Thursday, May 8, 2014

ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရာထူး အပြောင်းအရွှေ့

ဘာသာပြန်ဆိုသူ- ဘီလူးကျွန်းသား
(၂၀၁၃ ခုနှစ်၊ မေလထုတ် ဘန်ကောက်ပို့စ် သတင်းစာပါ Ms. Wassana Nanuam ရေးသားသော Prayut,Tanasak pose reshuffle dilemma ဆောင်းပါးကို
ဆီလျော်အောင် ဘာသာပြန်ဆို ရေးသားထားခြင်းသာ ဖြစ်ပါသည်။)

 ထိုင်းအစိုးရအဖွဲ့အနေဖြင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Prayut Chan-o-cha အား ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးနေရာသို့ ပြောင်းရွှေ့ခန့်အပ် တာဝန်ပေးသွားရန် စီစဉ်ဆောင်ရွက် နေသည်ဟူသော ကောလာဟလ သတင်းများက ထိုင်းလူမှုရေး အသိုင်းအ၀န်းအတွင်း၌
ပျံ့နှံ့ဖြစ်ပေါ်လျက်ရှိပါသည်။ ယင်းကောလာဟလ သတင်းများနှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်းဖြင့် ကာကွယ်ရေးဝန်ကြီး ACM.Sukumpol Suwanatat
နှင့် လက်ရှိအာဏာရ Puea Thai ပါတီမှ ပြောရေးဆိုခွင့်ရှိသူ Prompong Nopparit တို့မှ မေလ (၁၂)ရက်နေ့တွင် အသီးသီး ငြင်းဆိုပြောကြားခဲ့ကြပါသည်။
ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak Patimapragorn နှင့် ထိုင်းတပ်မတော်တွင် သြဇာအာဏာကြီးမားသော ထိုင်းဘုရင့်ကြည်းတပ်
ဦးစီးချုပ် Gen. Prayut တို့သည် အကြိုဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂)ဆင်းများဖြစ်ကြပြီး ၄င်းတို့၏ရာထူးနေရာများအား အပြောင်းအလဲ ပြုလုပ်ရာတွင်
အခန့်မသင့်ပါက ထိုင်းနိုင်ငံရေး အခြေအနေကိုပင် တစ်မျိုးတစ်ဖုံသို့ ပြောင်းလဲသွားစေနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီး
ချုပ် Gen. Tanasak နှင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Prayut တို့၏ ရာထူးအပြောင်းအရွှေ့သတင်း နှင့်ပတ်သက်၍ ထိုင်းတပ်မတော်ရေးရာ
သတင်းထောက်တစ်ဦးဖြစ်သူ ဗန်ကောက်ပို့စ် သတင်းစာ ပင်တိုင်ဆောင်းပါးရှင် Ms. Wassana Nanuam က မေလ (၁၆)ရက်နေ့ထုတ် ဗန်ကောက်ပို့စ်
သတင်းစာတွင် "Prayut, Tanasak pose reshuffle dilemma" အမည်ရှိ ဆောင်းပါးတစ်ပုဒ်အား ရေးသားဖော်ပြခဲ့ပါသည်။
 Ms. Wassana ၏ဆောင်းပါးတွင် ဖော်ပြထားသည်မှာ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Prayut သည် ကြည်းတပ်ဦးစီးချုပ်ရာထူးနေရာတွင်
တာဝန်ထမ်းဆောင်ခဲ့သည်မှာ လာမည့် စက်တင်ဘာလတွင် (၃)နှစ် သက်တမ်းပြည့်မြောက်မည် ဖြစ်သည့်အတွက် နောက်ထပ် ကျန်ရှိသည့် တစ်နှစ်တာ
သက်တမ်းကာလအတွက် လက်ရှိရာထူးနေရာတွင် ဆက်လက်တည်ရှိနေမည် (သို့မဟုတ်) အခြားရာထူးနေရာတစ်ခုခုသို့ ပြောင်းရွှေ့သွားရမည်ဆိုသည့်
အချက်နှင့်ပတ်သက်၍ မည်သူကမျှ တိကသေချာစွာ ပြောကြားနိုင်ခြင်းမရှိပေ။ သို့သော် ထိုင်းဘုရင့်တပ်မတော်၏ နှစ်စဉ် ပုံမှန်ရာထူး အပြောင်းအရွှေ့
