“ကြိုက်မရှက်၊ ငိုက်မရှက်” “ယိုသူမရှက်၊ မြင်သူရှက်”
မြန်မာစကားပုံမှာရှိတယ်ဗျ။ “ကြိုက်မရှက်” အချစ်နဲ့ပတ်သက်ပြီး ဦးစားပေး တင်စားတဲ့ စကားပုံလေးလို့တော့ ထင်တယ်ဗျ။ ကိုယ့်ချစ်သူမိန်းကလေးကို တကယ်နှစ်နှစ်ကာကာချစ်ကြိုက်မိပြီးဆိုရင်တော့ ရုပ်ဆိုးတာ၊ ဖြူတာ/မဲတာ ၀တာ/ပိန်တာ စသည်ဖြင့် မည်သို့ပင် ပြစ်ချက်များရှိနေစေကာမူ အရှက်ကင်းမဲ့ကာ ချစ်မိတတ်တာကိုး။ အချစ်မှာ မျက်စေ့မပါဘူးဆိုသလိုပေါ့။ အရာရာအားလုံးကို မမြင်တော့ပါဘူး။ အားနည်းချက်မှန်သမျှသည် အချစ်ကြောင့် အားလုံးပျောက်ကွယ် သွားစေတယ်။
“ငိုက်မရှက်” ကိုယ်တိုင်ကြုံတွေ့ဘူးတယ်။ တင်မောင်သားခရီးသွားလို့ ကားစီး လျှင်ဘဲဖြစ်ဖြစ်၊ ရထားစီးလျှင်ဘဲဖြစ်ဖြစ် အိပ်ငိုက်တတ်သည်။ ငိုက်တာမှ သတိ လက်လွတ်ဖြစ်ပြီး သွားရည်တမျှားမျှားကျသည်အထိ အိပ်ငိုက်ဖူးတယ်။ ဘေးလူ တွေကတော့ ရယ်စရာဖြစ်ကောင်းဖြစ်ပေမဲ့ ကျွန်တော့်အဖို့ကတော့ အိပ်ချင်တဲ့ အချိန်အိပ်လိုက်ရတာက အရသာတစ်မျိုးဟုခံစားရတယ်။ ငယ်ငယ်တုန်းက ပွဲတော်တော်ကြိုက်တယ်။ ပွဲကြည့်ရင်းကြည့်ရင်းနဲ့ ပွဲခင်းထဲမှာ ဘယ်အချိန် အိပ်ပျော် သွားတယ်မသိ။ လူကြီးတစ်ယောက်က “ဟေ့…ကလေး ထတော့”လို့ လာနှိုး တဲ့အချိန်ကြည့်လိုက်တော့ မနက်ရှစ်နာရီထိုးလောက်အထိ ပွဲခင်းထဲမှာ အိပ်နေတာဗျာ။ ဒါပေမဲ့ မရှက်ပါဘူး။
“ယိုသူမရှက်၊ မြင်သူရှက်” ဒါကတော့ တင်မောင်သားရဲ့ခေါင်းစဉ် Titleလေးပါ။ ဒါလေးများပြောနေရသေးတယ်လို့ ထင်ကောင်းထင်မယ်။ ဒါက တင်မောင်သား တကယ့်ခံစားခဲ့ရတဲ့အဖြစ်အပျက်အမှန်လေးပါ… ၀မ်းတစ်လုံးကောင်းရင် ခေါင်းမခဲဘူး ဆိုသလို ၀မ်းမကောင်းလျှင် ခံစားရတဲ့အဖြစ်အပျက်လေးက အဆင်ပြေလျှင်ကောင်းပါရဲ့ အဆင်မပြေလျှင် သွေးပျက်မတတ်ခံစားရပါတယ်။ အဖြစ်ကဒီလိုဗျ…..
တခါက တင်မောင်သားအလုပ်ကိစ္စတစ်ခုနဲ့ ရန်ကုန်ကိုသွားတယ်ဗျ။ အလုပ်ကိစ္စ ပြီးလို့ ရန်ကုန်ကနေအိမ်ကိုအပြန်။ ရောင်နီထွန်း ကားလက်မှတ်ဖြတ်ပြီး တက်စီး ခဲ့တယ်။ ကားဝင်းကထွက်တုန်းကတော့ ဘာပြဿနာမှမဖြစ်ဘူးဗျ။ ပဲခူးလည်းကျော် ရော အဲပြဿနာကစတော့တာဘဲ။ အချိန်ကလည်း မိုးတွင်းကြီးဗျ။ မိုးလေး ကတဖွဲဖွဲပေါ့။ ကားကလည်းအဆက်မပြတ်မောင်းနေတယ်။ ဗိုက်ထဲကလည်း တဂွီဂွီမည်နေပြီ။ ရစ်ရစ်ပြီးနာလာတယ်။ မျက်နှာမှာ ချွေးသီးချွေးပေါက်တွေ ကျလာ တယ်။ ခရီးသည်တွေကိုအားနာပြီး ကားသမားကိုလည်း ပြောရမှာခက်နေတယ်။ ကားကလည်းမရပ်ဘူးဗျာ။ ဒုက္ခဘဲ နောက် ၁၅မိနစ်နေလို့မှ ကားမရပ်ရင် ကားပေါ်မှာ ထွက်ကျတော့မယ်ဗျ။ မျက်နှာကလည်း ရှုတ်မဲ့နေတာပေါ့ဗျာ။ အဲကံကောင်းချင်တော့ ကားကဗြုန်းကနဲရပ်သွားပြီး ကားသမားက “ခရီးသည်များ ခင်ဗျား…ပေါက်တော… ပေါက်တော”လို့ ပြောသံမဆုံးခင်မှာဘဲ တင်မောင်သား အူယားဖားယားနဲ့ လယ်ကွင်းထဲကိုပြေးပါလေတော့တယ်။ ကားသမားနဲ့ခရီးသည်တွေက ကြောင်ကြည့်နေ တာပေါ့။ လယ်ကွင်းထဲမှာလည်း ကောက်စိုက်သမတွေက တင်မောင်သားကိုဝိုင်းကြည့် နေကြတယ်။ ဒါတွေကို တင်မောင်သား ဂရုမစိုက်အား လယ်ကွင်းထဲလည်းရောက်ရော တင်မောင်သားရုတ်တရက်ထိုင်ချလိုက်ပြီး မျက်နှာအပေါ်ပိုင်းကို ပုဆိုးနဲ့အုပ်ပြီးခြုံ လိုက်တယ်။ ပြီးတော့ စိတ်ထဲမှာချုပ်တည်းထားသမျှကို ဖြေလျော့ပြီး လွတ်ချ လိုက်တယ်။ “ဘွတ်…..ဘွီး….ဘွီး…ဘွီး”လို့ ၀မ်းထဲကအတားအဆီးမရှိ အသံကျယ် လောင်စွာ ထွက်လာပါတော့တယ်။ ပထမတော့ လယ်ကွင်းထဲက ကောက်စိုက် သမတွေက ကြောင်နေတာပေါ့။ နောက်တော့အခြေအနေအမှန်ကို သဘောပေါက် သွားပြီး ကိုင်ထားတဲ့ ကောက်စည်းတွေကိုလွှတ်ချပြီး ထွက်ပြေးပါလေတော့တယ်။
ကိစ္စအားလုံးပြီးစီးသွားတော့မှ တင်မောင်သားလည်း အိတ်ထောင်ထဲမှာပါလာတဲ့ စက္ကူနဲ့လက်စသတ်ပြီး အောင်ပွဲရစစ်သူကြီးပမာ ရင်ကိုကော့ ခေါင်းကိုမော့ကာ ကားရှိရာကို ပြန်လာခဲ့တယ်။
တကယ့်ဖြစ်ရပ်မှန်ကိုအခြေခံပြီး ရွှေမန်းတင်မောင်သား(ခံစားတင်ပြပါသည်။)
ချစ်သူငယ်ချင်းများနဲ့ fb ပရိတ်သတ်များရယ်မောနိုင်ပါက ကျေနပ်ပါတယ်။

No comments:
Post a Comment