၁၉၈၇-၈၈ ကျနော် ၁၀တန်းကျောင်းသားဘဝလောက်ကပေါ့။ ကျနော့်အထက်ကအစ်မလေ မင်္ဂလာဆောင်တယ်။ သူ့အသက်က ၁၅နှစ်၊ သူယူတဲ့အမျိုးသားက ၁၆နှစ်ဆို တော့ ရပ်ကွက်ထဲမှာ သူတို့စုံတွဲကို ကလေးလင်မယားလို့တောင် ခေါ်ဝေါ် သမုတ်ကြတာ။ အဲဒီအချိန်တုန်းကတော့ အစ်မတို့က မိုးမမြင်၊ လေမမြင်ပေါ့။ အဖေတို့ကတော့ ကိုယ်ကသမီးရှင်ဆို တော့ ဆူးပေါ်ဖက်ကျလည်း ဖက်ဘဲ၊ ဖက်ပေါ်ဆူးကျလည်း ဖက်ဘဲဆိုသလိုမျိုးဖြစ်နေတော့ မချစ်တော့လည်း အောင့်ကာနမ်းပြီး ပေးစားရတော့တာပေါ့။ ဒီလူကလူပေါ်ကျော့ဗျ။ လက်ကြောတင်း အောင်မလုပ်ဘူး။ အရက်ကလေး ကလည်းတမြမြ။ ပြန်လာရင်လည်း အစ်မကို နားရင်းပရင်းတွေပိတ်ရိုက်တာ အဲကံကဆိုးချင်တော့ အမူးသာလွန်ချင် လွန်မယ်။ ဟိုဟာကျတော့ မလွန်ဘူးဗျ။ ကလေးတစ်ယောက်ရတယ်။ သားနဲ့မယားနဲ့သာ ဖြစ်လာတာ ဒီလူကတော့ ဟန်မပျက် အရက်သောက်လျက်၊ မိန်းမရိုက်လျက် ဘဲ။
တခုသော မိုးတွင်းကာလညတစ်ညမှာ ပေါ့။ မိုးတွေကလည်း တဖွဲဖွဲ ရွာနေတုန်း။ အချိန်အားဖြင့် ည ၉ နာရီ၊ ၁၀နာရီ လောက်ရှိမယ်ဗျ။ လင်တော်မောင် ပြန်မလာလို့ အစ်မက ခမောက်ကလေး ကိုဆောင်းပြီး လိုက်ရှာသပေါ့ဗျာ။ ၁၉၈၇ ၈၈ပတ်ဝန်းကျင်လောက်ကဆိုတော့ လူနေအိမ်ခြေကလည်းကျဲတော့ တစ်ယောက်ထဲမဆိုထားနဲ့ အုပ်စုလိုက် အစ်မတွေနဲ့ရုပ်ရှင်သွားကြည့်ရင်တောင် လမ်းသွယ်ကိုဝင်တာနဲ့ သုတ်ခြေတင်ပြေးကြတာ။ ကျနော့်တို့လမ်းထိပ်က ခြံကြီးတစ်ခြံမှာ ဇီးဖြူပင်ကြီးတစ်ပင်ရှိသဗျ။ အဲဇီးဖြူပင်မှာ သရဲကလည်းတအားခြောက်သဗျ။ မိုးလေးကလည်းတဖွဲဖွဲနဲ့ ဇီးဖြူပင်အောက်မှာ အစ်မကလင်တော် မောင်ကိုတွေ့ပါလေရော။ ကိုယ်တော်ချောကတော့ ထုံးစံအတိုင်းပေါ့ မူးနေတယ်။ ပြောကြဆိုကြရင်းနဲ့ လင်မယားရန်ဖြစ်ကြတယ်။ အစ်မယောင်္ကျားက နားရင်းတွေလည်းရိုက်၊ အနားမှာရှိတဲ့ သစ်သားပိုင်းနဲ့ကောက်ရိုက်လိုက်တာ ခေါင်းမှာထိပြီး သွေးသံရဲရဲနဲ့ မိုးရေထဲမှာ သတိလစ်နေတာပေါ့။ မိုးရေထဲမှာ သမီး ထွက်သွားတာကြာတော့ အဖေကစိတ်ပူပြီး လှံကိုဆွဲပြီးလိုက်တာပေါ့။ အရက်သမား ယောက်ဖကတော့ တချိုးတည်းသုတ်ခြေ တင်ပြီး အနားတောင်မကပ်တော့ဘူး။ အစ်မကို အဖေတွေ့တော့ သွေးအိုင်ထဲမှာ သတိလစ်နေတယ်။ အဖေအစ်မကိုထမ်း ပြီး အိမ်ကိုပြန်ခဲ့ရတယ်။ သတိရအောင် ရပ်ကွက်လူကြီးတွေ အကူအညီနဲ့ ခေါင်း သွေးတွေကိုအရင်တိတ်အောင်လုပ်၊ ပတ်တီးစည်း ဆေးတွေတိုက်ခဲ့ရတယ်။ မနက်မိုးလင်းတော့ အစ်မသတိပြန်ရလာခဲ့တယ်။ သို့သော် အစ်မရဲ့အခြေအနေသည် သာမန်လူတစ်ယောက်ရဲ့ ဖြစ်စဉ်မျိုးမဟုတ်ခဲ့။ မျက်လုံးကြီးကပြူးနေပြီး၊ မျက်ထောင့်နီကြီးနဲ့စိုက်ကြည့်ရင်းက ပါးစပ်ကလည်း ဟေ့..ငါတစ်ညလုံးမိုးရေထဲမှာ အိပ်နေရတာ ဗိုက်ဆာတယ်။ ငါ့ကိုအမဲသား ကျွေးကြစမ်း။ ဟို..ငါ့ကိုရိုက်တဲ့ သန်းစိုးဆိုတဲ့ လွတ်အောင်ပြေးထား၊ နင့်ကိုတွေ့ရင်တော့ ဂုတ်ချိုးသတ်မယ်ဟု ဆိုအတင်းထပြေးမယ်လုပ်တော့ ယောင်္ကျား ၃၊ ၄ယောက်လောက်က အတင်းဖမ်းချုပ်ပြီး ကြိုးနဲ့တုတ်ထားရတာပေါ့။ ဒါတောင် အတင်းရုန်းကန်နေသေးတာမို့ လူအားနဲ့ ဖိထားရသေးတယ်။ အဖေနဲ့ရပ်ကွက်က လူကြီးတွေတော့သိလိုက်ပြီ။ ဒါ နာနာဘာဝ အပမှီတာ။ အဖေနဲ့ရပ်ကွက် လူကြီးတွေတိုင်ပင်ပြီး အပလောကသား တွေနိုင်တဲ့ အထက်လမ်းဆရာတစ်ယောက်ကို ပင့်ခေါ်ခဲ့တယ်။ ဆရာရောက်တော့ ဆရာမန်းမှုတ်ထားတဲ့ ရေမန်းကိုတိုက်တော့ မှုတ်ထုတ်တယ်။ ဟေ့..ပူတယ်၊ ငါ့ကိုဘာတွေလာတိုက်နေတာလဲ။ ဟိုလူ ကိုခေါ်သွားကြစမ်းဟုဆိုကာ ဆရာကို လက်ညှိုးထိုးပြီးပြောပါလေတော့တယ်။ တယ်ဒီကောင်မ...ငါ့ကိုပညာစမ်းတယ်ပေါ့လေ။ ဗျန်း...ဗျန်းဆိုပြီး ပါးကိုဘယ်ပြန်၊ ညာပြန်ရိုက်တော့ ဆရာကို မျက်ထောင့်နီကြီးနဲ့ စိုက်ကြည့်နေတယ်။ ဆရာက အေး..မင်းကဘဲ စွမ်းနိုင်မလား၊ ငါ့ကဘဲချွတ်နိုင်မလားဆိုတာ ကြည့်ရသေးတာပေါ့။ ဘုရား၊ တရား၊ သံဃာ၊ နတ်ကောင်းနတ်မြတ်တွေကို တိုင်တည်ပြီး ဂါထာတွေရွတ်တာပေါ့ဗျာ။ လက်ထဲမှာလည်း ပရိတ်ကြိုးလိုဟာမျိုး ဆုပ်ပြီး ပါးစပ်ကလည်း ဥုံဖွဆိုပြီးရွတ်တယ်။ ပြီးတော့ ဟေ့.. ဖမ်းချုပ်ကြစမ်းဆိုပြီး လူုကြီး ၄၊ ၅ယောက်လောက်က ဝိုင်းချုပ်ကြတာပေါ့။ ဆရာက ပရိတ်ကြိုးကို လည်ပင်းထဲဆွဲထည့်တော့ ပူတယ်..ပူတယ်။ ငါ့ကိုချွတ်ပေးကြလို့ အော်တယ်။ ဆရာက ရေမန်းနဲ့လည်း တောက်တော့ ပူတယ်၊ ပူတယ်ဆိုပြီး ငိုဘာလေရော။ ဆရာသိလိုက်ပြီ မေးလို့ ရပြီးဆိုတာ ကဲ...နင်ဘယ်သူလဲဆိုတာ ပြောပြ။ ဒီကလေးမလေးရဲ့ ရောဂါတွေ နင်ပြန်ယူသွားရင် နင်ကိုပရိတ်ကြိုးတွေ ဖြေပေးမယ်။ ဟေ့..ဒါနဲ့ငါမကျေနပ်နိုင်ဘူး။ ငါ့ကိုရိုက်သွားတဲ့ကောင်ကို ငါ့ကိုလာတောင်းပန်ခိုင်း၊ ပြီးရင် ငါနေတဲ့ ဇီးဖြူပင်မှာ ငါ့ကိုအမဲသားလာကျွေးရင် ဒီကောင်မလေးရောဂါကို ငါပြန်ယူပေးမယ်။ ဆရာက အေး...နင်ကတိတည်တယ်ဆိုရင် သစ္စာရေသောက်ဟု ဆိုကာရေမန်းတိုက်လိုက်တော့ အစ်မကိုယ်ဟာ ပျော့ကျသွားပြီး အိပ်ပျော်သွားပါတော့တယ်။ ဆရာက ဘာမှမစိုးရိမ်နဲ့တော့ ရပြီး၊ သူ့ကိုပြောထားတဲ့အတိုင်း အမဲသားဝယ်ပြီး အစ်မယောင်္ကျားကို ဇီးဖြူပင်အောက် သွားတောင်းပန်ခိုင်းရ တော့တာပေါ့။ နောက်နေ့မှစပြီး နာနာဘာဝ အပစွဲကပ်ခြင်းမှ ပျောက်ကင်းသွားသည်မှန်သော်လည်း ဦးနှောက်ကို ထိထားသည်ဒဏ်ကြောင့် ယဉ်ယဉ်လေးရူးသွားပါတယ်။ လည်ပင်းမှာပန်းတွေဆွဲ၊ ခေါင်းမှာပန်းပြီး တမြို့လုံးလျှောက်သွားနေတော့တာပေါ့။ ကျနော်တို့ကဆင်းရဲ တော့ ဆေးရုံတင်ပြီးလည်းမကုနိုင်၊ သူ့ကိုလည်း အချိန်ပြည့်မကြည့်နိုင်တော့ မြို့ထဲကိုလျှောက်သွား၊ ဗိုက်ဆာရင် ချီးတွေ့ရင်တောင် ကောက်စားတဲ့အဆင့်ကိုရောက်သွားတာ။ မြို့ထဲမှာ ရပ်ကွက်ထဲကတွေ့တဲ့လူက ပြန်ဆွဲခေါ်လာနဲ့ ဒီလိုနဲ့ဘဲနေခဲ့ရတယ်။ နောက်တော့ ရပ်ကွက်ထဲက သနားတာနဲ့ ပိုက်ဆံလေးတွေစုပြီး ဆေးရုံတင် ကုလိုက်တာ ပျောက်တော့ ပျောက်သွားပါတယ်။ သို့ပေမဲ့ ယခုစာရေးနေတဲ့ အချိန်ထိ ကျပ်လုံးဝ မပြည့်တော့ကြောင်းပါခင်ဗျာ။
လေးစားလျက်..ရွှေမန်းတင်မောင်သား
No comments:
Post a Comment