ကာလ နီးကပ်လာပြီ ဖြစ်သောကြောင့် လူအများစုတို့က ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Prayut အပေါ်တွင် အထူးအာရုံစိုက်လျက်ရှိနေကြပြီး
အချို့ကလည်း ထိုင်းဘုရင့်ကြည်းတပ် ဖြစ်သော လက်ရှိထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak ၏နေရာတွင် ပြောင်းလဲအစားထိုး
ခန့်အပ်ခြင်း ခံရနိုင်ဖွယ်ရှိသည်ဟု ပြောဆိုလျက်ရှိပါသည်။ အမှန်စင်စစ် Gen. Prayut အနေဖြင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် ရာထူးနေရာတွင် (၃)နှစ်
တာဝန်ထမ်းဆောင်ခဲ့သည့် သက်တမ်းကာလမှာ ကြာရှည်ပြီး သင့်တော်မှုရှိသည့်အချိန်ကာလတစ်ရပ်ဖြစ်သည်ဟု စဉ်းစားသုံးသပ်ရနိုင်ဖွယ်ရှိပါသည်။
သို့သော် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen.Prayut နှင့် ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak တို့အား လုပ်ထုံးလုပ်နည်း
ဆိုင်ရာ အကြောင်းပြချက်များအရ ရာထူးအပြောင်းအလဲပြုလုပ်ရန်အတွက် ခက်ခဲလျက်ရှိပါသည်။ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်နှင့် ထိုင်းဘုရင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် လာမည့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့တွင် တစ်ပြိုင်နက်တည်း အငြိမ်းစားယူကြရမည့်သူများဖြစ်
သောကြောင့် ၄င်းတို့နှစ်ဦးစလုံးမှာ လက်ရှိတွင် (၁)နှစ်တိတိ ဆက်လက်တာဝန်ထမ်းဆောင် ကြရဦးမည်ဖြစ်ပါသည်။ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်
Gen. Prayut အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ် ခန့်အပ် တာဝန်ပေးလိုလျှင် လက်ရှိထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်
Gen. Tanasak အား အခြားအဆင့်မြင့် ရာထူးနေရာတစ်နေရာတွင် ခန့်အပ်တာဝန်ပေးသွားရမည်ဖြစ်ပါသည်။
 ထိုသို့ဆိုလျှင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen.Tanasak အား ရာထူးပြောင်းလဲပစ်နိုင်သည့် တစ်ခုတည်းသောနေရာမှာ
ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်ရာထူးနေရာပင်ဖြစ်ပြီး ယင်းအမြဲတမ်းအတွင်းဝန် ရာထူးနေရာတွင် လက်ရှိတာဝန်ထမ်းဆောင်နေသည့်
Gen. Tanongsak Apirakyotin မှာလည်း လာမည့် စက်တင်ဘာလ (၃၀) ရက်နေ့တွင် အငြိမ်းစားယူရမည်ဖြစ်သည်။ လက်ရှိ ဒုတိယအမြဲတမ်း
အတွင်းဝန် ရာထူးနေရာရှိ Gen. Nipat Tonglek နှင့် Gen. ML Prasopchai Kasemsant တို့နှစ်ဦးစလုံးမှာ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
 Gen. Tanasak ထက် ဂျူနီယာကျသူများဖြစ်ကြသောကြောင့် ၄င်းတို့နှစ်ဦးအနက်မှ တစ်ဦးဦးအား အမြဲတမ်းအတွင်းဝန်အဖြစ် ခန့်အပ်ရန်မဖြစ်နိုင်ပေ။
