Thursday, May 22, 2014
ထိုင်းတပ်မတော်မှ အာဏာသိမ်းလိုက်ခြင်း
BKK, May 22, 2014
ထိုင်းနိုင်ငံတစ်ဝန်းလုံးတွင် မာရှယ်လောအမိန့်ထုတ်ပြန်ခဲ့ပြီးနောက် ၂ ရက်အကြာတွင် ထိုင်းစစ်တပ်မှ အာဏာသိမ်းလိုက်ပြီဟု ထိုင်းကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာက မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
ငြိမ်ဝပ်ပိပြားမှုရရှိစေရေးအတွက် နိုင်ငံတစ်ဝန်းလုံးကို ထိန်းချုပ်ရန် ထိုင်းတပ်မတော်မှ ယင်းကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြားခဲ့သည်။
ဘန်ကောက်မြို့ အမှတ်(၁)ခြေလျင်တပ်မ(ဘုရင့်ကိုယ်ရံတော်တပ်)အနီးရှိ ထိုင်းကြည်းတပ်ရိပ်သာတွင် မေလ ၂၂ ရက်နေ့က ပါတီ ၇ ခုတို့ပါဝင်သော အစည်းအဝေးတစ်ရပ် ကျင်းပခဲ့ပြီး ယင်းပါတီများမှ အဓိကပုဂ္ဂိုလ်များအား ထိုင်းကြည်းတပ်မှ ခေါ်ယူ ထိန်းသိမ်းခဲ့ပြီးနောက် ယင်းဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။
ထိုင်းကြည်းတပ်သည် အထက်လွှတ်တော်နှင့် ရွေးကောက်ပွဲကော်မရှင်မှ ကိုယ်စားလှယ်များမှလွဲ၍ ကျန်ပုဂ္ဂိုလ်များအားလုံးကို ထိုင်းကြည်းတပ် တပ်ဖွဲ့ဝင် အစောင့်အရှောက်များပါသော ဟန်းဗီးယာဉ်များဖြင့် တင်ဆောင်၍ စစ်တန်းလျားသို့ ခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။
ယင်းဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူများထဲတွင် ယာယီအစိုးရအဖွဲ့၊ မစ္စတာ ဆူထစ်သောင်န်ဆူဘန် ဦးဆောင်သည့် ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး ကော်မတီ၊ မစ္စတာ ကျတုဖုန် ဖရုန်ဖန် ဦးဆောင်သည့် အာဏာရှင် ဆန့်ကျင်ရေး ဒီမိုကရေစီသွေးစည်းညီညွတ်ရေးတပ်ဦး၊ မစ္စတာ ချိုင်ကာဆမ် နီထိစီရိ ဦးဆောင်သည့် ဖွှေ့ထိုင်းပါတီနှင့် အဘီဆစ်ဦးဆောင်သည့် ဒီမိုကရက်ပါတီတို့မှ ကိုယ်စားလှယ်များ ပါဝင်ကြောင်း သိရှိရသည်။
ထိုင်းကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ်၏ ပထမဆုံးအကြိမ် ထုတ်ပြန်ကြေညာ ချက်တွင် ဆူပူအုံကြွမှုများအား ကာကွယ်တားဆီးရန်အတွက် နိုင်ငံတော်အား ထိန်းချုပ် ရန် ထိုင်းကြည်းတပ် ဦးစီးချုပ်၊ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းဘုရင့် လေတပ်နှင့် ထိုင်းဘုရင့် ရေတပ်ဦးစီးချုပ်များ၊ အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲတို့မှ အာဏာသိမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားကြောင်း သိရှိရသည်။
နိုင်ငံတော်အတွင်း ငြိမ်းချမ်းရေး ပြန်လည်ထိန်းသိမ်းရန်အတွက် မေလ ၂၂ ရက်နေ့တွင် ထိုင်းကြည်းတပ်ဦးစီးချုပ်၊ ထိုင်းတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းဘုရင့် ရေတပ်နှင့် လေတပ်ဦးစီးချုပ်များ အမျိုးသားရဲတပ်ဖွဲ့အကြီးအကဲတို့မှ နိုင်ငံတော်အာဏာအား သိမ်းယူခဲ့ခြင်းဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ပရာယုဒ်က ယင်းထုတ်ပြန်ကြေညာချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။
ယခုအချိန်မှစ၍ ထိုင်းနိုင်ငံသည် အမျိုးသားငြိမ်းချမ်းမှုထိန်းသိမ်းရေးကောင်စီ (National Peace-Keeping Council)၏ အောက်သို့ ကျရောက်သွားပြီဖြစ်ကြောင်းကို လည်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ဖြည့်စွက်ပြောကြားခဲ့သည်။
ဘီလူးကျွန်းသား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment