Saturday, May 10, 2014

မြိုင်ရာဇာတွတ်ပီမဟုတ်သော ဆရာကြီး ခေါင်လန်ဖုန်း

တပ်မတော်သားတစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ်အား ပြန်လည်ရေးဖွဲ့သည်။

အချိန်ကာလအားဖြင့် ၁၉၉၀ပြည့်နှစ်။ အရေးအခင်းလွန်ကာလ။ အညာမြို့လေးတစ်မြို့က ကျွန်တော်တို့ တပ်ရင်းဟာ မဲသဝေါဒေသက ကြက်တော်ခီးစခန်းမှာ ခြေကုတ်ယူထားပါတယ်။ ကျွန်တော်က တပ်ခွဲ(-) ။ တပ်ခွဲမှူးကတော့ ဗိုလ်ကြီး မြင့်သိန်းပါ။ ခြံစည်းရိုးနှစ်ထပ်ကာရံထား ပြီး ခြံစည်းရိုးပတ်လည်မှာ ပစ်ကျင်း၊ လိုက်ကျင်းနဲ့ ကတုတ်ကျင်းတွေက အစီအရီပေါ့။ ကျွန်တော်တို့စခန်းက မဲသဝေါဒေသရဲ့အဝင် ကာကင်းစခန်းပါ။ ကျွန်တော်တို့ စခန်းရဲ့ အတွင်းဖက်မှာ ပွိုင့်( -)၊ ပြီးရင် ပွိုင့်( -)။ ဆက်သွားရင် ကဆာနလီနဲ့ မောရလီဆိုတဲ့ မဲသဝေါစခန်းကို ကျွန်တော်တို့ တပ်မတော်သားတွေ တိုက်စဉ်အခါက ခက်ခက်ခဲခဲ တိုက်ယူခဲ့ ရတဲ့ ကျောက်တောင်နှစ်လုံး။ ပြီးလျင်တော့ အရေးအခင်းကာလက နာမည်ကြီးပြီး တပ်မတော်သားတွေ အသက်ပေါင်းများစွာ ပေးဆပ်ခဲ့ရတဲ့ မဲသဝေါ စခန်း။ မဲသဝေါစခန်းအနောက်မှာတော့ ထိုင်းနဲု့မြန်မာနိုင်ငံကိုခြားထားတဲ့ သောင်ရင်းမြစ်။
ဆရာကြီး ခေါင်လန်ဖုန်း ချင်းလူမျိုး။ အဆင့်က ဒုအရာခံဗိုလ်။ အမဲပစ်တအားတော်တယ်။ ရန်သူ့အခြေအနေက မထူးခြား။ ဒါကြောင့် ပေးကြိုလိုက်၊ လှုပ်ရှားထွက်လိုက်နဲ့ ကြာတော့ရိက္ခာပြတ်လာတယ်။ ဆရာကြီးက ဂျီသရီးသေနတ်ဆွဲပြီး ရောက်လာတယ်။ ဟေ့ကောင်လေး..ငါနဲ့ လိုက်ခဲ့။ တပ်ခွဲမှူးကို ငါသတင်းပို့ ပြီးပြီ။ ဒါနဲ့ကျွန်တော်လည်း ဂျီတူးဆွဲပြီး ဆရာကြီးနဲ့တောပစ်ထွက်ခဲ့တယ်။ အချိန်က မနက် ၈နာရီ။ စခန်းက ထွက်ပြီး ၁၅မိနစ်လောက်ဘဲရှိသေးတယ်။ အရှေ့ကသွားနေတဲ့ ဆရာကြီးက လက်ကာပြတယ်။ ပြီးတော့ အရှေ့ကို လက်ညှိုးထိုးပြတယ်။ ရန်သူများလားဆိုပြီး ကျွန်တော်ရင်ထိတ် သွားတယ်။ လိုက်ကြည့်တော့ ဘာမှမတွေ့ဘူး။ ဆရာကြီးက သစ်ပင်ဘေးနားကပ်ပြီး ဂျီသရီးကို ပုခုံးထောက်ပြီး ချိန်လိုက်တယ်။ ပြီးတော့ ဖြေးညင်းစွာ ခလုတ်ကိုဆွဲလိုက်တယ်။ ဒိန်း..၇.၆၂ ကျည် ယမ်းပေါက်ကွဲသံကြားရပြီး နောက် ဆရာကြီးက လက်မထောင်ပြ တယ်။ သဘောက အိုကေပေါ့။ ဒီအချိန်ထိ ကျွန်တော်ဘာကိုပစ်လိုက် မှန်းမသိ။ ရန်သူလား သားကောင်လား ဆိုတာမသိသေး။ ရှေ့ကို ကိုက် ၁၀၀ လောက်ဆက်တက်သွားတော့မှ ဂျီတစ်ကောင် လက်ပြင်ကိုမှန်ုပြီး လဲနေတာ။ အလေးချိန်အားဖြင့် ၁၀ ပိသာလောက်ရှိမည်။ ဒီနေ့အတွက်တော့ စခန်းကလူတွေ ဟင်းစားဖူလုံသွားပြီပေါ့။ ဆရာက မုဆိုးသဘာဝအတိုင်း ဂျီရဲ့လျှာ၊ နားရွက်နဲ့အမြီးကို စတိသဘောဓားနဲ့လှီးပြီး တောတောင်စောင့်နတ်တွေကို ပူဇော်ပသတယ်။ ဒါနဲ့ ခြေထောက်နှစ်ဖက်ကြိုးနဲ့ချည်။ ဝါးလုံး လျှိုထမ်းကာ ဆရာတပည့်နှစ်ယောက် ရင်ကော့ပြီး စခန်းကိုပြန်ခဲ့ကြတယ်။
စခန်းရောက်တော့ သားကောင်ကိုဖျက် ပြီးတော့ တပ်စိတ်တွေကို ညီတူမျှတူဝေ ခိုင်းလိုက်တယ်။ ဒီနေ့မနက် ထမင်းစားတာကတော့ အမြိန်ဆုံးပါဘဲ။ အသားမစားရတာကြာပြီလေ။

ထမင်းစားပြီး နေ့လည် ၁၁နာရီခွဲလောက်ကျတော့ ဂျီသရီးကြီး ဆွဲပြီးဆရာကြီးထပ်ရောက်လာတယ်။ ကောင်လေး..ငါထပ်သွားလိုက်အုံးမယ်။ မင်းမလိုက်နဲ့တော့ဆိုပြီး စခန်းအောက်ကို ဆင်းချသွားတယ်။ ညနေ ၅ နာရီထိုးတဲ့အထိ ဆရာကြီး စခန်းပေါ်ပြန်တက်မလာ။ စခန်းကလူတွေ စိတ်ပူစပြုလာပြီ။ အထူးသဖြင့် တပ်ခွဲမှူးပေါ့။ စခန်းဟိုဖက် ထိပ်၊ ဒီဖက်ထိပ် ခေါက်တုံ့ခေါက်ပြန် လျှောက်ရင်း ဟေ့...မလာသေးဘူးလား။ ဒီလူတော့ခက်တော့တာဘဲ။ မိုးသာချုပ် သွားတယ်။ ဆရာကြီးကပြန်ပေါ် မလာတော့။ တပ်ခွဲမှူးက ဟေ့..ဆရာကြီုးကြည်လွင် တပ်စိတ် ၁စိတ်ခေါ်သွား။ တွေ့တယ်ဆိုရင် အချက်ပြမီးကျည်ပစ် ဆိုပြီး လွှတ်လိုက်တယ်။ စခန်းကလူတွေ က ဂျီသရီးကို မိုးပေါ်ထောင်ပြီး တဖုန်း..ဖုန်းနဲ့ပစ်ပြီး အသံအချက်ပြပေး တယ်။ အဲဒီတညလုံး စခန်းကလူတွေ ဘယ်သူမှအိပ်လို့မရ၊ စိုးရိမ်စိတ်တွေနဲ့ ရန်သူများ ဖမ်းသွားပြီလား။ မနက် ၁ နာရီခွဲ လောက်ကျတော့ ထွက်သွားတဲ့ ဆရာကြီး ကြည်လွင်နဲ့အဖွဲ့ စခန်းပေါ် ပြန်တက်လာတယ်။ သို့သော် ဆရာကြီး ခေါင်လန်ဖုန်းတော့ ပြန်ပါမလာခဲ့။ တပ်ခွဲမှူးစိတ်ဓာတ်အကြီးအကျယ် ကျသွားတယ်။ ရန်သူဖမ်းပြီး အသတ်ခံရ လေပြီ။

မနက်မိုးလင်းလို့ ၇ နာရီလောက်ရှိတဲ့ အချိန်မှာ စခန်းကုန်းပေါ်ကို လူတစ်ယောက်တက်လာတယ်။ ကင်းသမားက သေချာပြူးပြဲကြည့်တော့ မှ ဆရာကြီး ခေါင်လန်ဖုန်း။ ကင်းသမားလှမ်းအော်တယ်။ ဟေး...ဆရာကြီး ခေါင်လန်ဖုန်းပြန်လာုပြီကွ။ စခန်းတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ကုန်တယ်။ တပ်ခွဲမှူးက သောက်သုံး မကျတဲ့လူကြီး။ ခင်ဗျားကြောင့် ကျုပ်တို့ ဘယ်လောက် စိတ်ပူရလဲသိလားဆိုပြီး ဂရုနာ၊ ဒေါသောနဲ့ ဆူပူကြိမ်းမောင်းတော့တယ်။ ဆရာကြီး လည်း ကိုယ့်အပြစ်နဲ့ကိုယ်မို့ ခေါင်းငုံ့ခံရုံ။

အားလုံးပြီးသွားတော့မှ ကျွန်တော့်က ဆရာကြီးကိုမေးကြည့်တော့ ငါမှာကွာ စခန်းကဆင်းပြီး တော်တော်နဲ့သားကောင်မတွေ့ဘူး။ ဆက်လိုက်ဆက်လိုက်ရင်း စခန်းနဲ့လည်း တော်တော်ဝေးလာပြီ။ အချိန်က ငါးနာရီလောက်ရှိမှာပေါ့။ ဂျီ ၁ကောင်တွေ့တော့ ပစ်လိုက်တာရတယ်။ ဂျီကိုထမ်းပြီး လျှောက်ရင်း မိုးချုပ်သွားပြီ။ ငါ့အသက်က ၅၈နှစ်ရှိပြီကွ။ ဘာမှမမြင်ရတော့ဘူး။ ဂျီကိုလည်းယူလို့ မဖြစ်တော့ဘူး။ ငပွေးတွေဖမ်းသွားမှာလည်း စိုးရိမ်တာနဲ့ သစ်ပင်ကြီး တစ်ပင်ပေါ်တက်ပြီး ခွဆုံမှာ တက်အိပ်တာ။ မနက်မိုးလင်းမှ ထလာတာကွဟုဆိုပြီး သူု့ဖြစ်စဉ်ကို ရှင်းပြတယ်။ ဒီတော့မှ ကျွန်တော်အပါအဝင် ဘေးနားကရဲဘော်တွေက ဖြစ်ရလေ ဆရာကြီးရယ်။ မသေကောင်း မပျောက် ကောင်းဆိုပြီး ဟင်း...ကနဲသက်ပြင်းချ နိုင်ပါတော့တယ်။

No comments:

Post a Comment