လေ့လာသူအချို့တို့က ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak အား ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ်
လည်းကောင်း၊ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Prayut အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်လည်းကောင်း အသီးသီးခန့်အပ်
တာဝန်ပေးအပ်သွားနိုင်ဖွယ်ရှိသည်ဟု ရှုမြင့်ထားကြပါသည်။ အမှန်စင်စစ် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးသည် ထိုင်းတပ်မတော်
အတွင်း၌ အမြင့်ဆုံးရာထူးနေရာတစ်ခုဖြစ်သည်ဟု လူသိများကြသော်လည်း ယင်းရာထူးသည် အမှန်တယ် သြဇာအာဏာရှိသောရာထူးနေရာ တစ်ခု
မဟုတ်ပေ။ အများအားဖြင့် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးနေရာသို့ ရွှေ့ပြောင်းခန့်အပ်
တာဝန်ပေးခြင်းမှာ ရာထူးတိုးပေးခြင်းမမည်ဘဲ အပြစ်ပေးခြင်းနှင့် ပို၍တူနေပေသည်။
 ကိစ္စရပ်တစ်ခုကို ညွှန်ပြရမည်ဆိုလျှင် ယခင်က ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Surayud Chulanond သည် ထိုင်းဘုရင့်ကြည်းတပ်
ဦးစီးချုပ် ရာထူးနေရာတွင် (၄)နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် အငြိမ်းစားယူရန် (၁)နှစ်ခန့်အကြာတွင် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေး
ဦးစီးချုပ် (ထိုစဉ်ကအခေါ်အဝေါ်မှာ ထိုင်းဘုရင့်စစ်သေနာပတိချုပ်ဖြစ်) ရာထူးသို့ ပြောင်းရွှေ့ခံခဲ့ရမှုပင်ဖြစ်သည်။ ထိုစဉ်က ရာထူးပြောင်းရွှေ့ပေးခဲ့သူ
မှာ ၀န်ကြီးချုပ် သက်ဆင်ရှင်နာဝပ် ပင်ဖြစ်ပြီး ယင်းကဲ့သို့ ရာထူးပြောင်းရွှေ့ခဲ့မှုကြောင်း မှူးမတ်အုပ်စုဝင်များက ၀န်ကြီးချုပ် သက်ဆင် အပေါ်
မကျေမနပ်ဖြစ်ခဲ့ကြရပါသည်။ အကြောင်းရင်းမှာ Gen. Surayud သည် ထိုင်းဘုရင့်အတိုင်ပင်ခံကောင်စီ ဥက္ကဋ္ဌ Gen. Prem Tinsulanonda နှင့်
အလွန်ရင်းနှီးကျွမ်းဝင်သူတစ်ဦး ဖြစ်သောကြောင့်ပင် ဖြစ်သည်။ လေ့လာသူအချို့တို့၏ အဆိုအရ ၀န်ကြီးချုပ်ဟောင်း သက်ဆင် သည် Gen.Surayud
အား ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရာထူးသို့ ပြောင်းရွှေ့ခန့်အပ်ခဲ့မှု ကြောင့်ပင် ၂၀၀၆ ခုနှစ်အတွင်းက ကံမကောင်းအကြောင်းမလှ
စွာ အာဏာသိမ်းခံခဲ့ရခြင်းဖြစ်သည်ဟု ဆိုကြပါသည်။ နောက်ပိုင်းတွင် Gen. Surayud အား အာဏာသိမ်းအဖွဲ့က ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့
ကြပါသည်။
 ထိုင်းဘုရင့်ကြည်းတပ်အတွင်းတွင်လည်း ထိပ်တန်းအရာရှိကြီးများ အပြောင်းအလဲ ပြုလုပ်ရန်အတွက် ဖိအားပေးမှုများရှိနေခဲ့ပါသည်။
လက်ရှိတွင် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ဖြစ်လာမည့် သူများအဖြစ် ရေပန်းစားနေသူ နှစ်ဦးရှိပြီး တစ်ဦးမှာ စစ်ဦးစီးအရာရှိချုပ်(ကြည်း) Gen.
