတပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့သည် ၂၀၁၄ခုနှစ်၊ စက်တင်ဘာလကုန်တွင် အငြိမ်းစားယူကြရမည့်သူများဖြစ်သည်။ ထိုင်းနိုင်ငံတွင် နိုင်ငံရေးခံယူချက် မတူကွဲပြားလျက်ရှိသည်။ ရှပ်နီနှင့် ရှပ်ဝါအဖွဲ့တို့အကြားမှ နိုင်ငံရေး အာဏာလုပွဲကြီးမှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိလာချိန်တွင် ထိုင်းတပ်မတော်မှ နိုင်ငံရေးတင်းမာမှုအခြေအနေ အဆုံးသတ်ရေးဟူသည့် အကြောင်းပြချက်ဖြင့် အာဏာ သိမ်းခဲ့လေပြီ။ ယင်းအာဏာသိမ်းမှုအပြီးတွင် ထိုင်းနိုင်ငံရေး တင်းမာနေမှုအခြေအနေ လျော့ကျသွားမည်၊ သို့မဟုတ် ပိုမိုဆိုးရွားလာမည်ဆိုသည်ကိုမူ ဆက်လက် စောင့်ကြည့် လေ့လာသွားရမည်သာဖြစ်ပေသည်။
ဘီလူးကျွန်းသား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment