Wednesday, May 7, 2014

ထိုင်း-တရုတ် ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းနှင့် လက်နက်ထီထွင်ထုတ်လုပ်မှု

ထိုင်းနိုင်ငံကာကွယ်ရေးဝန်ကြီး ACM.Sukumpol Suwanatal နှင့် တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီး Gen Chang Wanquan တို့သည် ဘရူနိုင်းနိုင်ငံ၊ ဘန်ဒါဆရီဘဂါဝမ်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေး (Asean Defence Minister’s Meeting-ADMM) ကာလအတွင်း၌ သီးခြားတွေ့ဆုံမှုများပြုလုပ်ခဲ့ကြောင်း၊ ထိုသို့တွေ့ဆုံဆွေးနွေးစဉ် ထိုင်း-တရုတ် နှစ်နိုင်ငံတပ်မတော်ကြားရှိ ချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာအားကောင်းလာစေရေးအတွက် ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းနှင့် လက်နက်တီထွင်ထုတ်လုပ်မှုများကို တိုးမြှင့်လုပ်ဆောင်သွားကြရန် သဘောတူညီခဲ့ကြကြောင်း သိရှိရပါသည်။
 ထိုင်းကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းတစ်ရပ်၏အဆိုအရ Cobra Gold ပူးပေါင်းစစ်ရေး လေ့ကျင့်ခန်းနှင့် အဆင့်တူညီမှုရှိသည့် ထိုင်း-တရုတ် ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းများအား တိုးချဲ့ ဆောင်ရွက်သွားရန် တရုတ်နိုင်ငံကာကွယ်ရေးဝန်ကြီး Gen. Chang မှ တောင်းဆိုခဲ့ကြောင်း၊ ထိုင်း-တရုတ် နှစ်နိုင်ငံအနေဖြင့် ကြည်းတပ်အထူးတပ်ဖွဲ့နှင့် မရိန်းတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များပါဝင်သည့် အကြမ်းဖက်နှိမ်နင်းရေး လေ့ကျင့်ခန်းများကိုသာ ပြီးခဲ့သည့် ၂၀၁၁ခုနှစ်အတွင်းက အပြန်အလှန်လေ့ကျင့်နိုင်ခဲ့ကြောင်း၊ ယခင်က ထိုင်း-တရုတ် နှစ်နိုင်ငံလေတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ “Lighting Strike” လေတပ်ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းအား လေ့ကျင့်သွားရန်စီစဉ်ဆောင်ရွက်ခဲ့ကြောင်း၊ သို့သော်လည်း ထိုင်းနိုင်ငံရှိ ဂျက်တိုက်လေယာဉ်အများစုမှာ အမေရိကန်လုပ် ဂျက်တိုက်လေယာဉ်များဖြစ်သောကြောင့် ထိုင်း-တရုတ် နှစ်နိုင်ငံလေတပ်ဖွဲ့အကြားတွင် ပူးပေါင်းစစ်ရေးလေ့ကျင့်ခန်းများ ပြုလုပ်ရန်အတွက် နည်းပညာဆိုင်ရာအခက်အခဲများကို ဖြစ်ပေါ်စေခဲ့သဖြင့် ယင်း လေတပ်ပူးပေါင်းစစ်ရေး လေ့ကျင့်ခန်းအား ပြုလုပ်နိုင်ခြင်းမရှိခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်၊ ဂျပန်၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ တောင်ကိုးရီးယားနှင့် မလေးရှားနိုင်ငံတို့မှ တပ်ဖွဲ့ဝင်ပေါင်း (၁၃,၀၀၀)ခန့်ဖြင့် (၃၂)ကြိမ်မြောက် Cobra Gold-2013 အား ၂၀၁၃ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထိုင်းနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရပါသည်။
 ထိုင်းကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းတစ်ရပ်ကလည်း ထိုင်း-တရုတ် နှစ်နီုင်ငံပူးပေါင်း၍ လက်နက်စနစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးတွဲသုတေသနပြုလုပ်မှုများကို တိုးချဲ့ဆောင်ရွက်သွားရန် တရုတ်ကာကွယ်ရေးဝန်ကြီး Gen. Chang ကအဆိုပြုခဲ့ကြောင်း၊ တရုတ်ကာကွယ်ရေးဝန်ကြီး၏ အဆိုပြု ချက်ကြောင့် ထိုင်း-တရုတ် နှစ်နိုင်ငံတပ်မတော်များအကြား၌ စစ်ဘက်နည်းပညာရပ်များ ပူးပေါင်း ဆောင်ရွက်မှုနှင့် လက်ရှိဆောင်ရွက်လျှက်ရှိသည့် အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာစနစ်များ ပူးတွဲ တီထွင်ထုတ်လုပ်ရေး ကိစ္စရပ်များကိုလည်း ပိုမိုတိုးမြှင့်လုပ်ဆောင်သွား နိုင်ဖွယ်ရှိကြောင်း၊ ပြီးခဲ့သည့် ၂၀၁၂ခုနှစ်၊ အေပြီလအတွင်းက ဘတ်ငွေ(၁.၅)ဘီလီယံကုန်ကျမည့် အကွာအဝေး (၂၀၀)ကီလိုမီတာအထိ ပစ်ခတ်နိုင်သော အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာ (Multiple Launch Rocket System-MLRS)များအား ပူးပေါင်းတီထွင်ထုတ်လုပ်သွားရန် ထိုင်းနှင့်တရုတ် နှစ်နိုင်ငံ တပ်မတော်များအကြား၌ သဘောတူညီခဲ့ကြောင်း၊ ယခင်က ထိုင်း-တရုတ်နှစ်နိုင်ငံပူးပေါင်း၍ အကွာအဝေး (၆၀)မှ (၁၈၀)ကီလိုမီတာအတွင်း ပစ်ခတ်နိုင်သည့် အတွဲလိုက်ပစ် ဒုံးပစ်လောင်ချာများ အား တီထွင်ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ သို့သော် ၎င်းဒုံးပစ်လောင်ချာများမှာ ထိရောက်မှုအားနည်းခဲ့သဖြင့် ဒုံးပစ်လောင်ချာစနစ်အား အဆင့်မြှင့်တင်နိုင်ရေးအတွက် လက်ရှိတွင် ထိုင်းနိုင်ငံ ကာကွယ်ရေးနည်းပညာသိပ္ပံဌာန (Defence Technology Institute-DTI)နှင့် တရုတ်နိုင်ငံ တို့အကြား၌ စီမံကိန်းရေးဆွဲ ဆောင်ရွက်လျက်ရှိကြောင်းဖြင့် ထိုင်းကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းတစ်ရပ်၏အဆိုအရ သိရှိရပါသည်။
ဘီလူးကျွန်းသား
၂၀၁၃ခုနှစ်၊ မေလထုတ် ဘန်ကောက်ပို့စ်သတင်းစာမှ ဘာသာပြန်ဆိုရေးသားထားခြင်းဖြစ်ပါသည်။

No comments:

Post a Comment