Udomdej Sitabutr ဖြစ်ပြီး ကျန်တစ်ဦးမှာ လက်ထောက်ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Sirichai Distakul တို့ပင်ဖြစ်သည်။ ၄င်းတို့နှစ်ဦး
စလုံးမှာ လာမည့် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ (၃၀)ရက်နေ့တွင် အငြိမ်းစားယူကြရမည့်သူများဖြစ်ကြပြီး ထိုင်းဘုရင့်ကြည်းတပ်ရှိ ထိပ်တန်းရာထူး
နေရာတွင် (၁)နှစ်သာ တာဝန်ထမ်းဆောင်ရန် ကျန်ရှိတော့သဖြင့် ၄င်းတို့နှစ်ဦးအတွက် အလွန်တိုတောင်းလွန်းသော ကာလပင်ဖြစ်သည်။ သို့သော်
ယင်းအချက်သည် အစွမ်းအစများကို လျှို့ဝှက်ထားသူ လက်ထောက်ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Jiradej Mokhasmit အတွက် လမ်းစဖွင့်ပေး
ရာရောက်နိုင်ဖွယ်ရှိပါသည်။ Gen. Jiradej သည် လက်ရှိအာဏာရ Puea Thai ပါတီမှ အဓိကပုဂ္ဂိုလ်များ၊ လက်ရှိကာကွယ်ရေးဝန်ကြီး ACM. Sukumpol
တို့နှင့်လည်း ရင်းနှီးခင်မင်သူတစ်ဦးဖြစ်သောကြောင့် ထိုင်းဘုရင့်ကြည်းတပ်စစ်ဦးစီးချုပ်ရာထူးသို့ တိုးမြှင့်ပေးခြင်း ခံရနိုင်ဖွယ်ရှိပါသည်။ ထို့ကြောင့်
လာမည့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့တွင် အငြိမ်းစားယူရမည့် Gen.Jiradej သည် ကျန်ရှိသည့် (၁)နှစ်တာကာလအတွင်း၌ ထိုင်းဘုရင့်
ကြည်းတပ်ဦးစီးချုပ်ဖြစ်လာနိုင်ဖွယ်ရှိပါသည်။ ထိုသို့ဆိုလျှင် ထိုင်းဘုရင့်ကြည်းတပ်မှ အကြံပေးပုဂ္ဂိုလ်တစ်ဦးဖြစ်သူ Channel 5 ရုပ်မြင်သံကြား၏
ညွှန်ကြားရေးမှုး Gen. Chatchai Sarikalaya က ပို၍ပင် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် ဖြစ်လာနိုင်ဖွယ်ရှိပါသည်။ Gen. Chatchai သည် လာမည့်
၂၀၁၅ ခုနှစ်တွင် အငြိမ်းစားယူရမည့်သူတစ်ဦး ဖြစ်သောကြောင့် ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်လောင်း ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု ဆိုရခြင်းဖြစ်ပါ
သည်။ ထို့ကြောင့် ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ် Gen. Prayut သာ ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဖြစ်လာခဲ့မည်ဆိုပါက
ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရာထူးအတွက် ယှဉ်ပြိုင်မှုမှာ အခက်အခဲ အကြပ်အတည်းများနှင့် ကြုံတွေ့ရမည် ဖြစ်ပါသည်။
 ထိုအခါ ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ် Gen. Prayut အနေဖြင့် ရာထူးပြောင်းရွှေ့မှုကို လက်ခံမည်လားဟု မေးခွန်းထုတ်စရာဖြစ်လာ
ပါသည်။ ဤနေရာတွင် ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ ကာကွယ်ရေးဝန်ကြီးဌာန ထိုင်းဘုရင့်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်
