Monday, May 19, 2014

အစားမတော်တလုတ်

"တုံ..တုံ...တုံ...တုံ"ရွာဦးကျောင်းက အုန်းမောင်းခေါက်သံက မနက်အာရုံ လင်းဖို့ ရှေ့ပြေးအသံလား ပီပြင်စွာ တိတ်ဆိတ်နေတဲလောကကို ထွင်းဖောက်ပေါ်ထွက်လာတယ်။ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် သာအေး မီးအုပ်ဆောင်းကိုဆွဲလျက် ရွာလမ်းကလေးအတိုင်း သားသတ်ရုံရှိရာ လယ်ကွင်းဖက်ကို ထွက်ခဲ့တယ်။

အလုပ်ရုံရှိရာရောက်လျင် မနေ့ညနေကတည်းကပေါ်မည့် ဝက်နှစ် ကောင်ကို လက်သုံးတော် လှံနဲ့ကိစ္စတုံး ပြီး အသင့်တည်ထားတဲ့ရေနွေးလောင်း၊ အမွေးပြောင်အောင်ခြစ်၊ ဗိုက်ခွဲ ကလီစာတွေထုတ်၊ ခြေလက်တွေကို သတ်သတ်စီခုတ်ထားတယ်။ ဝက်ကိုယ်လုံးကို လေးပိုင်း ပိုင်းပြီး အသင့်စောင်နေတဲ့ မြင်းလှည်းပေါ်ကို တင်ပြီး ဈေးကိုတပည့်ကျော် ဘိုကျော်နဲ့ အတူထွက်ခဲ့တယ်။

ဈေးရောက်တော့ လေးပိုင်း ပိုင်းထားတဲ့ ဝက်သားကို တစ်ပိသာ အတုံးလေးတွေ ဖြစ်အောင်ပိုင်းပြီးရင် သူဌေးလက်ထဲ အပ်ပြီးရင် သာအေးတို့ တာဝန်ပြီးသွား ပါပြီ။

အလုပ်ပြီးသွားတော့ ဆင်းရဲသား အလုပ်ကြမ်းသမားတို့ရဲ့ ထုံးစံအတိုင်း တခွက်တဖလားတော့ ချကြတာပေါ့။

တစ်နေ့ဈေးကအပြန် တပည့်ကျော် ဘိုကျော်က ဖက်နဲ့ထုပ်ထားတဲ့ အထုပ် ၁ထုပ်ယူလာတယ်။ ဆရာ..ကျွန်တော် ဟိုဖက်ဈေးသည်က ငါးပူတင်းဥတွေ တောင်းလာတယ်။ ညနေအတွက် အမြည်းပေါ့။ ဘယ်ဆိုးလို့လဲ ငါ့တပည့်က။ ဟဲဟဲ...ဆရာ့တပည့်ပဲလေ

အချိန်က တပေါင်းလဆိုတော့ အလွန် ပူတဲ့အချိန် အိမ်ရှေ့ကွပ်ပစ်မှာ ဝယ်ထား တဲ့အရက်ကိုတည်။ တပည့်ကျော် ကတော့ နောက်ဖေးမီးဖိုချောင်မှာ ဈေးကယူလာတဲ့ ငါးပူတင်းဥကို ကြော်နေလေရဲ့။ သာအေး၊ တပည့်ကျော် ဘိုကျော်နဲ့ အိမ်ဘေးနား က သာဂိတို့ ၃ ဦးတို့ တောအရက်နဲ့ ငါးပူတင်းဥကြော်ကို သောက်လိုက်၊ စားလိုက်နဲ့ အရက်သုံးလုံးလည်း ပြောင်ရော လူတွေလည်း ခေါင်းမထောင် နိုင်အောင်မူးနေပြီ။

