Bangkok Post, May 24, 2014
အာဏာသိမ်းခေါင်းဆောင် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ပရာယုဒ် ချန်အိုချာသည် ၎င်း၏ သြဇာအာဏာ ခိုင်မာတောင့်တင်းစေရေးအတွက် အထက်လွှတ်တော်အား မေလ ၂၄ ရက်နေ့ ညဦးပိုင်းတွင် ဖျက်သိမ်းခဲ့ပြီး ထိုင်းဘုရင့် ရဲတပ်ဖွဲ့အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး အဒူလ်စိန်စင်ကဲယော့ အား ရာထူးမှဖြုတ်ချ၍ ဝန်ကြီးချုပ်ရုံး၏ မထင်မရှားနေရာတစ်ခုတွင် ချောင်ထိုးထားခဲ့လေသည်။
အထက်လွှတ်တော်အား ဖျက်သိမ်းလိုက်ခြင်းမှာ လွှတ်တော်၏လုပ်ပိုင်ခွင့် အားလုံးကို နိုင်ငံတော်ငြိမ်းချမ်းရေးနှင့် တရားဥပဒေထိန်းသိမ်းရေးကောင်စီ (NPOMC)က ဆက်လက် လုပ်ဆောင်သွားမည်ဟူသည့် သဘောပင်ဖြစ်သည်။
ယခုအချိန်တွင် အောက်လွှတ်တော်နှင့် အထက်လွှတ်တော်နှစ်ရပ်စလုံး၏ လုပ်ပိုင်ခွင့် များအား မိမိ လွှဲပြောင်းရယူခဲ့ပြီဖြစ်ကြောင်း၊ လွှတ်တော်၏ အတည်ပြုချက် လိုအပ်သည့် မည်သည့်ကိစ္စမျိုးကိုမဆို မိမိဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပရာယုဒ်က ထုတ်ပြန်ကြေညာခဲ့လေသည်။
မထင်မရှားရာထူးနေရာများသို့ ချောင်ထိုးခြင်းခံခဲ့ရသူများထဲတွင် အထူးစုံစမ်းစစ်ဆေး ရေးဌာန အကြီးအကဲ ထာရစ်ပန်ဒစ်နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်း ဝန် ဗိုလ်ချုပ်ကြီး နီပက်ထောင်န်လတ်တို့လည်း ပါဝင်ခဲ့လေသည်။
သို့ဖြစ်၍ လစ်လပ်သွားသောရာထူးနေရာတွင် ဗိုလ်ချုပ်ကြီး ပရာယုဒ် ယုံကြည်စိတ်ချရသူများကို အစားထိုးခန့်အပ်ခဲ့လေသည်။ လက်ရှိ ဒုတိယရဲတပ်ဖွဲ့ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး ဝပ်ချရာဗိုလ် ပရာစန်ရက်တစ် အား ခေတ္တ ရဲတပ်ဖွဲ့အကြီး အကဲအဖြစ်လည်းကောင်း၊ လက်၇ှိ ဒုတိယရဲတပ်ဖွဲ့ အကြီးအကဲတစ်ဦးဖြစ်သူ ရဲဗိုလ်ချုပ်ကြီး ချက်ချာဝေါ် စုစ္စမ်ကျစ်အား အထူးစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲ အဖြစ်လည်းကောင်း၊ ဗိုလ်ချုပ်ကြီး စူရာဘတ် ကန်ကျနုာရတ် အား ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်အဖြစ်လည်းကောင်း ခန့်အပ်ခဲ့လေသည်။
နိုင်ငံတွင်းရှိ ပဋိပက္ခများအား ဖြေရှင်းရန်နှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် တိုင်းကြည်းတပ်မှ အာဏာသိမ်းခြင်း၊ မာရှယ်လောအမိန့် ထုတ်ပြန်ခြင်းတို့နှင့် စပ်လျဉ်း သည့် အစီရင်ခံစာများကိုလည်း ထိုင်းဘုရင်က လက်ခံအသိအမှတ်ပြုခဲ့ပြီး ဖြစ်သည်ဟု ဗိုလ်ချုပ်ကြီး ပရာယုဒ်က ပြောကြားခဲ့သည်။
(NPOMC)ကလည်း ထိုင်းဘုရင်ထံသို့ ဘုရင့်အတွင်းဝန်ရုံးမှတစ်ဆင့် မေလ ၂၀ ရက်နေ့ နှင့် မေလ ၂၂ ရက်နေ့တို့တွင် အစီရင်ခံစာများအား တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း၊ ဘုရင့် အတွင်းဝန်ရုံးကလည်း အစီရင်ခံစာများအား လက်ခံသဘောတူကြောင်းဖြင့် မေလ ၂၄ ရက်နေ့ညတွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဘီလူးကျွန်းသား
No comments:
Post a Comment