(ကြည်း၊ ရေ၊ လေ)ဦးစီးချုပ်များပါဝင်သော ကာကွယ်ရေးဌာနကော်မတီဝင်များနှင့်အတူ ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရမည်ဖြစ်သောကြောင့်
ထိုင်းဘုရင့်ကြည့်တပ် ဦးစီးချုပ် Gen. Prayut အနေဖြင့် အခြားရွေးချယ်စရာ နည်းလမ်းမရှိပေ။ ယခုကိစ္စတွင် နိုင်ငံရေးပိုင်ဆိုင်ရာ ဆုံးဖြတ်ချက်အား
ချမှတ်နိုင်သည့်အခွင့်အရေးမှာ ကာကွယ်ရေးဝန်ကြီး ACM. Sukumpol ထံတွင်ရှိနေသည်ကို သတိပြုကြရမည်ဖြစ်သည်။ သတင်းထောက်များက
ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခြင်းခံရမည်ကို စိုးရိမ်ထိတ်လန့်နေပါသလားဟု မေးခွန်းထုတ်ခဲ့စဉ်က ထိုင်းဘုရင့်
ကြည်းတပ်ဦးစီးချုပ်က ´´ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးမှာ ဆိုးရွားလှသည့် ရာထူးတစ်ခုဖြစ်နေပါသလား၊ ရာထူးနေရာတိုင်း
တွင် ကောင်းကျိုးချမ်းသာ ရရှိကြစမြဲသာဖြစ်ကြောင်း၊ သတိပြုကြရမည့်အချက်မှာ ပျော်ရွှင်စွာအလုပ်လုပ်ကိုင်ရန်နှင့်စွမ်းရည်ရှိသလောက်အကောင်း
ဆုံးလုပ်ကိုင်ဆောင်ရွက်သွားရန်ပင်ဖြစ်ကြောင်း`` ဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။ သို့သော်ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရာထူးမှ ထိုင်းဘုရင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးသို့ ပြောင်းရွှေ့ခန့်အပ်သည့်ကိစ္စမှာ ထိုင်းနိုင်ငံတွင်အထိအခိုက်မခံနိုင်သည့် ကိစ္စရပ်တစ်ခုဖြစ်သည်။
အကြောင်းရင်းမှာ ယင်းကဲ့သို့ပြောင်းရွှေ့ခဲ့မှုကြောင့် အတိတ်ကာလအတွင်းက အာဏာသိမ်းမှုများဖြစ်ပွားခဲ့သောကြောင့်ပင်ဖြစ်ပါသည်။
 ထိုင်းနိုင်ငံအတွင်း၌ရှပ်နီ UDD အဖွဲ့နှင့်အ၀ါရောင် PAD အဖွဲ့တို့အကြားတွင် နိုင်ငံရေးအဓိကရုဏ်းများ ဖြစ်ပွားလာစေနိုင်သောကြောင့်
ထိုင်းဘုရင့်ကြည်းတပ်အနေဖြင့် အာဏာသိမ်းခြင်းကိုရှောင်ရှားလိုခဲ့ပါသည်။ သို့သော်လည်း ၂၀၀၆ ခုနှစ်၊စက်တင်ဘာလ(၁၉)ရက်နေ့ အာဏာသိမ်း
ပွဲသည် ထိုင်းနိုင်ငံ၏နောက်ဆုံးအာဏာသိမ်းပွဲဟု မည်သူမျှ အာမခံပြောကြားနိုင်ခြင်းမရှိကြပေ။ ထိုင်းဘုရင့်ကြည်းတပ်ရှိ ထိပ်တန်းအရာရှိကြီးများ
အနေဖြင့် ပိုနေမြဲ ကျားနေမြဲအခြေအနေကို ဆက်လက်ထိန်းသိမ်းထားလိုကြပါသည်။ ဥပမာဆိုရသော် ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ်
Gen. Tanasak အနေဖြင့် လက်ရှိရာထူးထက် နိမ့်ကျသည်ဟုယူဆရသော ကာကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းတမ်းအတွင်းဝန်ရာထူးနေရာသို့
ပြောင်းရွှေ့တာဝန်ထမ်းဆောင်လိုခြင်းမရှိပေ။ ထိုင်းဘုရင့်တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak နှင့်ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်