သာဂိက အာလေးလျှာလေးဖြစ်နေပြီ။ ကိုယ်မှာလဲ အင်္ကျီကမရှိတော့။ သာအေး ရေ..အေ့..ငါဒီမှာဘဲအိပ်တော့မယ်ကွာ။ မပြန်နိုင်တော့ ဘူး...အေ့။ အေးပါကွာ...အိပ်ပေါ့။

မနက်မိုးလင်းတော့မယ်။ သာအေးတော့ ညကများသွားတဲ့အရှိန်နဲ့ အလုပ်မသွား နိုင်တော့။ တပည့်ကျော်တောင် ဘယ်အချိန်ပြန်သွားမှန်းမသိ။ ခေါင်းထဲ ကလည်းမူးနောက်နောက်ဖြစ်နေတယ်။

ထိုအချိန် သာအေးမိန်းမ မြချစ်က အောင်မလေး...ကိုသာအေးရေ။ လာကြပါအုံး ဒီမှာ..သာဂိတစ်ယောက် ခေါ်လို့မရတော့ဘူး။ ဒီတော့မှ သာအေး တစ်ယောက် ပြေးထွက်သွားပြီး သာဂိကို နှိုးကြည့်တော့။ သာဂိတစ်ကိုယ်လုံး အေးစက်ပြီး တောင့်နေတယ်။ ပါးစပ်ကလည်း အမြှပ်တွေထွက် နေတယ်။ သာအေး တစ်ယောက် ခေါင်းပိုမူးလာပြီး မိန်းမရေ ငါ့ကို ကန်စွန်းရွက်ထောင်းပေးစမ်း။ မိန်းမထောင်းပေးတဲ့ ကန်စွန်းရွက်ရည် ကို သောက်လိုက်ပြီး ခဏကြာတော့ သာအေး တစ်ယောက်ထိုးအန်လိုက်ရာ ပါးစပ်မှ ဝေါကနဲဆိုပြီး အဖတ်ဖြူုဖြူတွေ ထွက်ကျကုန်တယ်။ ဒီတော့မှ နည်းနည်း သက်သာသွားတယ်။

ကောင်းသွားတော့မှ တပည့်ကျော်ကို သွားသတိရတယ်။ ဟေ့...ဘိုကျော်ကို မေးစမ်းပါအုံးဟ။ အောင်မလေး... ကိုသာအေးရယ်။ ရှင်ဖြစ်နေကတည်းက ရှင်တပည့်ကျော်က နောက်ဖေးမှာ အန်နေတာ။ သူ့ကိုလည်း ကန်စွန်းရွက် တိုက်ပြီးပါပြီ။ ညကသူမပြန်ဘူးလေ။ နောက်ဖေးမှာအိပ်နေတာဟု ရှင်းပြတော့မှ သာအေးလည်း သက်ပြင်း ချနိုင်တော့တယ်။ သာဂိအသုဘချဖို့ အတွက် ရပ်ကွက်လူတွေနဲ့ တိုင်ပင်ရ တော့တာပေါ့။

ပြန်သုံးသပ်ကြည့်သော် သောက်တာကအရက်၊ မြည်းတော့ အဆိပ်တောက်တဲ့ ငါးပူတင်းဥ၊ သောက်တဲ့အချိန်က အလွန်ပူတဲ့နွေ၊ တွေ့တဲ့နေရာမှာအိပ်ဆိုတာတွေက သေတွင်းကို ပို့လိုက်သလိုဖြစ်တယ်။ ငါးပူတင်း ၂ မျိုးရှိတယ်။ ရေချိုငါးပူတင်း နဲ့ ရေငန်ငါးပူတင်း။ အသားဆို ရေချိုရော ရေငန်ပါစားလို့ရတယ်။ ငါးပူတင်းဥက အဆိပ်တောက်တယ်။ အန္တရာယ်များတဲ့ အတွက် မစားတာလျင် အကောင်းဆုံး ဖြစ်ကြောင်း အထက်ပါဖြစ်ရပ်မှန်များက သက်သေပါခင်ဗျား။

ရွှေမန်းတင်မောင်သား

No comments:

Post a Comment