Gen. Prayut တို့နှစ်ဦးသာအလိုရှိပါက အာဏာသိမ်းရန်မှာ ခက်ခဲသည့်ကိစ္စရပ်တစ်ခုမဟုတ်ပေ။ ထို့ပြင် ကမ္ဘောဒီးယားနိုင်ငံနှင့် အငြင်းပွားလျက်
ရှိသည့် Preah Vihear ဘုရားကျောင်းကိစ္စကိုလည်းလျစ်လျူရှုထား၍ မရနိုင်ပေ။ အကြောင်းရင်းမှာ ထိုင်းဘုရင့်တပ်မတော်အတွင်း ရာထူး
အပြောင်းအရွှေ့ပြုလုပ်မည့်ကာလနှင့် preah Vihear ဘုရားကြောင်းပြဿနာအား အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice-ICJ)
မှ ဆုံးဖြတ်ချက်ချမှတ်မည့်ကိစ္စတို့မှာ အချိန်ကာလအားဖြင့် တိုက်ဆိုင်လျက်ရှိနေပါသည်။ အကယ်၍ ICJ ကသာ ထိုင်းနိုင်ငံ၏ လိုလားချက်နှင့်
ဆန့်ကျင်၍ ဆုံးဖြတ်ချက်ချမှတ်ခဲ့မည်ဆိုလျှင် ထိုင်းလူမျိုးများအနေဖြင့် ထိုင်းတပ်မတော်အား ICJ ၏အမိန့်ကို အာခံစေလိုကြမည်သာဖြစ်ပါသည်။
ထို့နည်းတူစွာပင် ထိုင်းအစိုးရအဖွဲ့ကလည်း အငြင်းပွားဧရိယာအတွင်းမှ ထိုင်းတပ်ဖွဲ့များအား ပြန်လည်ဆုတ်ခွာပေးရန် အမိန့်ထုတ်ပြန်လိမ့်မည်ဖြစ်သည်။
ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak အနေဖြင့် မည်သည့်နေရာမျိုးတွင်မဆို လုပ်ကိုင်ဆောင်ရွက်သွားရန်ရှိသည်ဟု
ပြောကြားထားခဲ့ဘူးပါသည်။ ထို့ကြောင့် ထိုင်းဘုရင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Gen. Tanasak နှင့် ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်
Gen. Prayut တို့အနေဖြင့် ၄င်းတို့ပြောကြားထားသည့်စကားများကို ဆက်လက်ထိန်းသိမ်းထားနိုင်စွမ်းရှိမည်/မရှိမည်ကို မိမိတို့စောင့်ကြည့်သွားကြ
ရမည်သာဖြစ်ပေသည်။
 ထိုင်းအစိုးရအဖွဲ့အနေဖြင့် မှူးမတ်အုပ်စုဝင်များ၏အဝေးတွင် နေထိုင်လျက်ရှိသော ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်အပေါ် ယုံကြည်မှုထားရှိရန်
လိုအပ်ပါသည်။ ထိုင်ဘုရင့်ကြည်းတပ်ဦးစီးချုပ် Gen. Prayut အနေဖြင့် ၀န်ကြီးချုပ် Gen. Yingluck နှင့် ရင်းနှီးစွာဆက်ဆံလျက်ရှိပြီး နိုင်ငံရေးအုပ်စုများ
နှင့်လည်း ပဋိပက္ခမဖြစ်ပွားအောင် ရှောင်ရှားနေထိုင်လျက်ရှိသော်လည်း အစိုးရအဖွဲ့အတွင်းမှ ပုဂ္ဂိုလ်အချို့တို့က ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်
Gen. Prayut အပေါ် အပြည့်အ၀ယုံကြည်မှုမရှိကြပေ။ အကြောင်းရင်းမှာ ထိုင်းဘုရင့်ကြည်းတပ်ဦးစိးချုပ် Gen. Prayut သည် ၄င်းအငြိမ်းစားယူရမည့်
၂၀၁၄ ခုနှစ်၊ စက်တင်ဘာလ(၃၀)ရက်နေ့ထိ ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရာထူးတွင် ဆက်လက်တည်ရှိနေလိုသည်ဟု ထိုင်းဘုရင့်ကြည်းတပ်မှ
အတွင်းလူများကပြောကြားထားခဲ့ကြသောကြောင့်ပင်ဖြစ်ပေသည်။

No comments:

Post a Comment